မြန်မာပြည် မြောက်ပိုင်း ကချင်ပြည်နယ်အတွင်း လူထုအခြေပြုမူးယစ်တိုက်ဖျက်ရေးအဖွဲ့ Pat Jasan က ဝိုင်းမော်မြို့နယ် ချီဖွေ၊ ဆဒုံ၊ ကန်ပိုင်တီစသည့် ဒေသများမှ ဘိန်းခင်းများကို ဖျက်ဆီးရန် ကြိုးပမ်းခဲ့ရာ ဘိန်းတောင်သူများနှင့် ထိပ်တိုက်တွေ့ပြီး သွေးထွက်သံယို ဖြစ်လာနေမှုက နာတာရှည် မြန်မာ့ဘိန်းစိုက်ပျိုးထုတ်လုပ်မှုကို ပြန်လည် အာရုံစိုက်လာစေခဲ့ပြန်သည်။
ကချင်နှစ်ခြင်းအသင်းတော်မှ ကမကထပြု ထောက်ပံ့ဖွဲ့စည်းခဲ့သော Pat Jasan အဖွဲ့သည် ဘိန်းဖြူသုံးစွဲမှု အန္တရာယ် ကြီးမြင့်နေသော ကချင်ပြည်နယ်တွင် လွန်ခဲ့သည့် ၂ နှစ်က စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။ ယင်းအဖွဲ့ဝင်များက ဘိန်းစေးခြစ်ချိန်နှင့် တိုက်ဆိုင်ပြီး ဘိန်းခင်းများကို လိုက်လံဖျက်ဆီးနေသောကြောင့် ဘိန်းစိုက်ပျိုးထုတ်လုပ်နေသည့် ဘိန်းတောင်သူများ၊ တဖက်နိုင်ငံမှ ဘိန်းလာစိုက်သူများ၊ နယ်မြေခံ ပြည်သူ့စစ်များနှင့် နယ်ခြားစောင့်တပ်များ၏ ခုခံတိုက်ခိုက်မှုဖြင့် ကြုံတွေ့ခဲ့ရခြင်းဖြစ်သည်။
ယင်းထိပ်တိုက်တွေ့မှုနှင့် ပတ်သက်ပြီး ပြည်သူ့လွှတ်တော်တွင်လည်း အရေးပေါ်အဆိုတင်သွင်း ဆွေးနွေးခဲ့သလို Pat Jasan အဖွဲ့ကို ကနဦး တားမြစ်ခဲ့သော မြန်မာ့တပ်မတော်ကလည်း “တိုင်းရင်းသား အချင်းချင်း ပြဿနာဖြစ်ပွားမည်ကို စိုးရိမ်သောကြောင့်”ဟု အကြောင်းပြခဲ့သည်။ ဘိန်းစိုက်ပျိုးထုတ်လုပ်မှုသည် ဆင်းရဲမွဲတေမှုကြောင့် ဖြစ်ပြီး ဘိန်းခင်းဖျက်ဆီးရုံဖြင့် ဘိန်းသံသရာ မပြတ်နိုင်ဟု စောင့်ကြည့်လေ့လာသူအချို့က ဝေဖန်ပြောဆိုကြသည်လည်း ရှိသည်။ သို့သော် ဘိန်းသံသရာမှ မည်သို့ရုန်းထွက်ကြမည်ကို မည်သူကမှ အသေအချာ ဆွေးနွေးတင်ပြခြင်း မရှိသေးပါ။
ဘိန်းစိုက်ပျိုးထုတ်လုပ်နေမှုကြောင့် မြန်မာနိုင်ငံသည် အာဖဂန်နစ္စတန်ပြီးလျှင် ကမ္ဘာပေါ်တွင် ဒုတိယ ဘိန်းထွက် အများဆုံးနိုင်ငံဟု နာမည်ဆိုးဖြင့် ကျော်ကြားနေရုံသာမက ၂၀၁၅ အာဆီယံ ဘိန်းကင်းစင်ရေး မဖြစ်လာဘဲ ဘိန်းဖြူ ချက်လုပ် ရောင်းချမှုနှင့် မူးယစ်ဆေးဝါးသုံးစွဲမှုက ဒေသအတွင်း မြင့်တက်လာနေခဲ့သည်။ စိတ်ကြွဆေးနှင့် ဟီးရိုးအင်း သုံးစွဲမှုကလည်း ကချင်လူငယ်များအကြား ကြီးထွားပြန့်နှံ့လာခဲ့ပြီး ဖားကန့် ကျောက်စိမ်းတွင်းများတွင် အဆိုးဝါးဆုံး ဖြစ်လာခဲ့သည်မှာ မည်သူမှ ငြင်းပယ်၍ မရနိုင်သော အချက်ပင်။
ယင်းသို့ ပျက်ဆီးဆုံးရှုံးခဲ့ရသော ပုဂ္ဂလိက အသက်၊ ဘဝ၊ ဂုဏ်သိက္ခာ၊ မိသားစု ဆက်ဆံရေးနှင့် လူမှုစီးပွားရေးမှအစ နိုင်ငံတော်အဆင့် အကျင့်ပျက်ခြစားမှုနှင့် နိုင်ငံ့ဘဏ္ဍာ ပြုန်းတီးမှုထိ မျိုးဆက်နှင့်ချီ ကြာမြင့်လာပြီဖြစ်သည့် ဘိန်းနှင့် မူးယစ် သံသရာကို ဖြတ်တောက်ပစ်ရန် အချိန်တိုင်ပြီဖြစ်သည်။ ဘိန်းစိုက်ပျိုးထုတ်လုပ်နေမှုသည် ဆင်းရဲမွဲတေမှုနှင့် စားနပ်ရိက္ခာ မလုံလောက်မှုကြောင့်ဟူသော အကြောင်းပြချက်မှာလည်း ရေတိုသာဖြစ်သင့်ပြီး ရေရှည်ဖြစ်လာနေခြင်းကို မည်သို့မျှ လက်ခံနိုင်စရာ မရှိပေ။
ထို့ကြောင့် ရပ်ကျေးအဆင့်မှသည် နိုင်ငံတကာအဆင့်ထိ ဘက်ပေါင်းစုံ သက်ဆိုင်ရာ ကိုယ်စားလှယ်များ ပါဝင်သော အလုပ်ရုံ ဆွေးနွေးပွဲများမှတဆင့် ဘိန်းပပျောက်ရေး အမှန်တကယ် အကောင်အထည်ဖော်မည့် မူဝါဒနှင့် ဘဏ္ဍာငွေ ရှာဖွေကြရန် လိုပြီဖြစ်သည်။ အချိန်ဇယားနှင့် ရလဒ်အပေါ် အခြေပြုသော လုပ်ထုံးလုပ်နည်းကို အခြေပြုရန်လည်း လိုသည်။ မူးယစ်ဆေးစွဲသူများနှင့် လက်လီ ရောင်းဝယ်ဖောက်ကားသူများကိုသာ ဖမ်းဆီးပြီး လက်ကားစိုက်ပျိုးထုတ်လုပ်ရောင်းဝယ်နေမှုများကို လျစ်လျူရှုထားသော ဟန်ပြလုပ်ဆောင်နေခြင်းကိုလည်း ရပ်တန့်သင့်ပြီ။
ယင်းသို့ မဟုတ်ပါက အကျင့်ပျက်ခြစားမှု၊ ရာဇဝတ်မှု၊ အကြမ်းဖက်မှု၊ လူ့ဂုဏ်သိက္ခာ ပျက်ယွင်းမှုတို့ကို ဖြစ်ပွားစေပြီး လက်နက်ကိုင်ပဋိပက္ခများကို မီးထိုးပေးနေသော ဘိန်းနှင့် မူးယစ်မှောင်ခိုကုန်ကူးမှုလုပ်ငန်း ဝဲဂယက်မှ မြန်မာ့လူ့အဖွဲ့အစည်း ရုန်းမလွတ်နိုင် ဖြစ်တော့မည်။ မူးယစ်ဆေးဝါးဖြင့် နာမည်ဆိုးနေသော နိုင်ငံနှင့် နိုင်ငံသားတို့သည် ဒီမိုကရေစီ၊ ငြိမ်းချမ်းရေးနှင့် ခေတ်မီဖွံ့ဖြိုးသော နိုင်ငံတော်သစ်ကို မတည်ဆောက်နိုင်ပေ။