ပြည်ထဲရေးကြောင့် နိုင်ငံရေးအကျဉ်းသား ပြန်တိုးလာနေသည်

ဘိုကြည်

This article has been converted from Zawgyi One to Unicode

ပြီးခဲ့သည့် ၂၀၁၅ ခုနှစ် နိုဝင်ဘာ ၈ရက် ရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင် သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို မြန်မာပြည်သူများက တခဲနက် ရွေးချယ်ခဲ့ကြသည်။ ထိုသို့ ရွေးချယ်ခဲ့ခြင်းမှာ နိုင်ငံရေးအကျဉ်းသား ခြွင်းချက်မရှိ ပြန်လည်လွတ်မြောက်ရေး၊ မတရားသဖြင့် အဖမ်းအဆီးများ လျော့ပါးစေရေး၊ ငြိမ်းချမ်းရေး၊ အမျိုးသားပြန်လည်ရင်ကြားစေ့ရေး စသည့် တိုင်းပြည်တွင်း ရင်ဆိုင်နေရသည့် ပြဿနာ များကို ဒီ/ချုပ် အနေဖြင့် ဦးဆောင်ဖြေရှင်းနိုင်စေရန် မျှော်လင့်ကြခြင်းဖြစ်ပေသည်။

သို့သော်လည်း တပ်မတော်ဘက်မှ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ သတ်မှတ်ထားသော တဖက်သတ် လုပ်ပိုင်ခွင့်များကို ပြုပြင်ပြောင်းလဲခြင်း၊ လျှော့ပေးခြင်းမရှိဘဲ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော NLD အစိုးရသစ်အနေဖြင့် ပြုပြင် ပြောင်းလဲမှုများကို အောင်မြင်အောင် လုပ်ဆောင်ရန် ခက်ခဲပေမည်။

ဇန်နဝါရီလထဲမှာပင် တက်ကြွလှုပ်ရှားသူ ၁၉ ယောက် ဖမ်းဆီးခံခဲ့ရပြီး၊ ၆ ဦးမှာ ပြစ်ဒဏ်ပေးခံခဲ့ရကာ၊ ၄၅ ဦးမှာ နောက် ထပ်ပုဒ်မများဖြင့် ထပ်မံတရားစွဲဆိုခြင်းများ ခံခဲ့ရပါသည်။ ပြန်လည်လွတ်မြောက်သူ တဦးတည်း ရှိပါသည်။

ထပ်မံ ဖမ်းဆီးခံရသူများထဲတွင် ရွှေဝါရောင်တော်လှန်ရေး၌ ဦးဆောင်ပါဝင်ခဲ့ခြင်းကြောင့် ထိန်းသိမ်းခံခဲ့ရပြီး ထင်ရှားသည့် နိုင်ငံရေးအကျဉ်းသားဟောင်းဖြစ်သူ ဦးညီညီလွင်(ခ) ဦးဂမ္ဘီရ နှင့် ၈၈မျိုးဆက်အဖွဲ့မှ ထင်ရှားသည့် နိုင်ငံရေးအကျဉ်းသူ ဟောင်း မနီလာသိန်းတို့လည်း ပါဝင်ပါသည်။

ဦးညီညီလွင်သည် ၂၀၀၇ ခုနှစ် နောက်ပိုင်းဖမ်းဆီးခံခဲ့ရစဉ် နှိပ်စက်ညှင်းပမ်းမှုများခံခဲ့ရခြင်းကြောင့် ပြန်လည်လွတ်မြောက် လာပြီး နောက်ပိုင်း စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး ဆိုးဆိုးရွားရွား ခံစားနေရသူ ဖြစ်ပါသည်။ ထောင်မှ လွတ်လာပြီးကတည်း က သူ့ကို ထောက်လှမ်းရေးများက စောင့်ကြည့်မှုများရှိခဲ့သည်။ လာဖမ်းတော့မည်ဟု အမြဲတမ်း စိုးရိမ်သံသယစိတ်ဖြင့် နေ နေခဲ့ရသူလည်း ဖြစ်ပါသည်။ ထောင်တွင်းရရှိခဲ့သော စိတ်ပိုင်းဆိုင်ရာဒဏ်ရာများကို ထိုင်းနိုင်ငံသို့ သွားရောက်ပြီး ဆေးဝါး ကုသခံနေသူဖြစ်ပါသည်။ ထိုသို့ နေထိုင်ရင်း တရားဝင် ပတ်စပို့ ပြန်လျှောက်ရန် မြန်မာနိုင်ငံသို့ ပြန်ဝင်လာစဉ် ဖမ်းဆီးခံရ ခြင်း ဖြစ်ပါသည်။

ထိုသို့ ပတ်စပို့ပြန်လျှောက်သည်ဆိုရာမှာလည်း ထိုင်းနိုင်ငံတွင် သို့မဟုတ် အခြားသော နိုင်ငံများတွင် လိုအပ်သော ဆေးဝါး ကုသမှုခံယူရန်သာဖြစ်ပါသည်။ ထိုသို့ အခြေအနေရှိသောသူတယောက်ကို တရားမဝင်နိုင်ငံဖြတ်ကျော်မှု ဥပဒေဖြင့် တရား စွဲဆိုသည်မှာ လွန်စွာ ရက်စက်ရာ ရောက်ပေသည်။

ထို့အပြင် မနီလာသိန်းကို စွဲချက်တင်သော (ပုဒ်မ၁၈) ငြိမ်းစုစီဥပဒေသည်လည်း နောက်ကြောင်းပြန်သက်ရောက်မှု ဖြစ် နေသလား ဆိုသည်ကို မေးခွန်းထုတ်ရပေတော့မည်။ လွန်ခဲ့သောနှစ်က ဖြစ်ပွားခဲ့သော ဖြစ်ရပ်ကို ဖြစ်ဖြစ်ချင်း တရားမစွဲ ဘဲ ယခုအချိန်မှ တရားစွဲဆိုသည်မှာ ဥပဒေပုဒ်မများကို လိုရင်လိုသလို မလိုရင်မလိုသလို အသုံးချနေသော ပြည်ထဲရေး ဝန်ကြီးဌာန၏ လုပ်ရပ်ကို ထင်ရှားစေပါသည်။

၂၀၁၅ ခုနှစ် ဖေဖေါ်ဝါရီလအတွင်းက ပညာရေးဆိုင်ရာ ဥပဒေပြောင်းလဲလိုခြင်းကြောင့် ငြိမ်းချမ်းစွာ ဆန္ဒပြရင်း ဖမ်းဆီးခြင်း ခံခဲ့ရသည့် ထင်ရှားသော ကျောင်းသားခေါင်းဆောင်များ ဖြစ်ကြသည့် ဖြိုးဖြိုးအောင်၊ ကျော်ကိုကိုနှင့် နန္ဒာစစ်အောင်တိ့ုမှာ လည်း ကမ္ဘာ့ စံချိန်ဝင်နိုင်လောက်သည့် ပုဒ်မများဖြင့် တရားစွဲဆိုခြင်း ခံနေရသည်။ ပုဒ်မများ ထပ်ထပ် တိုးခံ နေရသည်။ နန္ဒာစစ်အောင်သည် ပုဒ်မပေါင်း ၈၀ခန့်ဖြင့် အမှုရင်ဆိုင်နေရပေသည်။ ထိုနည်းတူ ဖြိုးဖြိုးအောင်မှာ အမှုပေါင်း ၂၄ မှုနှင့် ကျော်ကိုကိုသည်လည်း အမှုပေါင်း ၂၀ ဖြင့် ရင်ဆိုင်နေရပေသည်။

ထိုသို့ တက်ကြွလူပ်ရှားသူများကို ပုဒ်မပေါင်း မြောက်မြားစွာဖြင့် တရားစွဲဆိုခြင်း၊ တရားစီရင် စစ်ဆေးနေရာတွင်လည်း လွန်စွာမှ ကြာမြင့်နေခြင်းသည် ပြည်ထဲရေးဝန်ကြီးဌာနအနေဖြင့် ရည်ရွယ်ချက်ရှိရှိဖြင့် နောက်လူများ ထပ်မံအရေးဆို လှုပ် ရှားခြင်း မပြုနိုင်အောင် အကြောက်တရားကို ဖန်တီးနေပုံရပါသည်။

ထို့အပြင် ထိန်းသိမ်းခံနေရသူများနှင့် သူတို့၏ မိသားစုများ၊ ထောက်ခံအားပေးနေသူများအတွက် စိတ်အနှောင့်အယှက် ဖြစ်အောင်၊ ရုံးချိန်းများ ရွှေ့ဆိုင်းခြင်း၊ ပုဒ်မများ ထပ်တိုးခြင်းများပြုလုပ်နေခြင်းမှာ ထိန်းသိမ်းခံရသူများနှင့် မိသားစုဝင်များ ကုန်ကျစရိတ်များပြီး ရေရှည် စိတ်ဓာတ်ကျဆင်းစေရန် ရည်ရွယ်နေပုံလည်း ဖြစ်ပါသည်။
ပုဒ်မ၁၈ ခေါ် ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေသည် ပြည်ထဲရေးဝန်ကြီး ဌာန အနေဖြင့် တက်ကြွလှုပ်ရှားသူများကို ဖိနှိပ်ရန် အသုံးပြုနေခြင်းဖြစ်ပေသည်။

မနီလာသိန်းကို ဝရမ်းပြေးအဖြစ် ကြေညာ ခြင်းသည်လည်း ရဲတပ်ဖွဲ့အနေဖြင့် သူ့တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်ခြင်းမရှိဆိုသည်ကို မီးမောင်းထိုးပြနေသလို ဖြစ်ပါ သည်။ ဝရမ်းပြေးအဖြစ်ကြေညာခံရသော မနီလာသိန်းသည် ထွက်ပြေးတိမ်းရှောင်ခြင်းမရှိဘဲ ဒုက္ခရောက်သူများကို ကူညီ ဖြေရှင်းပေးနေရင်း သူ့အိမ်တွင် နေထိုင်နေသူသာဖြစ်ပါသည်။

ယခုလို NLD အစိုးရသစ်ကို အာဏာလွှဲပြောင်းခါနီးအချိန်တွင် ယခင် စစ်တပ်အုပ်ချုပ်စဉ်က ကျင့်သုံးခဲ့သော နည်းလမ်း ဟောင်းများကို ဆက်လက်အသုံးပြုပြီး တက်ကြွလှုပ်ရှားသူများကို ဖမ်းဆီးခြင်း၊ ဖိနှိပ်နေခြင်းများ ရပ်တန့်သင့်ပါသည်။ ၂၀၀၈ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပြည်ထဲရေးဝန်ကြီးဌာနသည် ကာကွယ်ရေးဦးစီးချုပ်၏ လက်အောက်တွင် ရောက် ရှိနေခြင်းမှာလည်း အနာဂတ် တရားဥပဒေစိုးမိုးရေးနှင့် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးအတွက် စိုးရိမ်ဖွယ်ရာ ဖြစ်နေသည်။

မြန်မာနိုင်ငံသူနိုင်ငံသားများက တိုင်းပြည်ကိုအုပ်ချုပ်ရန် ဒေါ်အောင်ဆန်းစုကြည် နှင့် NLD ပါတီကို တာဝန်ပေးအပ်ခဲ့သော် လည်း ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ အစိုးရဖွဲ့နိုင်မည်ဖြစ်သည်။ သို့သော်လည်း လုပ်ပိုင်ခွင့်မှာ အကန့်အသတ် အနေ အထားဖြင့်ပင် ရှိနေပေမည်။

အကယ်၍ NLD အစိုးရအနေဖြင့် နိုင်ငံရေးအကျဉ်းသားအားလုံး ခြွင်းချက်မရှိ လွတ်မြောက်ရေး၊ ပြည်တွင်း ငြိမ်းချမ်းရေး၊ တရားဥပဒေစိုးမိုးရေး၊ အမျိုးသားပြန်လည် ရင်ကြားစေ့ရေး ကိစ္စရပ်များ အကောင်ထည် ဖေါ်ဆောင်နိုင်ရန်အတွက်ဆိုလျှင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြောင်းလဲမှ ရပေမည်။

(ဘိုကြည်သည် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့ – မြန်မာနိုင်ငံ ၏ တွဲဖက်အတွင်းရေးမှူးဖြစ်သည်)

Loading