မြန်မာပြည် မြောက်ပိုင်း ကချင်ပြည်နယ်အတွင်း လူထုအခြေပြု မူးယစ်တိုက်ဖျက်ရေးအဖွဲ့(Pat Jasan)က ဝိုင်းမော်မြို့နယ် ချီဖွေ၊ ဆဒုံ၊ ကန်ပိုင်တီး စသည့် ဒေသများမှ ဘိန်းခင်းများကို ဖျက်ဆီးရန် ကြိုးပမ်းခဲ့ကြရာ ဘိန်းစိုက်တောင်သူများနှင့် ထိပ်တိုက် တွေ့ဆုံရာမှတဆင့် ၂ ဘက် ပဋိပက္ခများ ဖြစ်ပွားခဲ့သည်။
မြန်မာနိုင်ငံသည် နိုင်ငံတကာ အဖွဲ့အစည်းများ၏ စစ်တမ်းများအရ ဘိန်းစိုက်ပျိုး ထုတ်လုပ်မှုတွင် ထိပ်ဆုံးနေရာတွင် ရှိနေဆဲ ဖြစ်ပြီး မူးယစ်ဆေးဝါး ထုတ်လုပ်သူများ၊ ဖြန့်ဖြူး ရောင်းချသူများကို အစိုးရပိုင်းက အရေးယူမှုများ ပြုလုပ်နေသော်လည်း မူးယစ်ဆေးဝါး ထုတ်လုပ်ခြင်းနှင့် ရောင်းချခြင်းများမှာ လျော့ကျသွားခြင်း မရှိဟု သုံးသပ်မှုများ ရှိသည်။
ထို့ကြောင့် မူးယစ်ဆေးဝါးနှင့် ပတ်သက်သည့် အခြေအနေများကို သုံးသပ်နိုင်ရန် မြန်မာနိုင်ငံ မူးယစ် ဗဟို ရဲတပ်ဖွဲ့မှ အငြိမ်းစား ရဲမှူး ကြီးလည်းဖြစ် ထိုင်းနိုင်ငံအခြေစိုက် မယ်ဖာလုံ ဖောင်ဒေးရှင်း၏ မြန်မာနိုင်ငံဆိုင်ရာ ပရောဂျက်တခုဖြစ်သည့် မကွေးတိုင်း ရေနံချောင်းမြို့နယ် ဖွံ့ဖြိုးရေး စီမံကိန်း ဒါရိုက်တာလည်း ဖြစ်သူ ဦးခမ်းအောင်ကို ဧရာဝတီသတင်းဌာနမှ အကြီးတန်း သတင်းထောက် မေစစ်ပိုင်က တွေ့ဆုံ မေးမြန်းထားပါသည်။
မေး ။ ။ ဦးခမ်းအောင်အနေနဲ့ အစိုးရ အပါအဝင် ရဲတပ်ဖွဲ့က မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး လုပ်ဆောင်နေတဲ့ လက်ရှိ အခြေ အနေအပေါ် ဘယ်လိုသုံးသပ်မိပါသလဲ။
ဖြေ ။ ။ ဒီဘက်ကာလပိုင်းမှာ တားဆီးနှိမ်နင်းရေး အပိုင်းကို ရဲတပ်ဖွဲ့နဲ့ မိတ်ဘက်အဖွဲ့တွေ ပူးပေါင်းပြီး ဖမ်းဆီးတာ တွေ့ရတယ်။ ပြည်တွင်းမှာဆိုရင် စံချိန်တင် ဖမ်းမိတာအထိ တွေ့ရတယ်။ မူးယစ်ဆေးဝါး ပြဿနာ ဆိုတာကလည်း ကဏ္ဍတွေ အများကြီး ရှိပါတယ်။ တားဆီး နှိမ်နင်းရေး တခုတည်း လုပ်ဆောင်လို့တော့ မဖြစ်ဘူး။ ထုတ်လုပ်မှု၊ စိုက်ပျိုးမှုတွေ ရှိတယ်။ ဒါကို ဝယ်ပြီး သယ်ယူ ရောင်းချ သူ တွေ ရှိတယ်။ အဲဒါကို တားဆီးတာ ရှိတယ်။ ကိုယ့်ပြည်တွင်းကနေ နိုင်ငံတကာကို ထွက်သလား။ စုံစမ်းစစ်ဆေးနေတော့ အဲဒါတွေကို တော်တော်လေး အားစိုက်လုပ်လာတာက အားရစရာ ကောင်းပါတယ်။
သို့သော်လည်း တဖက်ကကြည့်ရင် ပြဿနာကို တဖက်စောင်းနင်း ကြည့်လို့မရဘူး။ စိုက်ပျိုးတဲ့သူတွေ ရှိမယ်။ သုံးစွဲတဲ့သူ ရှိမယ်။ ဈေး ကွက်ရှိတော့ သုံးစွဲသူ ပိုများလာတော့ ကဏ္ဍအစုံကို ဖြေရှင်းမှ ဒီပြဿာနာက ပိုပြီးအဆင်ပြေမယ်လို့ ထင်တယ်။ အခုကတော့ နည်း နည်းလေး တဖက်စောင်းနင်း ဖြစ်သလားလို့ ကျနော် သုံးသပ်မိတယ်။ တားဆီးနှိမ်နင်းရေးအပိုင်းမှာ ရလာဒ်တွေ ကောင်းပေမယ့် တ ဖက်က မလိုက်လာနိုင်ဘူး။ စိုက်တဲ့သူက စိုက်တုန်း၊ ထုတ်တဲ့သူကလည်း ထုတ်တုန်း၊ ရောင်းတဲ့သူကလည်း ရောင်းနေတုန်းပဲ ဆိုတော့ အဲဘက် အပိုင်းကို ဇောင်းပေးတာ နည်းနည်း အားနည်းတယ်ပေါ့လေ။ နောက်ပြီးတော့ သုံးစွဲတဲ့သူတွေဘက်ကိုလည်း ကျနော်တို့ ကာ ကွယ်တဲ့ အနေနဲ့ လူငယ်တွေဆိုရင် မူးယစ်ဆေးဝါးသုံးတာ တော်တော်လေးများလာတယ်ဆိုပြီး မိဘတွေက ရင်လေးကြတယ်လေ။ ပတ်ဝန်းကျင်မှာလည်း လွယ်လွယ်ကူကူ ရတယ်ဆိုတာ ဖြစ်လာတဲ့အတွက် ပညာပေးတာနဲ့ တားဆီးတာ ဟန်ချက်ညီဖို့ လိုတယ်။ အခုက တားဆီးတဲ့အပိုင်းက လုပ်ဆောင်တာ အားကောင်းပြီး ပညာပေးတာလည်း လုပ်ဖို့ လိုအပ်တယ်။
မေး ။ ။ မူးယစ်ဆေးဝါး ပြဿနာနဲ့ ပတ်သက်ပြီး နယ်စပ်ဒေသဘက်က အခြေအနေကိုရော ဘယ်လိုထင်မြင်ပါသလဲ။
ဖြေ ။ ။ နယ်စပ်ဒေသတွေမှာကျတော့ ရဲတွေအနေနဲ့အာဏာစက်က သိပ်မရှိဘူး။ ဝင်ရောက်လှုပ်ရှားဖို့က ခက်ခဲတယ်လေ။ မတော် တဆ ပဋိပက္ခဖြစ်ရင် ဖြေရှင်းရတာ ခက်ခဲတာပေါ့။ တပ်မတော်အနေနဲ့ကျတော့ သူတို့ကလည်း လက်နက်ကိုင် အဖွဲ့အစည်း ဖြစ်တယ်။ ဟိုဘက်ကလည်း လက်နက်ကိုင် အဖွဲ့အစည်း ဖြစ်တယ်။ နောက်ပြီး နယ်ခြားစောင့်တပ်၊ ပြည်သူ့စစ် စသည်ဖြင့်ရှိတော့ အဲဒီ အခြေအ နေက တော်တော်လေး ရှုပ်ထွေးတယ်။ တကယ်တမ်း ပြောရရင်တော့ မူးယစ်ဆေးဝါး လုပ်တဲ့သူတွေကလည်း အဲဒါကို အသုံးချချင်တာ ဖြစ်တယ်။ အဓိကကတော့ ခေတ်အဆက်ဆက်က နယ်စပ်တကျောမှာ ဘယ်သူမှ မထိန်းနိုင်ဘူး။ ဟိုဘက်က လူတွေလာသလို ဒီဘက် ကလည်း သွားနေကြတော့ ဒါကို အခွင့်ကောင်းယူတာပဲ။ ဒါကြောင့် ပြဿနာတွေက ဒီလို ဖြစ်နေတာပဲ။ အခု ကချင်မှာ ဖြစ်တာကျတော့ လူထုကမခံနိုင်လို့ ရှေ့ထွက်လာတာပဲ။
မေး ။ ။ ကချင်ပြည်နယ်မှာ လတ်တလော ဖြစ်သွားတဲ့ လူထုအခြေပြု မူးယစ်တိုက်ဖျက်ရေးအဖွဲ့(Pat Jasan)အဖွဲ့နဲ့ ဘိန်းစိုက် တောင်သူတွေအကြားက ဖြစ်သွားတဲ့ ပြဿာနာကိုကျတော့ ဦးခမ်းအောင်အနေနဲ့ ဘယ်လို သုံးသပ်မိပါသလဲ။
ဖြေ ။ ။ တကယ်တော့ ဘိန်းစိုက်ပျိုးတာနဲ့ ပတ်သက်ပြီး နိုင်ငံတော်မှာ ဥပဒေ ရှိတာပေါ့။ ဥပဒေနဲ့သွားရင်တော့ နိုင်ငံတော် အစိုး ရမှာလည်း တာဝန်ရှိတယ်လေ။ ဥပဒေကြောင်းအရ ဘိန်းစိုက်ပျိုးတယ်ဆိုရင် ပုဒ်မ ၁၆၊ ၁၇ တွေက ထောင်ဒဏ်တွေက ၁၀ နှစ် အ ထက်ရှိတယ်ဆိုတော့ များတယ်။ နယ်စပ်ဒေသတွေမှာ စိုက်ပျိုးတာတွေကို ဖျက်ဆီးတယ်။ တားဆီးတယ်။ အဲလို စစ်ဆင်ရေးက ဟို ဘက်ခေတ်ကတည်းက လုပ်ကြပေမယ့် ပြန်ပြီး ခိုးစိုက်ကြတာပဲလေ။ အဲဒါကြောင့် မူးယစ်ဆေးဝါး ပြဿနာကိုကြည့်ရင် တားဆီး နှိမ်နင်းရေး တခုတည်း ကြည့်ပြီးသွားဖျက်နေလို့ အဖြေမဟုတ်ဘူး။ ဒီဒေသက ဒီလူတွေက သူတို့ရဲ့ စားဝတ်နေရေးအတွက် လုပ် နေကြတာ။ ကြားက ပွဲစားတွေနဲ့တဆင့် လုပ်နေတဲ့သူတွေက စီးပွားရေးအနေနဲ့ လုပ်နေကြတာ။
တကယ်စိုက်တဲ့ တောင်သူတွေက အဲလောက်အကျိုးအမြတ် မရှိဘူး။ တဖက်ကလည်း အဲဒီလိုတိုက်ဖျက်မယ်ဆိုရင် ဘယ်လို လုပ်ကြမ လဲဆိုတဲ့ ပြဿနာကို ကြည့်ဖို့လိုတယ်။ နယ်စပ်ဒေသ ဖွံ့ဖြိုးရေးလုပ်ဖို့ကိုတော့ ဝန်ကြီးဌာနအနေနဲ့ နိုင်ငံတော် ဘတ်ဂျက်တွေ အများ ကြီးသုံးပြီး လုပ်နေကြတာပဲလေ။ ဘိန်းစိုက်တောင်သူတွေ ဘိန်းစိုက်တဲ့နေရာတခုကို ဖွံ့ဖြိုးတိုးတက်အောင် တကယ် လုပ်ပေးနိုင်မယ် ဆိုရင် ဒီပြဿနာက အဲလောက်ထိ ကြီးစရာ အကြောင်း မရှိဘူး။ တဖက်ကလည်း ဒီဘိန်းစိုက်တောင်သူတွေက ဒီဘိန်းမှ မစိုက်ရင် တောင်ပေါ်ဒေသမှာ လုပ်စရာက တောင်ယာစပါးပေါ့။ တဧက မှ တင်း ၄၀ လောက်ပဲရတော့ မိသားစုအနေနဲ့ စားဝတ်နေရေးက နှစ်ဝက်လောက်အထိပဲ ဖူလုံမှာလေ။ ကျန်းမာရေး၊ အဝတ်အစား အသက်မွေးဝမ်းကြောင်းအတွက်က ဘိန်းစိုက်မှဖြစ်မယ့် အနေ အထားဖြစ်နေတော့ သူတို့ကိုလည်း အပြစ်သွားပြောနေလို့ မရဘူး။
နိုင်ငံတော် ဥပဒေရှိတယ် ဆိုပေမယ့် သူတို့ကိုသွားပြီး ဖမ်းချုပ်နေလို့တော့ မရဘူး။ တခါမှလည်း ဖမ်းချုပ်တာ မရှိခဲ့ဘူး။ ဥပဒေအရ ဖမ်း ချုပ်လို့ ရပေမယ့် တဖက်ကလည်း ဒေသဖွံ့ဖြိုးရေးက လုပ်နေဆဲဆိုတော့ ဘိန်းကိုသွားဖျက်လိုက်ရင် သူတို့ကို သတ်လိုက်တာနဲ့ အတူ တူပဲ။ အခြားနည်းနဲ့ အသက်မွေးဝမ်းကြောင်း လုပ်ငန်းကို နိုင်ငံတော်အစိုးရက ဖြေရှင်းတာ မလုပ်ပေးနိုင်ရင် သွားပြီး မဖျက်သင့်ဘူး။
မေး ။ ။ တချို့ကလည်း စားဝတ်နေရေး ဖြေရှင်းဖို့ စိုက်ရတယ်ပေါ့။ ဒါပေမယ့် တဖက်မှာလည်း စီးပွားရေးလုပ်ငန်း တခုအနေနဲ့ လုပ် ဆောင်နေကြတာတွေလည်း ရှိနေတယ်ဆိုတော့ အဲဒီအပေါ်မှာရော ဘယ်လိုမြင်ပါသလဲ။
ဖြေ ။ ။ ဒါကို အကျိုးအမြတ်ထုတ်ပြီး လုပ်နေတဲ့သူတွေလည်း ရှိတယ်။ ရိုးရိုးစင်းစင်းလေး ကြည့်ရင်တော့ ဘိန်းစိုက် တောင်သူတွေ က သူတို့ရဲ့ အသက်မွေးဝမ်းကြောင်းအတွက် လုပ်နေရတယ်ဆိုတာ ထင်ရှားပါတယ်။ အဲဒီမှာမှ တချို့က စီးပွားဖြစ်စိုက်တာ ရှိတယ်။ မြို့ ပေါ်က လူတွေက အရင်းအနှီးပေးပြီး စိုက်ခိုင်းတာတွေ ရှိတယ်။ တခြားနိုင်ငံတွေကလည်း အရင်းအနှီးပေးပြီး စိုက်ခိုင်း၊ သီးနှံပေါ်ချိန် ရောက်ရင် အိမ်ထိပစ္စည်း လာကောက်တယ်။ ငွေလည်း ကြိုပေးထားတာကိုး။ အဲဒီလိုဆိုတော့ တဖက်ကတော့ ဘိန်းစိုက် တောင်သူ တွေက စားဝတ်နေရေး အဆင်ပြေတယ်။ တဖက်ကလည်း စီးပွားရေး အဆင်ပြေသွားတယ်။ ဒါကြောင့် ဒေသဖွံ့ဖြိုးရေး လုပ်ဖို့တော့ လိုတယ်။ အခုက နှစ်နဲ့ချီနေပြီ။ စီးပွားဖြစ် လုပ်နေတာက။
ကမ္ဘာက မူးယစ်ဆေးက မြန်မာက နာမည်ကျော်နေတော့ ဒီဖွံ့ဖြိုးရေးကို မလုပ်ပေးနိုင်သေးလို့ပါ။ နှစ်ပေါင်းကြာအောင် နိုင်ငံတော်က အ ရင်းအနှီး ထုတ်ပြီး လုပ်နေတာ ရှိပေမယ့် မအောင်မြင်ဘူး။ အဲဒီကြားထဲ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကလည်း ပါလာတော့ ပို ပြီးတော့ Sensitive(ထိလွယ်ရှလွယ်) ဖြစ်လာတာပေါ့။ သို့သော်လည်း အစိုးရက ဆောင်ရွက်ပေးရမည့် လုပ်ငန်း ရှိတယ်။ ဒါက အရင် အစိုးရ လက်ထက်ကတည်းက ချမှတ်ပေးပြီးသား ဒါပေမယ့် တကယ်တမ်း အကောင်အထည်ဖော်ဖို့ အခက်အခဲ ရှိနေတယ်။ ဘိန်းစိုက် တောင်သူတွေကို အချိန်တခုသတ်မှတ်ပြီး ဒေသဖွံဖြိုးရေးအတွက် ဝင်ငွေပေါ့။ အဲဒီဝင်ငွေက ဘိန်းစိုက်တာက ရတဲ့ဝင်ငွေလောက် မရ တောင် ဝမ်းစာဖူလုံအောင် ဘာတွေစိုက်မလဲ၊ ဘာတွေမွေးမလဲ၊ အစားထိုးငွေရအောင် ဘယ်လိုလုပ်ပေးမလဲ ဆိုတာမျိုးလုပ်ပေးဖို့ လိုအပ်တယ်။
ရောင်းဖို့အတွက်နေရာ၊ ဆက်သွယ်ရေး လမ်းကြောင်းတွေ လိုလာတယ်။ စိတ်ချရတဲ့ ဈေးကွက်တွေ လိုလာမယ်။ ဘယ်သူမှတော့ ဘိန်းကို စိုက်ချင်လို့ စိုက်နေတာ မဟုတ်ဘူး။ မကောင်းဘူးဆိုတာ သူတို့လည်း နားလည်တယ်။ ဒါကြောင့် လူထုက အဖွဲ့အစည်းတွေက ဘိန်းသွားဖျက်မယ်ဆိုတာ ဖြစ်လာတာပေါ့ ။ တဖက်က မခံနိုင်လို့ဖြစ်လာတာသည် နိုင်ငံတော် အစိုးရကလည်း လုပ်ပေးရမှာပေါ့။ သို့သော်လည်း နိုင်ငံတော်အစိုးရမှာ တဖက်က လုပ်စရာတွေ အများကြီးရှိနေတယ်ဆိုတာ နားလည်ပါတယ်။
အခုချိန်ဆို အစိုးရပိုင်း အပြောင်းအလဲတွေ ဖြစ်နေတဲ့ကိစ္စဆိုတော့ ဒါကိုတကယ်တမ်း ဖိဖိစ်ီးစီး မလုပ်ခဲ့နိုင်ဘူးလို့ သုံးသပ်တယ်။ တ ကယ်တမ်း လုပ်ခဲ့ရင် ဒီလောက်ထိ ဆိုးလာနိုင်စရာ အခြေအနေ မရှိဘူး။ သဘောကတော့ ဘိန်းခင်းဖျက်ရုံနဲ့ အဖြေမဟုတ်ဘူး။ ဘိန်းစိုက် တောင်သူတွေကိုလည်း အခွင့်အလမ်း ပေးရမယ်။
မေး ။ ။ အစိုးရပိုင်းက ဘာတွေ လုပ်ဆောင်သင့်တယ်လို့ ထင်မြင်ပါသလဲ။
ဖြေ ။ ။ အခု ကချင်မှာ ဖြစ်သွားကတော့ လတ်တလော ဖြစ်တာပေါ့။ ဒါတွေမဖြစ်ခင်ကတည်းက ဒီကိစ္စတွေက နှစ်နဲ့ချီပြီး ဖြစ်လာ တာ။ ဒီဇာတ်လမ်း ဖြစ်လာဖို့ တည်လာတော့ ရိုက်ကြတာတွေ ကိုယ်ထိလက်ရောက်ကိစ္စတွေ ဖြစ်လာတာက မခံနိုင်လို့ ဖြစ်လာတာသည် နောက်ကွယ်မှာ ဇာတ်လမ်းတွေ အများကြီး ရှိလာတာပေါ့။ အထူးသဖြင့် မူးယစ်ဆေးဝါး ထုတ်လုပ်မှုများတဲ့ နိုင်ငံတွေမှာ ရေရှည် တည် တံ့တဲ့ အစားထိုး လုပ်ငန်းတွေ လုပ်ဖို့ ကုလသမဂ္ဂကို တင်ပြပြီးတော့ သွားနေတဲ့ လမ်းကြောင်းပေါ့။
စိုက်ပျိုးတဲ့သူတွေကို ဒီအတိုင်း နှိမ်နင်းတာထက်စာရင် ဖွံ့ဖြိုးရေးကို အရင် လုပ်တာပေါ့။ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးအရ နောက်က လိုက်ရမယ်။ တားဆီး နှိမ်နင်း ရေးက ရှေ့ကသွားရင် ဒီပြဿနာ တက်တာပဲ။ ဖွံ့ဖြိုးတိုးတက်ရေးကို အရင်စလုပ်ရမယ်။ ဒီလောက်လုပ်ပေးတဲ့ကြားကမှ ခိုးစိုက် ခိုးထုတ်ရင်တော့ အရေးယူရမယ်။ အခုက ရှေ့တက်ရမယ့်လူက နောက်ရောက်၊ နောက်ရောက်ရမယ့်သူက ရှေ့တက်လာလို့ ပဋိပက္ခတွေ ဖြစ်လာတာ။