၂၀၁၃ ခုနှစ်တွင် စာရေးသူ အင်ဒိုနီးရှားသို့ လေ့လာရေးခရီးသွားရောက်ခဲ့စဉ်က ပြုပြင်ပြောင်းလဲရေးသမားကြီးတဦးဖြစ်သော ဒုတိယဗိုလ်ချုပ်ကြီးဟောင်း သြဂတ်စ်ဝီဂျိုဂျိုနှင့် တွေ့ဆုံစကားပြောဆိုရန် စားသောက်ဆိုင်လေးတဆိုင်တွင် ချိန်းဆိုဖြစ်ခဲ့ကြသည်။
သူ မြန်မာပြည်သို့ လာရောက်စဉ်ကတည်းက သိကျွမ်းခဲ့သော်လည်း အင်ဒိုနီးရှားစစ်တပ်၏ ထိပ်တန်းခေါင်းဆောင်ဟောင်းတဦးကို သာမန်စားသောက်ဆိုင်လေးတစ်ဆိုင်တွင် ချိန်းဆိုခဲ့ရသည်မှာ အဆင်မှ ပြေပါ့မလားဟု စိတ်ထင့်နေမိသေးသည်။ သို့သော် ချိန်းဆိုထားသောအချိန်တွင် ဆလွန်းကားဟောင်းလေးတစီးကို ကိုယ်တိုင်မောင်းပြီး အဆိုပါ စားသောက်ဆိုင်လေးသို့ သူရောက်ရှိလာသည်။ သူ၏ ပုံစံအတိုင်း တည်တည်ငြိမ်ငြိမ် အေးအေးဆေးဆေး ဘာအဆောင်အယောင် ဟန်ပန်မှ မရှိ။
အင်ဒိုနီးရှား၏ ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်ကြီးနှင့် သူတို့၏ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်များကို ပွင့်ပွင့်လင်းလင်း ရှင်းပြနေခဲ့သေးသည်။ စစ်သားဟောင်းကြီးတဦးဟု မထင်ရလောက်
အောင်ပင် သူ၏ အတွေ့အကြုံများကို နိုင်ငံရေးသဘောတရားများနှင့် ချိန်ထိုးရှင်းပြနေပေသည်။
ထိုစဉ်က စကားပြောနေသည့် သူ့ကို ကြည့်ပြီး ယခုလိုမျိုး လူတွေကြားထဲတွင် အကြောက်တရားမရှိဘဲ လွတ်လွတ်လပ်လပ် ရှင်သန်နေထိုင်နိုင်ခြင်းမှာ၊ ရင်ကော့ပြီး သူ၏ လုပ်ရပ်များအကြောင်း ပွင့်ပွင့်လင်းလင်း ရှင်းပြနေနိုင်ခြင်းမှာ သူ၏ ဂုဏ်သိက္ခာရှိသော ပြုပြင်ပြောင်းလဲရေးလုပ်ရပ်များကြောင့်ဖြစ်မည်ဟု စိတ်ထဲတွေးနေမိသည်။ သူ့ကိုကြည့်ရသည်မှာ သူ့လိပ်ပြာ သူလုံလှသည်။
၁၉၉၈ သမ္မတ ဆူဟာတိုရာထူးမှ နုတ်ထွက်သွားချိန်တွင် အင်ဒိုနီးရှားစစ်တပ်၏ အနေအထားမှာ မရေရာမှုများစွာနှင့်။ နာမည်ဆိုးများ၊ လူ့အခွင့်အရေး ချိုးဖောက်မှု မှတ်တမ်းများ၊ ပြည်သူလူထု၏ မလိုလားမနှစ်သက်မှု အမုန်းတရားများ၊ တပ်အတွင်း အုပ်စုဖွဲ့ အားပြိုင်မှုများ၊ အကျိုးစီးပွားများ ရောထွေးရှုပ်ယှက်ခတ်နေသည်။
ထိုကဲ့သို့သော အနေအထားမျိုးတွင် စစ်တပ်ကို တိုင်းပြည်၏ ဒီမိုကရေစီလမ်းကြောင်းနှင့် ဟန်ချက်ညီညီ ပြုပြင်ပြောင်းလဲမှုများ စတင်ဆောင်ရွက်ခဲ့သော စစ်ဗိုလ်ချုပ်များ ပေါ်ထွက်လာခဲ့သည်။ ၎င်းတို့ထဲတွင် ဆူစီလိုဘန်ဘန်း ယူဒိုရိုနို၊ သြဂတ်စ် ဝီဂျိုဂျို၊ သြဂတ်စ် ဝီရာဟာဒီ ကူဆူးမားတို့က ရှေ့ဆုံးမှဦးဆောင်ကြသူများပင်။ ပြုပြင်ပြောင်းလဲမှုတို့၏ သဘော သဘာဝအတိုင်း ထိုအချိန်က စစ်တပ်အတွင်း ၎င်းတို့၏အနေအထားမှာလည်း လွယ်ကူလှသည်တော့ မဟုတ်ပေ။
“အဲဒီအချိန်တုန်းက ပြည်သူလူထုရဲ့ စစ်တပ်အပေါ် မလိုလားမှု စိတ်အခံက ပြင်းထန်နေတယ်” ဟု The Indonesia Military After the New Order စာအုပ်ကိုရေးသားသူ Sukardi Rinakit က မှတ်ချက်ပြုသည်။ “စစ်တပ်ဟာ အစိုးရရဲ့ လက်ကိုင်တုတ်ဖြစ်ခဲ့တဲ့အတွက် လူထုက စစ်တပ်ကို မလိုလားတာပါ”ဟု သူက ဆက်လက်သုံးသပ်ခဲ့သည်။ ဆူဟာတို ခေတ် စစ်တပ်ကို Rinakit က အစိုးရရဲ့ထရိုဂျန်မြင်းရုပ်နှင့်နှိုင်းယှဉ်ပြီး ဥပမာပေးသည်။ အာဏာရှင်ဆူဟာတို၏ အလိုကျဆောင်ရွက်နေရသည့် စစ်တပ်သည် အာဏာရှင်အစိုးရ၏ ထရိုဂျန်မြင်းရုပ်သာ ဖြစ်ခဲ့ရသည်။
နိုင်ငံရေးအာဏာတွင် ယစ်မူးနေသူများ၊ အကျိုးစီးပွားနွံထဲတွင် နစ်မြှုပ်နေသူများ၊ အတွေးအခေါ်ဟောင်းသမားများ၊ ပိုနေမြဲကျားနေမြဲ ဆက်သွားလိုသူများနှင့် အတိုက်အခံပြု လွန်ဆွဲအားပြိုင်ရသည်။ ပွတ်တိုက်တွန်းထိုးမှုများရှိခဲ့သည်။ သို့သော် အင်ဒိုနီးရှားအသွင်ကူးပြောင်းမှုတွင် ဖိအားများနှင့်ရင်ဆိုင်နေရသော ကာကွယ်ရေးဦးစီးချုပ်ဝီရန်တိုသည် ၎င်း၏ဘေးတွင် ပြုပြင်ပြောင်းလဲရေးကိုလိုလားသော ဆူစီလိုဘန်ဘန်းယူဒိုရိုနို၊ သြဂတ်စ်ဝီဂျိုဂျို၊ သြဂတ်စ်စီရာဟာဒီ ကူဆူးမားတို့နှင့် ဝန်းရံခဲ့သည်။ ၎င်းတို့သည် နိုင်ငံရေးဖိအားများလျော့ပါးပြီး စစ်တပ်၏ ဂုဏ်သိက္ခာကိုပြန်ဆယ်နိုင်ရန် အတွက် ပြုပြင်ပြောင်းလဲရေးအစီအစဉ်များကို ဖော်ဆောင်ခဲ့ကြသည်။
ပြုပြင်ပြောင်းလဲရေး အစီအစဉ်များ ပြုလုပ်ခဲ့သည့်ကိစ္စနှင့် ပတ်သတ်၍ သြဂတ်စ်ဝီဂျိုဂျိုက “စစ်တပ်အနေနဲ့ ကိုယ့်ဂုဏ်သိက္ခာကို ပြန်ဆယ်နိုင်ဖို့ အနာခံပြီး ပြတ်ပြတ်သားသားနဲ့ ကိုယ့်တပ်ကို ကိုယ့်ဘာသာပြုပြင်ပြောင်းလဲရေး မလုပ်ဘူးဆိုရင် ကျနော်တို့ဟာ အမြဲတမ်းပဲ ဒုတိယတန်းစားနိုင်ငံသားတွေအဖြစ်ပဲ သတ်မှတ်ခံနေရလိမ့်မယ်။ နိုင်ငံရဲ့အကျိုး
စီးပွားကို မျှော်ကိုးပြီး ကျနော်တို့ဘက်က ယုတ္ထိကျကျ ကောင်းရာကောင်းကြောင်း ပြောဆိုတင်ပြမယ်ဆိုရင်တောင် လက်ခံကြမှာမဟုတ်ဘူး”ဟု ဖွင့်ဟပြောကြားခဲ့သည်။
သြဂတ်စ်ဝီဂျိုဂျိုဟာ မြန်မာ့နိုင်ငံရေးနဲ့လည်း သိပ်တော့ မစိမ်းပါ။ ၂၀၀၇ မှာ သံဃာတော်တွေရဲ့ ရွှေဝါရောင် အရေးအခင်းကို စစ်အစိုးရက နှိမ်နှင်းခဲ့ပြီးနောက်ပိုင်း အင်ဒိုနီးရှားရဲ့ သမ္မတကြီး ဗိုလ်ချုပ်ဟောင်း ဆူစီလိုဘန်ဘန်းယူဒိုရိုနို စေလွှတ်တဲ့ အထူးကိုယ်စားလှယ်အဖြစ်နဲ့ မြန်မာနိုင်ငံလာရောက်ပြီး မြန်မာပြည်ရဲ့ဗိုလ်ချုပ်အချို့နဲ့ တွေ့ဆုံခဲ့သူ ဖြစ်သည်။ တွေ့ဆုံစဉ်မှာ တိုင်းပြည်မှ နိုင်ငံရေး ပြုပြင်ပြောင်းလဲရေး (Political Reform) လုပ်ရန် အင်ဒိုနီးရှားရဲ့ အတွေ့အကြုံကို ယူဖို့ ပြောကြားခဲ့သူဖြစ်သည်။ ၂၀၁၀ အသွင်ကူးပြောင်းမှု နောက်ပိုင်းတွင်လည်း မြန်မာနိုင်ငံသို့ လာရောက်ကာ ၎င်းတို့၏ အင်ဒိုနီးရှား အသွင်ကူးပြောင်းမှု အတွေ့အကြုံကို မျှဝေပေးခဲ့သေးသည်။
အင်ဒိုနီးရှားမှာ အာဏာရှင်၏ နိုင်ငံရေးလက်ကိုင်တုတ်အဖြစ်မှ လွတ်ကင်းအောင် ၎င်းတို့သည် စစ်တပ်အတွင်း ပြုပြင်ပြောင်းလဲရေးများ လုပ်ခဲ့ကြသည်။ တိုင်းပြည်အတွက် အသက်ကိုပင် စွန့်လွှတ်ထားသော စစ်သည်တော်များသည် အတိတ်၏ အရိပ်မည်းကြီးကြောင့် ကိုယ့်တိုင်းပြည်တွင် ဒုတိယတန်းစားနိုင်ငံသား ဘဝရောက်နေရသည့် အဖြစ်ဆိုးမှ လွတ်မြောက်အောင် ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်များကို ဖော်ဆောင်ခဲ့ကြသည်။
နိုင်ငံရေး လက်ကိုင်တုတ် အရိပ်မည်းကြီးမှ ရုန်းထွက်ရန် အကောင်းဆုံးသောနည်းလမ်းမှာ “နိုင်ငံရေးမှထွက်ခွာခြင်း” ပင်ဖြစ်သည်။ ထို့ကြောင့်ပင် အင်ဒိုနီးရှားစစ်အရာရှိတဦးက “ပြုပြင်ပြောင်းလဲရေးအစီအစဉ်ရဲ့ အဓိကပစ်မှတ်ကတော့ စစ်တပ်အနေနဲ့ နိုင်ငံရေးက ထွက်ခွာသွားဖို့ပါပဲ။ အဲဒီအတွက် ကျနော်တို့ စစ်တပ်အနေနဲ့ အစိုးရအဖွဲ့က ထွက်ရမယ်။ စစ်တပ်ရဲ့ လူမှုနိုင်ငံရေးဌာနတွေကို ဖျက်သိမ်းပစ်ရမယ်။ လွှတ်တော်ထဲမှာရှိနေတဲ့ စစ်တပ်ကိုယ်စားလှယ်တွေကို တဖြည်းဖြည်း လျှော့ချသွားရမယ်”ဟု နိုင်ငံရေးသုံးသပ်သူ Marcus Mietzner အား ထုတ်ဖော်ပြောကြားခဲ့သည်။
၎င်းစဉ်းစားချက်မှ အင်ဒိုနီးရှားစစ်တပ်၏ ပထမဆုံးပြုပြင်ပြောင်းလဲရေး အစီအစဉ် ထွက်ပေါ်လာသည်။ စစ်တပ်၏ ပါရာဒိုင်းအသစ်ဟု လူသိများသော Paradigma Baru ပင်ဖြစ်သည်။ ၁၉၉၈ က ကျင်းပခဲ့သော စစ်တပ်၏ဆွေးနွေးပွဲမှ အဆိုပါပြုပြင်ပြောင်းလဲရေး အစီအစဉ်သစ် ထွက်ပေါ်လာခြင်းဖြစ်သည်။ အင်ဒိုနီးရှားပညာရှင်တဦးဖြစ်သော Sukma က ပါရာဒိုင်းအသစ်၏ အဓိက အနှစ်သာရမှာ ပြန်လည်အဓိပ္ပာယ်ဖွင့်ဆိုခြင်း (Redefination)၊ ပြန်လည်နေရာချထားခြင်း (Reposition) နှင့် ပြန်လည်ပုံဖော်ခြင်း (Reactualization) တို့ဖြစ်သည်ဟု ဆိုသည်။ အနှစ်ချုပ်ဆိုရလျှင် အာဏာရှင်၏ နိုင်ငံရေးလက်ကိုင်တုတ်ဖြစ်နေခဲ့သော စစ်တပ်၏ အနေအထားကို ပြန်လည်အဓိပ္ပာယ်ဖွင့်ဆိုနေရာချပြီး ဒီမိုကရေစီ အခင်းအကျင်းသစ်တွင် ပုံစံအသစ်ကို ပြန်လည်ပုံဖော်ခြင်းပင် ဖြစ်သည်။
အဆိုပါ ပါရာဒိုင်းအသစ်မှ စတင်၍ အင်ဒိုနီးရှားစစ်တပ်၏ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်များ ပုံပေါ်လာခဲ့သည်။ အရပ်ဘက်ရာထူးနေရာများမှ တာဝန်ထမ်းဆောင်ဆဲ စစ်အရာရှိများကို စစ်တပ်သို့ပြန်လည်ခေါ်ယူခြင်း၊ စစ်တပ်၏ လက်အောက်မှ ရဲတပ်ဖွဲကို သီးသန့်ခွဲထုတ်လိုက်ခြင်း၊ ကာကွယ်ရေးဝန်ကြီးဌာနကို စနစ်တကျပြန်လည်ဖွဲ့စည်းခြင်း၊ အရပ်ဘက် ကာကွယ်ရေးဝန်ကြီးကို ခန့်ထားခြင်း၊ စစ်တပ်အနေဖြင့် နိုင်ငံတော်ကာကွယ်ရေးတာဝန်သာမက နိုင်ငံရေးတည်ငြိမ်မှုအတွက် ပါဝင်ရောက်ဆောင်ရွက်ရန် လိုအပ်သည်ဟူသော နည်းလမ်းနှစ်သွယ် အတွေးအခေါ်(Dwifungsi) ကို ပြောင်းလဲဖယ်ရှားပစ်လိုက်ခြင်း၊ စစ်တပ်၏ အဓိကတာဝန်မှာ နိုင်ငံတော်ကာကွယ်ရေးတာဝန်သာဖြစ်သည်ဟု သတ် မှတ်ပြဌာန်းခြင်းစသည့် ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများကို အဆင့်ဆင့်ဆောင်ရွက်နိုင်ခဲ့ကြသည်။
အဆိုပါပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်များ ဆောင်ရွက်နေစဉ်အတွင်း အားပြိုင်မှုများ၊ ယိမ်းယိုင်မှုများ၊ သဘောကွဲလွဲမှုများ အများအပြား ဖြစ်ခဲ့ကြသည်။ ပြုပြင်ပြောင်းလဲရေးသမား ဗိုလ်ချုပ်ကြီးများ ကိုယ်တိုင် အားမလိုအားမရဖြစ်မှုများ၊ ကွဲလွဲမှုများဖြစ်ပေါ်ခဲ့ကြသည်။ သို့သော် မည်သို့ပင်ဖြစ်စေ ၂၀၀၄ သို့ရောက်သောအခါ ပြည်သူကို ကိုယ်စားမပြုသော စစ်တပ်ကိုယ်စားလှယ်များ လွှတ်တော်ထဲမှ အပြီးအပိုင် ထွက်ခွာသွားကြတော့သည်။ ဒီမိုကရေစီ၏ ဝိသေသလက္ခဏာ တရပ်ဖြစ်သော စစ်တပ်အပေါ် အရပ်ဘက်၏ ထိန်းချုပ်မှု (civilian control over military) ကို အပြည့်အ၀ မဟုတ်သည့်တိုင်အောင် လက်ခံနိုင်လောက်သည့် အနေအထားတရပ်အထိ ဖော်ဆောင်နိုင်ခဲ့ကြသည်။
အဆိုပါပြုပြင်ပြောင်းလဲရေးကို ဦးဆောင်ခဲ့ကြသော စစ်ဗိုလ်ချုပ်အုပ်စုကို ပညာရှင်များ၊ မီဒီယာများက အသိပညာရှင် စစ်ဗိုလ်ချုပ်များ (Intellectual Generals) ဟု သတ်မှတ်ခေါ်ဝေါ်ကြသလို အချို့ကလည်း ပြုပြင်ပြောင်းလဲရေးသမား ဗိုလ်ချုပ်ကြီးများ (Reformist General) ဟု ခေါ်ဝေါ်ချီးမွမ်းကြလေ့ရှိသည်။
အင်ဒိုနီးရှားစစ်တပ်ကို အာဏာရှင်၏ နိုင်ငံရေးလက်ကိုင်တုတ်ဘဝမှ လွတ်မြောက်ပြီး ကိုယ့်ဂုဏ်သိက္ခာနှင့်ကိုယ် ခိုင်ခိုင်မာမာ ရပ်တည်နေနိုင်အောင် စွမ်းဆောင်ခဲ့ကြရာတွင် အဆိုပါပြုပြင်ပြောင်းလဲရေးသမား ဗိုလ်ချုပ်ကြီးများ၏ အခန်းကဏ္ဍမှာ မသေးလှပေ။ အင်ဒိုနီးရှားဒီမိုကရေစီ အသွင်ကူးပြောင်းမှုနှင့်အတူ ဟန်ချက်ညီညီနှင့် ၎င်းတို့ပြောင်းလဲနိုင်ခဲ့ကြ
သည်ကို ပညာရှင်အသိုင်းအဝိုင်းကရော နိုင်ငံတကာအသိုင်းအဝိုင်းကပါ တလေးတစား အသိအမှတ်ပြုခဲ့ကြပေသည်။
(ကိုယဲ သည် တကောင်းအင်စတီကျူ့၏ executive director ဖြစ်သည်။ တကောင်းအင်စတီကျုသည် အရပ်ဘက်၊ စစ်ဘက်၊ ဆက်ဆံရေးကို လေ့လာသုံးသပ်သည့် အဖွဲ့ဖြစ်သည်။)