တိုင်းပြည်ရဲ့ ဒီမိုကရေစီက “နုနယ်” အားနည်း အထိအခိုက်မခံသေးဘဲ “နိုင်ငံရေး ဝရုန်းသုန်း ကား” အခြေအနေထဲကို အလွယ်တကူ ကျရောက်သွားနိုင်တာကြောင့် နိုင်ငံရေးမှာ စောင့်ရှောက်ပေးသူ၊ စီမံခန့်ခွဲသူဆိုတဲ့ အခန်းကဏ္ဍကို ဆက်လက်ယူထားဖို့လိုကြောင်း မြန်မာတပ်မတော်ဘက်က ပြောနေပါတယ်။
“အတိတ်သမိုင်းအရ မိမိတိုင်းပြည်အပေါ် သစ္စာမဲ့မှု၊ ပြည်ပနိုင်ငံအပေါ် သစ္စာခံမှု၊ တပ်မတော်အပေါ် သစ္စာမဲ့မှုများကြောင့် နိုင်ငံ့အရေးကိစ္စများတွင် များစွာရှုပ်ထွေးခဲ့ကြောင်း” ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မကြားသေးခင်က ပြောဆိုသွားပါ တယ်။ ထိုသို့ ထပ်မံ မဖြစ်လာစေရေးအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေတွင် သတ်မှတ်ချက်အချို့ ထည့်သွင်းထားခြင်းဖြစ် ကြောင်းလည်း ဖြည့်စွက်ပြောဆိုသွားပါတယ်။
တည်ငြိမ်မှု၊ စည်းလုံးညီညွတ်မှု၊ အချုပ်အခြာအာဏာ တည်တံံ့ခိုင်မြဲမှုနဲ့ ပြည်ထောင်စုမပြိုကွဲရေးတိိုု့အတွက် တပ်မတော်က နိုင်ငံရေးကို ချုပ်ကိုင်ထားဖို့ လိုအပ်ကြောင်းကို ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောဆိုထားသလို ရာထူးကနေ စွန့်ခွာရတော့မယ့် သမ္မတ ဦးသိန်းစိန်ကလည်း ထုတ်ဖော်ပြောဆိုထားပါတယ်။
မြန်မာ့နိုင်ငံရေး အသွင်ကူးပြောင်းမှုမှာ တည်ငြိမ်ချောမွေ့မှုရှိတာနဲ့ အာရပ်နွေဦးတိုင်းပြည်တွေမှာ တည်ငြိမ်မှုမရှိတာတွေ၊ ပရမ်းပတာနိုင်မှုတွေနဲ့ နိုင်ငံပြိုကွဲပျက်စီးမှုတွေအကြောင်းကို ဦးသိန်းစိန်နဲ့ ကာချုပ်မင်းအောင်လှိုင်တို့က နှိုင်းယှဉ် ပြောဆိုပါတယ်။
ဒီတော့ တည်ငြိမ်ခိုင်မာတဲ့ နိုင်ငံတော်တခုမှာ ဘယ်လို စရိုက်လက္ခဏာတွေ ရှိကြသလဲဆိုတာ မေးခွန်းထုတ်ကြည့်ပါမယ်။
“ခိုင်မာအားကောင်းတဲ့ နိုင်ငံတော်တွေဆိုတာကတော့ နယ်မြေပိုင်နက်အားလုံးနဲ့ လူဦးရေတခုလုံးအပေါ်မှာ သြဇာ လွှမ်းမိုးနိုင်ရပါမယ်။ ဆိုလိုတာကတော့ တိုင်းပြည် စည်းလုံးညီညွတ်မှုကို ထိန်းထားနိုင်ရပါမယ်။ ပြည်တွင်းပဋိပက္ခတွေ မဖြစ်အောင် ကာကွယ်နိုင် ဒါမှမဟုတ် ခွဲထွက်မှုတွေ မဖြစ်အောင် ကာကွယ်နိုင်ရပြီး တရားဝင်မှုရှိ နေရပါမယ်။ အများပြည်သူအတွက် ဝန်ဆောင်မှုတွေ ပေးအပ်နိုင်ပြီး ပြည်သူတွေရဲ့ လိုအင်ဆန္ဒတွေကို တုံ့ပြန် ဖြည့်ဆည်း ပေးနိုင်ရပါမယ်” လို့ ၂၀၀၅ ခုနှစ် အောက်တိုဘာလထုတ် ဒီမိုကရေစီဂျာနယ်မှာ J-P. Faguet နဲ့ A. Fox, C. Pöschl တို့ ရေးသားတဲ့ ဆောင်းပါး “Decentralizing for a Deeper, More Supple Democracy” ထဲမှာ ပြောထားပါတယ်။
အဲဒီ အဓိပ္ပာယ်ဖွင့်ဆိုချက်အတိုင်း မြန်မာနိုင်ငံမှာ လာပြီး တိုင်းတာကြည့်လိုက်မယ်ဆိုရင် တပ်မတော်က ထိန်းချုပ်ထားပြီး အုပ်ချုပ်ခံနေရတဲ့ နိုင်ငံက ပညာရှင်တွေပြောခဲ့သလို ဘက်ပေါင်းစုံမှာ ဆိုးဆိုးရွားရွား ချို့ယွင်းပျက်စီးနေတာကို သွားတွေ့ ရပါတယ်။
တပ်မတော်က တိုင်းပြည်နယ်မြေပိုင်နက်အားလုံး အပေါ်မှာနဲ့ လူဦးရေတခုလုံးအပေါ်မှာ အာဏာသက်ရောက်နိုင်ဖို့ ဆယ်စုနှစ်ပေါင်းများစွာ ကြိုးစားခဲ့ပေမယ့် အခုအချိန်ထိတော့ မအောင်မြင်သေးပါ။ ပဋိပက္ခတွေ၊ ဒုက္ခခံစားရမှုတွေ၊ ပစ္စည်းဥစ္စာပျက်စီးဆုံးရှုံးမှုတွေနဲ့ ဖွံ့ဖြိုးတိုးတက်မှု နောက်ကျတာတွေပဲ ဖြစ်ပေါ်လာခဲ့ပါတယ်။
တိုင်းရင်းသား စည်းလုံးညီညွတ်မှုရှိအောင် ထိန်းသိမ်းစောင့်ရှောက်ပေးနေတယ်လို့ မြန်မာတပ်မတော်က ကြွေးကြော်ပါတယ်။ ဒါပေမယ့် တကယ်လက်တွေ့မှာတော့ ဆန့်ကျင်ဘက်ပါ။ ဗဟိုချုပ်ကိုင်မှုကို အင်အားသုံး ဖော်ဆောင်တည်ဆောက်ခဲ့ပြီး တပြည်ထောင်စနစ်ကို အတင်းအကျပ် ဖော်ဆောင်ခဲ့ပေမယ့် အမှန်တကယ် လုပ်ဆောင်ခဲ့တာကတော့ ဗမာလူမျိုး ကြီးစိုး လွှမ်းမိုးရေးပါ။ အောင်မြင်မှုလည်း မရခဲ့ပါ။ ဒါပေမယ့် အဲဒီလိုလုပ်ဆောင်ခဲ့တဲ့ မြန်မာ့တပ်မတော်ကြောင့်ပဲ နိုင်ငံ တော်ကို မထောက်ခံချင်တဲ့ အုပ်စုတွေ အများအပြားက ထင်ထင်ရှားရှား ပေါ်ပေါက်လာခဲ့ပါတယ်။
မြန်မာနိုင်ငံသားတွေက သူတို့တွေရဲ့ လိုလားဆန္ဒတွေကို ထုတ်ဖော်ခွင့်ရတဲ့ အခါတိုင်း တပ်မတော်နဲ့ သူ့ရဲ့အစွယ်အပွား ပါတီတွေကို ပြတ်ပြတ်သားသား တခဲနက် ဆန့်ကျင် မဲပေးခဲ့ကြပါတယ်။ ဒါကို ကြည့်ခြင်းအားဖြင့် တပ်မတော်မှာရှိတဲ့ တရားဝင်မှု၊ တရားနည်းလမ်းကျမှုက အလွန်တရာ နည်းပါးတာကို သွားတွေ့ရမှာပါ။ တပ်မတော်ရဲ့ ချုပ်ကိုင်ခြင်းကိုခံရတဲ့ နိုင်ငံတော်က အများပြည်သူဝန်ဆောင်မှုတွေကို ပေးအပ်တဲ့နေရာမှာ ပြည်သူတွေရဲ့ လိုလားချက်တွေကို တုံ့ပြန် ဖြည့်ဆည်းပေးတဲ့နေရာမှာ ဆိုးဆိုးရွားရွား ညံ့ဖျင်းပါတယ်။
ဦးသိန်းစိန် သမ္မတသက်တမ်းအတွင်းမှာတော့ စစ်တပ်မဟာဗျူဟာသမားတွေက စစ်နိုင်ဖို့အတွက် ငြိမ်းချမ်းရေးကို အသုံးချနေသလို ရှိနေခဲ့ပါတယ်။ ဗဟိုအစိုးရအတွက် တရားဝင်မှု၊ တရားနည်းလမ်းကျမှုတွေ ပိုမိုများပြားလာပြီး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေရဲ့ တရားဝင်မှုကို အားနည်းသွားအောင် ငြိမ်းချမ်းရေး စေ့စပ်ညှိနှိုင်းမှုတွေကို အသုံးချနေခဲ့ပါတယ်။
တိုင်းရင်းသားတွေရဲ့ နယ်မြေပိုင်နက်တွေထဲကို တမိုင်ပြီး တမိုင် စိတ်ရှည်လက်ရှည်နဲ့ စနစ်တကျ တိုးချဲ့နေရာယူလာနိုင်ပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို ချည်ပြီးတုပ်ပြီးဖြစ်အောင် တိုင်းရင်းသားအဖွဲ့တွေကို အပစ်ရပ်စာချုပ်လက်မှတ် ထိုးဖို့ တိုက်တွန်းနားချတာ ဒါမှမဟုတ် အကျပ်ကိုင်တာတွေ လုပ်ဆောင်ပါတယ်။
တိုးချဲ့နေရာယူတဲ့အခါ တပ်မတော်က တပ်ရင်းတပ်ဖွဲ့တွေ ကိုယ်တိုင် တိုက်ရိုက်လုပ်ဆောင်တာ ဖြစ်သလို ပြည်သူ့စစ်အဖွဲ့ တွေကနေ တဆင့် သွယ်ဝိုက်လုပ်ဆောင်တာလည်း ဖြစ်ပါတယ်။ အဲဒီလို နယ်မြေတိုးချဲ့တဲ့အခါ ပိုမိုလွယ်လွယ်ကူကူ ထိ ထိရောက်ရောက် ဖြစ်အောင် တိုင်းရင်းသားဒေသတွေမှာ မြန်မာ့တပ်မတော်နဲ့ အစိုးရက ဖွံ့ဖြိုးရေးတွေ ကြိုးစားလုပ်ဆောင် ပေးပါတယ်။ စည်းရုံးသိမ်းသွင်းတာ၊ လာဘ်ထိုးတာ အကျင့်ပျက်ခြစားတာတွေဖြစ်အောင် လုပ်ဆောင်ပြီး တပ်မတော်နဲ့ အစိုးရက သူတို့ရဲ့ အမြင့်မားဆုံးရည်မှန်းချက်ကို အောင်မြင်အောင် ကြိုးစားပါတယ်။
အမြင့်မားဆုံးရည်မှန်းချက် ဆိုတာကတော့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို အင်အားကုန်ခန်းသွားအောင်၊ သူတို့ နယ်မြေတွေကို ကျဉ်းမြောင်းအောင် လုပ်ပြီး ထိန်းချုပ်ဖို့ပါ။ ရလဒ်တွေကတော့ ဦးသိန်းစိန် သမ္မတအဖြစ် တာဝန် မထမ်းဆောင်ခင်ကထက် သူ့ရဲ့သမ္မတသက်တမ်းအတွင်းမှာ ပဋိပက္ခတွေ ပိုများလာတာပါ။
ဒါကြောင့်မို့ ပြည်တွင်းနဲ့ နိုင်ငံတကာ ငြိမ်းချမ်းရေး လုပ်ငန်းထဲမှာ ပါဝင်နေသူတွေ၊ အတုအယောင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကနေ ဖန်တီးပေးထားတဲ့ ဝါဒဖြန့်ချိကြေညာမှုှုတွေကို ကျော်လွန်ပြီး မြင်အောင်ကြည့်ဖို့ အချိန်တန်ပါပြီ။ ပဋိပက္ခတွေက နည်းပါးသွားတာ မဟုတ်ဘဲ ပိုများလာတယ်ဆိုတာကိုလည်း ဝန်ခံအသိအမှတ်ပြုဖို့ အချိန်တန်ပါပြီ။
စေ့စပ်ဆွေးနွေးလိုက်၊ နယ်မြေကျူးကျော်လိုက်၊ ငြိမ်းချမ်းရေးဆွေးနွေးလိုက် စနစ်တကျဖိအားပေးမှုတွေကို ဆက်လုပ် လိုက်ဆိုတဲ့ နည်းဗျူဟာတွေကိုသာ မြန်မာ့တပ်မတော်က ဆက်ပြီးကျင့်သုံးနေမယ်ဆိုရင် ငြိမ်းချမ်းရေး ရလာမှာ မဟုတ်ဘဲ ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ခံထားရတဲ့ အစိုးရပဲ အားနည်းသွားမှာ ဖြစ်ပါတယ်။
မြန်မာ့တပ်မတော်မှာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကနေ ပေးအပ်ထားတဲ့ လုပ်ပိုင်ခွင့်အာဏာတွေရော၊ အခြေအနေအရ ရရှိထားတဲ့ အာဏာတွေပါ အများကြီးရှိနေပါတယ်။ ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ခံထားရတဲ့ အစိုးရကလည်း တခြားရွေးချယ်စရာ နည်းလမ်းမရှိဘဲ မတူညီတဲ့ စနစ် ၂ ခု ဒွန်တွဲနေတဲ့ အုပ်ချုပ်ရေးကို လက်ခံထားရပါတယ်။ မတူညီတဲ့ စနစ်၂ ခု ဆိုတာမှာ တခုက ပြည်သူ့ဆန္ဒနဲ့ အညီ ပေါ်လာတဲ့ ဒီမိုကရေစီစနစ်ဖြစ်ပြီး နောက်တခုကတော့ ၂၀၀၈ ဖွဲ့ စည်းပုံအခြေခံ ဥပဒေကနေ ချမှတ်ပေးထားတဲ့ မြန်မာ့တပ်မတော်က ကြိုးကိုင်တဲ့ နိုင်ငံရေးစနစ်ပါ။
ဒါပေမယ့် တဖက်နဲ့တဖက် လက်တွေ့မှာ အာဏာတွေ အပြန်အလှန် တည်ဆောက်ထားပုံရှိနေပေမယ့်လည်း အခြေအနေကို နားလည်သဘောပေါက်နိုင်ပါတယ်။ မြန်မာ့တပ်မတော်က တိုင်းပြည် တည်ငြိမ်မှု ရှိအောင်နဲ့ တိုင်းပြည်အင်အားတောင့်တင်းအောင် ထိန်းသိမ်းစောင့်ရှောက်ပေး နေသူ မဟုတ်ပါ။ အမျိုးသားအမှတ်လက္ခဏာ တည်ဆောက်ရာမှာနဲ့ နိုင်ငံတည်ဆောက်ရာမှာ ရှုံးနိမ့်ထားတဲ့ သမိုင်း ကြောင်း သူ့မှာ ရှိပါတယ်။
တပ်မတော်က နိုင်ငံရေးမှာ ပါဝင်လွှမ်းမိုးထားနိုင်ဖို့ သူ့ကိုယ်သူ နေရာပေး ခန့်အပ်နေခြင်းကလည်း အမျိုးသား အမှတ်လက္ခဏာ တည်ဆောက်ရေးနဲ့ နိုင်ငံတည်ဆောက်ရေးတွေ မအောင်မြင်အောင် ဟန့်တားထားတဲ့ အဓိက အခက်အခဲ ဖြစ်နေဦးမှာပါ။
(အီဂေါ ဗလာဇီဗစ်သည် ပညာရှေ့ဆောင် (Educational Initiatives) ကျောင်းအုပ်ကြီး ဖြစ်သည်။ Educational Initiatives (www.eduinitiatives.org) သည် ဒီမိုကရေစီနှင့် ပတ်သက်သော သင်တန်းများ၊ အရည်အသွေးမြှင့် သင်တန်းများကို ပို့ချပေးနေသော ရန်ကုန်အခြေစိုက် အဖွဲ့အစည်းဖြစ်သည်)