ကျနော် ရှက်တယ်

သန်းနိုင်ဦး

This article has been converted from Zawgyi One to Unicode

တိုင်းပြည်ရဲ့ ပိုင်ဆိုင်မှုရင်းမြစ် အ၀၀ကို စီမံပိုင်ခွင့်ရှိသူအချို့က ကိုယ့်ရပိုင်ခွင့်လို သဘောထားနေကြတယ်။ နိုင်ငံပိုင် သယံဇာတ အရင်းအမြစ်တွေ ရောင်းချရာမှာ သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းနဲ့ မကိုက်ညီဘဲ လုပ်ဆောင်နေတာတွေကို အကျင့်ပျက်ခြစား လာဘ်ယူပြီး ပေါင်းစားတယ်။ နိုင်ငံပိုင်ပစ္စည်းတွေ ရောင်းချရာမှာ ကာလပေါက်ဈေးထက် နည်းပါးတဲ့ဈေးနှုန်းတွနဲ့ လက်သင့်ရာစားတော်ခေါ်သလို ရောင်းချမှုတွေရှိခဲ့တယ်။ ယုတ်စွအဆုံး အများစံပြဖြစ်ရမယ့် ပညာရေးဝန်ကြီးဌာနက စတုတ္ထတန်းနဲ့ အဌမတန်း အတန်းတင် စာမေးပွဲမေးခွန်း ပေါက်ကြားမှု တွေဖြစ်ခဲ့တယ်။

အမျိုးသားလွှတ်တော်ဥက္ကဌဟောင်း ဦးခင်အောင်မြင့် က ဆီးသီးဗန်းမှောက်တဲ့ စီမံကိန်းတွေ ရှိခဲ့တယ်လို့ လူသိရှင်ကြား ထုတ်ဖော်ပြောခဲ့ဖူးတယ်။ ဒါပေမယ့် ဒါတွေကို လူမှုကွန်ရက်မှာ အများသိပြီဆိုရင် စုံစမ်းစစ်ဆေးမယ်၊ ဖုံးမရ ဖိမရရင် ရာထူးတာဝန်က အနားပေးမယ်။ ဖမ်းဆီးအရေးယူတာ မရှိဘူး။ အခုနောက်ဆုံး အကောက်ခွန်၊ စီးပွား ကူး သန်း၊ ကချင်ပြည်နယ်အစိုးရ အရာရှိအများအပြား ရာထူးက အနားပေးခံရတာကိုပဲ ကြည့်။ မန္တလေးမြို့လယ်ကောင်က စိတ္တရမဟီ လူနေတိုက်ခန်းတွေ ရရှိဖို့ လျှောက်ထားတဲ့ တာဝန်ထမ်းဆောင်ဆဲ ပြည်ထောင်စုဝန်ကြီးအချို့ရဲ့ လျှောက်လွှာတွေကလည်း လူမှုကွန်ယက်မှာ ပလူပျံနေတယ်။

Asia Ranking ရဲ့ အစီရင်ခံစာအရ တိုင်းပြည်က အာရှတိုက်ရဲ့ ဒုတိယအဆင်းရဲဆုံးဖြစ်နေချိန်မှာ ရပိုင်ခွင့် လုပ်ပိုင်ခွင့် ရှိသူအချို့က အာဏာကို တလွဲအသုံးချနေကြတယ်။ ကုလသမဂ္ဂ မူးယစ်ဆေးထိန်းချုပ်မှု အစီအစဉ်ရဲ့ ဘိန်းစိုက်ပျိုးထုတ်လုပ်မှု အစီရင်ခံစာမှာ ထိပ်တန်းနိုင်ငံအဖြစ် ရပ်တည်နေဆဲ၊ နိုင်ငံကာ ပွင့်လင်းမြင်သာမှုအဖွဲ့(TI)ရဲ့ အဂတိလိုက်စားမှု စာရင်းမှာ အောက်ဆုံးနိုင်ငံ၊ အာဏာလွှဲပြောင်းရေးမှာ အချိန်အကြာဆုံး တိုင်းပြည်၊ အရှည်ကြာဆုံးပြည်တွင်းစစ် ဖြစ်နေတဲ့နိုင်ငံ၊ ဘက်ပေါင်းစုံ ချွတ်ခြုံကျနေတဲ့ နိုင်ငံကို ပြည်သူ့အားနဲ့ ကုန်းရုန်း ကြိုးစားနေရမယ့်အချိန်မှာ လုပ်ပိုင်ခွင့်ရှိသူအချို့ရဲ့ လိုချင်တပ်မက်မှုတွက ဖုံးမနိုင်ဖိမရ မြင်နေရတော့ နိုင်ငံသားတယောက်အနေနဲ့ ရှက်မိတယ်။

အထူးသဖြင့် ရှက်စရာကို ရှက်ရကောင်းမှန်း မသိလောက်အောင် အမှောင်တိုက်ဖုံးနေသူတွေရှိနေတာ ရှက်ဖို့ သိပ်ကောင်းတယ်။ ဒီလိုကိုယ်ကျိုး ကြည့်သူတွေများတဲ့ တိုင်းပြည်ဟာ ဘယ်တော့မှ ရှေ့ရောက်မှာ မဟုတ်ဘူး။ အများပြည်သူပိုင် ပစ္စည်းကို ယောက္ခမ ပစ္စည်းလို သဘောထားနေသူတွေ ရှိသ၍ ဒီတိုင်းပြည် ဘယ်တော့မှ လူလူသူသူဖြစ်မှာ မဟုတ်ဘူး။ ကိုယ်ကျိုးအတ္တ ရှေ့တန်းတင်သူတွေ ပြည့်နှက်နေသမျှ ဒီပြည်သူတွေ ဘယ်တော့မှ ကမ္ဘာ့အလယ်မှာ ဂုဏ်သိက္ခာရှိရှိ ရပ်တည်နိုင်မှာမဟုတ်ဘူး။

အဘက်ဘက်က ချွတ်ချုံကျနေတဲ့ နိုင်ငံမှာ နိုင်ငံသားတွေဟာ အငုံ့စိတ်တွေနဲ့ တလျှောက်လုံး နေခဲ့ကြရတယ်။ တိုင်းပြည်ပြန်လည်ထူထောင်ရေး လုပ်ဖို့ အားခဲနေချိန်မှာ ရှက်ရမယ့်ကိစ္စတွေက ထပ်ခါထပ်ခါ ပေါ်လာနေရတယ်။ သတင်းစာဆရာကြီး လူထုစိန်ဝင်းက သင့်ဘဝမဂ္ဂဇင်း ၁၉၉၇ ခုနှစ် မတ်လထုတ် “ရှက်စိတ်”မျက်နှာဖုံးဆောင်းပါးမှာ လူတွေရဲ့ အရှက်တရားနဲ့ ကိုယ်ကျင့်သိက္ခာကို အခုလို အဓိပ္ပါယ်ဖွင့်ခဲ့တယ်။

“လူဟာ ဘယ်လိုအခြေအနေမျိုးမှာ ရှက်တတ်ကြပါသလဲ။ အခြေခံအားဖြင့် ကိုယ့်ပုဂ္ဂလအတ္တကျိုးပဲ့ ထိခိုက်ခံရတဲ့အခါ ရှက်တတ်ကြပါတယ်။ အတ္တအရှက်ဟာ အဖြစ်များဆုံးပါပဲ။ ခံစားမှုလည်း အပြင်းထန်ဆုံးပါပဲ။ ကိုယ့်ကိုကိုယ် ဗဟိုပြုတဲ့အတွက် တုံ့ပြန်မှု လျင်မြန်ပါတယ်။ အသိအမြင်တရားကိုလည်း မှောင်မိုက်စေပါတယ်။”

“လူဟာ ဘယ်လိုအခြေအနေမျိုးမှာ မရှက်တော့သလဲ။ ကြိုက်မရှက်၊ ငိုက်မရှက်၊ ငတ်မရှက် ဆိုပြီး မရှက်သုံးပါး မြန်မာမှာ ရှိပါတယ်။ ဆန့်တွေးကြည့်တဲ့အခါ ကြောက်ရင်လည်း လူဟာ
မရှက်တော့ဘူး။ လိုချင်လွန်းရင်လည်း လူဟာ မရှက်တော့ဘူး။ အကြောက်နဲ့ လောဘဟာ ရှက်စိတ်ကို သတ်ပစ်တယ်။ အသိတရားကို သတ်ပစ်ပါတယ်။ အကောင်းအမြတ်တရားကို
သတ်ပစ်ပါတယ်။”

စာရေးဆရာအောင်သင်းရဲ့ ၁၉၉၄ ခုနှစ် ဇွန်လထုတ် သင့်ဘ၀ မဂ္ဂဇင်းမှာ ဖော်ပြခဲ့တဲ့ “ငိုမေးငိုဖြေ” ဆောင်းပါးက ကျနော်တို့ လူ့အဖွဲ့အစည်းရဲ့ ဖြစ်ရပ်တွေကို မီးမောင်း ထိုးပြထားတယ်။ ဆရာရဲ့ ဆောင်းပါးက လွန်ခဲ့တဲ့ နှစ် ၂၀ ကျော်က ပုံနှိပ်ဖော်ပြခဲ့တာဖြစ်ပေမယ့် အခုထိနေရာအများစုမှာ ကြုံတွေ့နေရဆဲဖြစ်တယ်။ ဆရာအောင်သင်းက သူ့ဆောင်းပါးမှာ အခုလို ရေးခဲ့တယ်။

“မန္တလေး မီးရထား စာကြည့်တိုက်ကပြုလုပ်တဲ့ ရေးသူဖတ်သူဆွေးနွေးပွဲမှာ တက္ကသိုလ်ဆရာငယ်တယောက်က မေးခွန်းထုတ်ပါတယ်။ ဒီနေ့သင်ယူသူတွေ အတော်များများ အကျင့်ပျက်နေကြပြီ။ သင်ကြားသူတွေလည်း အကျင့်ပျက်စပြုလာပြီ။ မေးခွန်းရှင် ဆရာလေးတွေလည်း ကိုယ့်ကိုကိုယ် ထိန်းကျောင်းရင်း လျှာပေါ် မြက်ပေါက်တော့မယ်။ ကျနော်တို့ မြက်စားရတော့မလားလို့ မေးပါတယ်။”

“အတတ်နိုင်ဆုံးတောင့်ထားပါ။ မြက်ကို မစားချင်ပါနဲ့။ နောက်ဆုံး မတောင့်နိုင်တော့လို့ ရှိရင်တော့ဖြင့် စားလိုက်ပါတော့။ ဒါပေမယ့် ငိုပြီးစားပါ။ ကြေကွဲစွာ ငိုပြီးစားပါ။ငိုရကောင်းမှန်း သိပါ။ ဒါဟာ ငိုရမယ့် ကိစ္စ။ ပတ်ဝန်းကျင် အပေါင်းအသင်းများကိုလည်း ငိုရကောင်းမှန်းသိအောင် သတိပေးပါ။ အဲဒီလိုလုပ်ကြရင် လူတွေဟာ မငိုချင်တဲ့အတွက် ဝိုင်းဝန်း ဖန်တီးလာကြလိမ့်မယ်လို့ ယူဆပါတယ်။”

မေးသူ တက္ကသိုလ်ဆရာငယ် ကိုယ်တိုင် ရင်ထဲက ငိုပြီးမေးတဲ့မေးခွန်းဖြစ်သလို ဖြေသူ ဆရာအောင်သင်းလည်း ရင်ထဲက ငိုပြီးဖြေခဲ့တဲ့အဖြေဖြစ်တယ်။ စာဖတ်သူတွေလည်း ရင်ထဲကငိုပြီး ဖတ်ခဲ့ရတဲ့ ဆောင်းပါးတပုဒ်ဖြစ်ခဲ့တယ်လို့ ဆရာလူထုစိန်ဝင်းက မှတ်ချက်ချခဲ့တယ်။

တစုံတယောက်က မြန်မာတွေ ရှက်တတ်ရဲ့လားလို့ မေးလာရင် မိတ်ဆွေ ဘယ်လိုဖြေမလဲ။ ကျနော်ကတော့ မြန်မာတွေဟာ ဟိရိဩတပ္ပ ဆိုတဲ့ မကောင်းမှု ပြုလုပ်ရမှာ ရှက်တဲ့ လူမျိုး၊ မကောင်းမှုမှာ ပျော်မွေ့ရမှာ ကြောက်တဲ့ လူမျိုးပါ လို့ ရဲရဲဝံ့ဝံ့ မဆိုင်းမတွ ဖြေချင်ပါတယ်။

(သန်းနိုင်ဦးသည် မန္တလေးအခြေစိုက် သတင်းစာဆရာတဦးဖြစ်သည်)

Loading