အခွန်စနစ်သစ်က ဘာထူးမှာလဲ

ဖိုးစမ်းချောင်း (GG)

This article has been converted from Zawgyi One to Unicode

ဧပြီလ ၁ ရက်တွင် စတင်ထမ်းဆောင်ရမည့် အခွန်ဥပဒေသစ်တွင် သာမန်ပြည်သူများအတွက် သတင်းကောင်း တရပ်နှင့် အခွင့်အလမ်းကောင်းတရပ် ပါဝင်နေသည်။ တနှစ်လျှင်ဝင်ငွေ ကျပ် ၄၈ သိန်းထက် မကျော်သောသူများ ဝင်ငွေခွန် ပေးဆောင်စရာမလိုဆိုသည့် သတင်းကောင်းကို အားလုံးသိပြီးသား ဖြစ်ပါလိမ့်မည်။

လူသိနည်းသော အခွင့်အလမ်းကောင်းတရပ်က တနှစ်ဝင်ငွေကျပ် ၄၈ သိန်းထက် မကျော်သော သာမန်ပြည်သူများ အနေဖြင့် ငွေဖြူကိုင်ဆောင်နိုင်သည့် အခွင့်အလမ်းပင် ဖြစ်ပါသည်။ အခွင့်အလမ်းကောင်းဆိုသည့် စကားရပ်ကို သုံးရသည်မှာ ဒွိဟပွားစရာများ ရှိသော်လည်း အမှန်မှာ ထိုကိစ္စသည် ပြည်သူများ၏ မူလအခွင့်အရေးပင် ဖြစ်သည်။ ဆိုလိုသည်မှာ ယခင်က မပေးခဲ့သော ပြည်သူ့အခွင့်အရေးကို ယခုမှ ပြည်သူများထံ ပြန်ပေးခြင်းပင် ဖြစ်ပါသည်။

စေ့စေ့တွေးကြည့်လျှင် အမှန်ပင်ရယ်စရာ ကောင်းပါသည်။ မည်သည့်တရားမဝင် လုပ်ငန်းကိုမျှ မလုပ်ဘဲ သမ္မာအာဇီဝကျကျ စီးပွားရှာနေကြသော ကျနော်တို့ သာမန်ပြည်သူများ ရရှိလာသည့် ဝင်ငွေများသည် စနစ်တခု၏အောက်တွင် အလိုအလျောက် ငွေမည်းများ ဖြစ်နေခဲ့သည်။ နိုင်ငံသားတယောက်၏ ရပိုင်ခွင့်များ ဆုံးရှုံးခဲ့ကြသည်။ ယခုတော့ ထိုကိစ္စကို ပြောင်းလဲနိုင်တော့မည် ဖြစ်ပါသည်။

အိမ်မှာထိုင်နေလျှင်ဖြင့် ထိုအခွင့်အလမ်းကောင်းကို မရနိုင်ပါ။ ဧပြီလ ၁ ရက်ကျော်လျှင် ပြည်တွင်းအခွန်ဌာနသို့ သွားရမည် ဖြစ်သည်။ မိမိဝင်ငွေသည် တနှစ်လျှင် ၄၈ သိန်း မကျော်ကြောင်း ကြေငြာကာ ငွေဖြူဖော်ရမည် ဖြစ်သည်။ မိမိအိမ်တွင် အလုပ်လုပ်နေသည့် မိသားစုဝင် ၄ ဦးရှိလျှင် ၁ ဦးလျှင် ၄၈ သိန်း ငွေဖြူဖော်နိုင်မည် ဖြစ်သောကြောင့် ၄ ဦးဆိုလျှင် တနှစ်လျှင် ကျပ် ၁၉၂ သိန်း ငွေဖြူဖော်နိုင်မည် ဖြစ်သည်။

သာမန်ပြည်သူများနှင့် ငွေဖြူငွေမည်းမှာ ကျွမ်းဝင်မှု မရှိပါ။ ကျနော်တို့သည် ပုံမှန်အတိုင်း လုပ်ကိုင်စားသောက်ကြပြီး အခွန်ရုံးသို့ ခြေဦးလှည့်လေ့ မရှိသကဲ့သို့ အခွန်စနစ်ဖြင့်လည်း ကျွမ်းဝင်မှု မရှိကြပေ။ ကားဝယ်အိမ်ဝယ်သည့် အခါမှ အခွန်ရုံးဘက်သို့ မဖြစ်မနေ ခြေဦးလှည့်ကြသည်။

ထိုအခါတွင်လည်း မည်သည့်စနစ်ဖြင့် ကောက်ခံသည်။ မည်သို့မည်ပုံ ပေးသွင်းရသည် ဆိုသည်ကိုလည်း သေသေချာချာ မသိကြဘဲ အခွန်အကြောင်း ကျွမ်းကျင်သည့် နီးစပ်ရာလူများနှင်သာ လုပ်ကိုင်ကြသည်။ အခွန်စာရေးနှင့် ညှိကြပြီး အခွန်ပေးဆောင်ကြလေသည်။

ဒီမိုကရေစီနိုင်ငံ စနစ်တွင် အခွန်သည် သူဌေးသူကြွယ်များကို သာမက သာမန်ပြည်သူများကိုလည်း အခွန်ပေးဆောင်ခိုင်းမည် ဖြစ်သည်။ ထိုစနစ်ကို ရှောင်လွှဲ၍မရ၊ တခုသိဖို့လိုအပ်သည်မှာ အခွန်ဆောင်ခြင်းမှှ ရရှိနိုင်သည့် အကျိုးအမြတ်များကို ရှင်းရှင်းလင်းလင်း သိထားမှသာ လက်တွေ့အသုံးချနိုင်မည် ဖြစ်သည်။

မော်တော်ယာဉ်များဖြစ်သည့် ဟွန်ဒါဖစ်၊ ပရိုဘောက်ကဲ့သို့ ၁၃၀၀ စီစီ ကားတစီးအား ပြည်ပမှ တင်သွင်းမည်ဆိုလျှင် အစိုးရ ဌာနအသီးသီးသို့ ပေးသွင်းရမည့် အခွန်တန်ဖိုးမှာ ကျပ် ၄၈ သိန်း၊ သိန်း ၅၀ ဝန်းကျင်ခန့် ရှိသည်။ ပေးသွင်းရမည့် ဌာနသုံးခုမှာ အကောက်ခွန်၊ ကညနနှင့် ကုန်သွယ်ခွန် ဌာနတို့ ဖြစ်ကြသည်။ အကောက်ခွန်၊ ကုန်သွယ်ခွန်နှင့် ကညနခွန်တို့ကို ငွေဖြူရှိစေ၊ ငွေမည်းရှိစေ ရှောင်လွှဲသက်သာခွင့် မရပါ။ မဖြစ်မနေ ပေးဆောင်ရမည် ဖြစ်သည်။

အံ့သြစရာတခုမှာ တရားဝင် အခွန်ပေးဆောင်ပြီး ဝယ်ယူထားသည့် မြန်မာပြည်သားတယောက်ပိုင်ကားကို မြန်မာပြည်သားတယောက်က လက်လွှဲဝယ်ယူပြီး မိမိနာမည်ပြောင်းလိုပါက ထပ်မံအခွန် ပေးဆောင်ရခြင်း ဖြစ်သည်။ ကိစ္စမရှိပါ။ သင့်တွင် ငွေဖြူရှိပါက ထိုနာမည်ပြောင်းအတွက် ထပ်မံကုန်ကျမည် မဟုတ်ပါ။ သင်ဝယ်လိုက်သည့်ကားသည် ငွေဖြူဖြင့် ဝယ်ထားကြောင်း အခွန်မှူးကို အထောက်အထား ပြနိုင်လျှင် ရပြီ ဖြစ်ပါသည်။

ထို့အတူပင် တန်ဖိုးအသင့်အတင့်ရှိသော မြို့စွန်မှ မြေတကွက်ဝယ်လျှင် နာမည်ပေါက် ပြောင်းရန်အတွက် ပေးဆောင်ရသော အခွန်အခများအား ငွေဖြူပြနိုင်လျှင် အခွန်သက်သာခွင့် ရပါသည်။ ထိုကဲ့သို့ အချက်များကြောင့် တနှစ်ဝင်ငွေ ၄၈ သိန်း မကျော်သော ပြည်သူများအနေဖြင့် အခွန်ရုံးသို့သွားကာ ဝင်ငွေခွန် ကြေငြာရန် လိုအပ်ကြောင်း တိုက်တွန်းနေရခြင်းပင် ဖြစ်သည်။

ပြည်တွင်းအခွန်သည် အလုပ်လုပ်ပါသည်။ ကွက်ကြားမိုးရွာသကဲ့သို့ လုပ်ချင်သောနေရာတွင် လုပ်နေခြင်းဖြစ်ပြီး၊ မလုပ်ချင်သော နေရာတွင် မလုပ်ပါဟုသာ ပြောရပါလိမ့်မည်။ မန္တလေးမြို့ ဆင်ခြေဖုံး ရပ်ကွက်တခုတွင် စတိုးဆိုင်ဖွင့်ထားသော မိတ်ဆွေတယောက်က ငြီးငြူနေသဖြင့် မေးကြည့်ရာ အခွန်အချိန်မှီ မဆောင်သဖြင့် ဒဏ်ကြေးပေးရန် စာရောက်လာသောကြောင့် ဖြစ်သည်ဟု ပြောဆိုသည်။ ယခင်က အခွန်စာရေးက အခွန်ဆောင်ရန် စာရွက်လာပေးကြောင်းနှင့် ထိုသို့လာပေးလျှင် အခွန်ရုံးသို့ သွားဆောင်လိုက်ကြောင်း၊ အခုသူတို့ဘာသာ သူတို့လာပေးပြီး အခွန်ဆောင်ဖို့ သက်တမ်းလွန်သွား၍ ဒဏ်ကြေးဆောင်ရမည်ဟု ဆိုသည်။

ထိုဖြစ်စဉ်တွင် ပထမအားနည်းသူမှာ စတိုးဆိုင်ပိုင်ရှင် ဖြစ်သည်။ နိုင်ငံသားတယောက် အနေဖြင့် လုပ်ငန်းလုပ်လျှင် အမြတ်ခွန်ဆောင်ရမည် ဖြစ်သော်လည်း သူ သွားမဆောင်သောကြောင့် ယခုလိုဒဏ်ကြေးပေးရခြင်း ဖြစ်သည်။ ဒုတိယအားနည်းသူမှာ အခွန်ရုံး ဖြစ်သည်။ လုပ်ငန်းရှင်များ မည်သည့်အချိန်တွင် နောက်ဆုံးထား အခွန်ဆောင်ရမည်၊ မည်သို့မည်ပုံ ပေးချေရမည် ဆိုသည်ကို အသိပညာပေးသည့် လုပ်ငန်းများ ကျယ်ကျယ်ပြန့်ပြန့် လုပ်ရမည် ဖြစ်သော်လည်း မလုပ်ခဲ့သောကြောင့် ယခုလိုကိစ္စများ ကြုံတွေ့နေရခြင်း ဖြစ်သည်။

နောက်တဦးက ကားဝပ်ရှော့ ဖွင့်ထားသူဖြစ်သည်။ နှစ်တိုင်းအမြတ်ခွန် ပေးဆောင်ရသောကြောင့် အဆိုပါ အခွန်ငွေများနှင့် ကားအမည်ပေါက်ပြောင်းလျှင် သက်သာခွင့် ရှိမည်ထင်သောကြောင့် မြို့နယ်အခွန်ရုံးသို့ အခွန်ဆောင်ထားကြောင်း အထောက်အထား သွားယူပါသည်။ မြို့နယ်မှုးက တိုင်းအထိ ပြန်တင်ရမည် ဖြစ်သောကြောင့် အချိန်ကြာမြင့်နိုင်သည်။ မတ်လကျော်သွားလိမ့်မည်ဆိုပြီး တဖက်သို့လွှဲချသောကြောင့် ပြင်ပစီးပွားးရေးသမား တဦးပီပီ အလုပ်ရှုပ်မခံဘဲ မိမိငွေဖြင့်သာ ကားအမည်ပေါက် ပြောင်းခဲ့ရသည်ဟု ဆိုသည်။

“အခွန်ရုံးကလူတွေ ဘယ်လိုရစ်တယ်ဆိုတာ မင်းကြုံဖူးလို့လား” ဟု စီးပွားရေးသမားများက ပြန်လည်မေးခွန်း ထုတ်ပါသည်။ လုပ်ငန်းစဉ် များပြားသလောက် မျိုးစုံရစ်သော ဌာနများတွင် အခွန်ရုံးသည်လည်းတခု အပါအဝင်ဖြစ်ကြောင်း ရဲရဲကြီး အာမခံပါသည်။

သို့သော်လည်း ဒေါ်အောင်ဆန်းစုကြည်ပြောသော စကားတခွန်းကို သတိရပါ။ ဝန်ထမ်းများကို နောက်ကြောင်းပြန် အရေးမယူပါ။ သို့သော် ယခုအချိန်အထိ အဂတိလိုက်စားပါက တိတိကျကျ အရေးယူသွားမည်ဆိုသော ကတိစကား ဖြစ်သည်။ သင်ကိုယ်တိုင် သွားလုပ်ကြည့်လိုက်ပါ။ ရစ်နေလျှင်၊ ဂွင်ဖန်နေလှျှင် သေသေချာချာ မှတ်သားလာခဲ့ပြီး သင်ကိုယ်တိုင် လက်သန်းမင်စွတ် မဲပေးခဲ့သော လွှတ်တော်ကိုယ်စားလှယ်များထံသို့ သွားရောက်အသိပေး ပြောကြားခြင်းအားဖြင့် တိုင်းပြည်တခု၏ အပြောင်းအလဲလှုပ်ရှားမှုတွင် သင်ကိုယ်တိုင် ပါဝင်နိုင်ပြီ ဖြစ်ပါသည်။

မိမိကိုယ်တိုင် မသွားဘဲ ပွဲစားဖြင့် တဆင့်လုပ်ခိုင်း၊ အဆင်မပြေသောအခါမှ ဒီမိုကရေစီစနစ်သာ ပြောတယ်။ အရင်အတိုင်းပဲ၊ ဘာမှမပြောင်းဘူးဟု ညည်းတွားဝေဖန်နေလည်း ရပါသည်။ မည်သည့်အခွင့်အရေးမှ ကောင်းကင်ပေါ်မှ အလိုလိုနေရင်း ကျလာမည်မဟုတ်ဆိုသည့် သဘောကို နားလည်ဖို့ လိုပါသည်။

မိမိသည် ယခုရေးသားသည့် အခွန်ဆောင်းပါးအတွက် မန္တလေးမြို့အခြေစိုက် စီးပွားရေးလုပ်ငန်းရှင် ၁၁ ဦးတိတိကို သွားရောက်မေးမြန်းခဲ့ပါသည်။ လုပ်ငန်းရှင်များက ဖြေကြားပေးပါသည်။ အားလုံးက တောင်းဆိုသည်မှာ သူတို့နာမည်ဖြင့် လုပ်ငန်းအတိအကျကို သတင်းထဲတွင် ထည့်မရေးရန်ဆိုသည့် အချက်ဖြစ်သည်။ အဘယ့်ကြောင့်နည်း။ သတင်းထဲတွင် နာမည်ပါသွားလျှင် အငြိုးခံရသောကြောင့် ဖြစ်သည်ဟု ပြောဆိုကြပါသည်။

ဘာလို့အငြိုးခံရတာကို ကြောက်နေတာလဲ။ ကိုယ့်ဘက်ကမှန်တယ် မဟုတ်ဘူးလားဟု မေးကြည့်ရာ ငါတို့လည်း အကုန်မမှန်ဘူး။ အခွန်သက်သာအောင် အခွန်စာရေးနဲ့ အဆင်ပြေအောင် ညှိနှိုင်းလုပ်နေတာတွေ ရှိခဲ့တယ်ဟု ၎င်းတို့က ပွင့်ပွင့်လင်းလင်း ပြန်ပြောပါသည်။ အဘယ့်ကြောင့် ညှိနှိုင်းကြသနည်းဆိုသည့် မေးခွန်းအတွက် အဖြေက ရှင်းပါသည်။ တရားဝင် ကောက်ခံနေသော အခွန်အခများသည် ဥပဒေအတိုင်း အတိအကျ ပေးဆောင်ပါက အလွန်များပြားနေသောကြောင့် ဖြစ်သည်။

တိုင်းအခွန်ရုံးသို့လည်း သွားရောက် မေးမြန်းခဲ့ပါသည်။ ပထမအကြိမ်က တိုင်းအခွန်မှူးမှ မိမိတို့မေးသည့် မန္တလေးတိုင်းအတွင်း အခွန်ကောက်ခံရရှိငွေ မည်မျှရှိသနည်းဆိုသည့် မေးခွန်းကိုမဖြေဘဲ အခြားသော အခွန်လုပ်ငန်းစဉ်များကိုသာ ပြောပါသည်။ ကောက်ခံရရှိသည့် အခွန်ငွေ အတိအကျ သိလိုလျှင် မြို့နယ်ရုံးများသို့ သွားရောက်မေးပါဟုသာ ဘော်လီဘောပုတ်ပါသည်။

မြို့နယ်ရုံးများသို့ သွားသည့်အခါတွင်လည်း လူကြီးမရှိသေးပါ။ အစည်းအဝေး သွားနေပါသည်။ မအားသေးပါဆိုသည့် ဖြေကြားချက်များသာ ရရှိခဲ့သည်။ အခွန်စာရေးများသို့လည်း ချဉ်းကပ်ပါသည်။ မင်းတို့မီဒီယာတွေကို ဖွင့်ချမယ်ဆိုပြီးလုပ်တဲ့ အခွန်စာရေးကြီးတယောက် အခုထိ အချုပ်ခန်းထဲက ထွက်မလာသေးဘူး။ ငါတို့တော့ ဒုတိယလူ အဖြစ်မခံပါရစေနဲ့ဆိုကာ လက်ရှောင်ကြပါသည်။ တိုင်းအခွန်ရုံးသို့ နောက်တကြိမ် ပြန်သွားသောအခါတွင် မအားသေးပါဟူသည့် အဖြေသာ ရခဲ့ပါသည်။

(ဖိုးစမ်းချောင်း(GG) သည် မန္တလေးအခြေစိုက် သတင်းစာဆရာတဦး ဖြစ်သည်)

Loading