အစားအသာက်တွေမှာ သုံးစွဲခွင့်မပြုတဲ့ ဆိုးဆေးပါရှိနေတာ၊ ဖော်မလင်ပါတဲ့ ပဲပြားတွေ ရောင်းချ နေတာတွေကို အစားအစာနဲ့ဆေးဝါးကွပ်ကဲရေးဋ္ဌာနခွဲ (မန္တလေး) က နေ့စဉ်လိုလို သတင်းထုတ်ပြန်နေတာ တွေ့ရတယ်။
သည်ရက်ပိုင်းအတွင်း မန္တလေးဈေးကွက်တွေမှာ ရောင်းချနေတဲ့ ငရုပ်သီးမှုန့် နမူနာ ၁၁ မျိုးနဲ့ စိမ်းစားငါးပိတွေကို နမူနာယူပြီး ဓာတ်ခွဲစစ်ဆေးတဲ့အခါ သုံးစွဲခွင့်မပြုတဲ့ဆိုးဆေးတွေ ပါနေတယ်။ ပဲပြား အမှတ်တံဆိပ် လေးမျိုးတွေမှာလည်း ဖော်မလင်ပါလို့ ဈေးကွက်မှာ မရောင်းချဖို့ တားမြစ်ထားတယ်။ ဈေးကွက်အတွင်း ရောင်းချနေတဲ့ မြေပဲဆီတွေမှာ စားအုန်းဆီတွေရောနှောပြီး ရောင်းချနေတာတွေလည်း သက်ဆိုင်ရာက မကြာခဏထုတ်ပြန် ကြေညာလေ့ရှိပါတယ်။
နေ့စဉ်စားသုံးတဲ့ အစားအစာတွေမှာ ကျန်းမာရေးနဲ့ ညီညွတ်ရဲ့လား။ အသား၊ ငါး၊ ဟင်းသီးဟင်းရွက်တွေမှာ ဘာတွေပါဝင်သလဲ။ ဓာတုဆေး၊ ဆိုးဆေး၊ ကြာရှည်ခံတဲ့ဆေးတွေနဲ့ တကယ်ကင်းရှင်းရဲ့လား ဆိုတာ ဘယ်သူမှ ဂဃနဏ မသိကြပါဘူး။ ကျန်းမာရေးအဆင့်မှီဖို့ထက် ကိုယ့်ဝင်ငွေလေးနဲ့ အဆင်ပြေအောင် စားသုံးကြရတယ်။ အစားအသောက်တွေမှာ လူတွေရဲ့ ကျန်းမာရေးကို ထိခိုက်စေတဲ့ အရာတွေ ဘယ်လောက်ပါနေလဲဆိုတာ မသိနိုင်ပါဘူး။
သုံးပြီးသားဆီတွေနဲ့ ပြန်ကြော်တဲ့ ဆီကြော်မုန့်တွေကအစ ဓာတုဆေးမကင်းနိုင်ဘူး။ ဟင်းစားချက်ဖို့အတွက် အသားငါးမှာလည်း မပုပ်မသိုးအောင် အရောင်လှအောင်ဆိုပြီး ဓာတုဆေးတွေ သုံးတာလည်း ရှိတယ်။ အသီးအနှံ၊ ဟင်းသီးဟင်းရွက်တွေမှာလည်း ပိုးသတ်ဆေးတို့၊ အပင် အသီးကြီးထွားဆေးတို့တွေကလည်း ဘေးထွက်ဆိုးကျိုးတွေရှိနိုင်တယ်။ ဒါတွေကို သေသေချာချာ မဆေးကြောမသန့်စင်ရင် လူ့ခန္ဓာကိုယ်မှာရှိတဲ့ ကလီစာတွေကို တမျိုးမဟုတ်တမျိုး ဒုက္ခပေးနိုင်ပါတယ်။
ဈေးတဈေးမှာ ကြက်သားဝယ်တော့ ဆေးဆိုးတာ ယူမလား၊ မဆိုးရသေးတာ ယူမလားလို့ ကြက်သားသည်က မေးတယ်။ ညနေပိုင်းဈေးရောင်းဖို့ပြင်နေတဲ့အချိန်မို့ အမွေးနုတ်ပြီးသား ကြက်သားတွေက ဖြူဖတ်ဖတ်နဲ့ ရောင်းတန်းသိပ်မလှဘူး။ အဲသည်လိုအရောင်မလှရင် ဝယ်သူကမကြိုက်ဘူး။ မလတ်ဆတ်ဘူး ဆိုပြီး မဝယ်ကြဘူး။ ဒါကြောင့် ဆေးဆိုးပြီးရောင်းတယ်။ ငါး၊ ပုဇွန်တွေမှာလည်း လတ်လတ်ဆတ်ဆတ် အရောင် ဖြစ်အောင် တချို့က မဲနယ်ဆိုးတာတွေလည်း ရှိတယ်။ မျှစ်ချဉ်တွေမှာလဲ သုံးစွဲခွင့်မပြုတဲ့ ဆိုးဆေးတွေပါလို့ သက်ဆိုင်ရာက တားမြစ်ထားပေမယ့် ပြန်ပြီးရောင်းချနေတာလည်းတွေ့ရတယ်။
မြန်မာနိုင်ငံမှာ စားသုံးရန်မသင့်တဲ့ အစားအစာတွေကို သက်ဆိုင်ရာ အစိုးရဋ္ဌာနက ဖော်ထုတ် ပေးလေ့ရှိတယ်။ သောက်ရေသန့်၊ စားသုံးဆီ၊ သွားရည်စာမုန့်၊ မီးဖိုချောင်သုံး အစားအစာတွေ၊ လက်ဖက် စတာတွေမှာ စားသုံးရန်မသင့်တဲ့ ဓာတုဆေးဝါးတွေ ပါဝင်ကြောင်း မကြာခဏထုတ်ပြန်တာ တွေ့ရတယ်။ စားသုံးဆီတွေမှာလည်း ပဲဆီစစ်စစ်မဟုတ်ဘဲ စားအုန်းဆီနဲ့ ရောနှောရောင်းချတာကိုလည်း မကြာခဏ ထုတ်ပြန်တာရှိတယ်။ ဒါ့အပြင် စားသုံးရန်မသင်တဲ့ အေးခဲအသားတွေလည်း ဈေးကွက်ထဲမှာရောင်းချလို့ သက်ဆိုင်ရာက ဖော်ထုတ်အရေးယူတာတွေလည်း ရှိပါတယ်။
စားသုံးရန်မသင့်တဲ့ (လူကိုအန္တရာယ် ဖြစ်စေတဲ့) အစားအစာတွေကို သက်ဆိုင်ရာက ဖော်ထုတ်ပေမယ့် တကယ် ထိထိရောက်ရောက် တားမြစ် အရေးယူတာမျိုးတွေ မတွေ့ရသေးပါဘူး။ စားသုံးရန် မသင့်ကြောင်း ဓာတုဆေးဝါး ပါဝင် ကြောင်း မရောင်းချဖို့ သက်ဆိုင်ရာက တားမြစ်ထားပေမယ့် ဈေးကွက်ထဲ ဆက်ပြီး ရောင်းချနေတာတွေကို ဘယ်လိုလုပ်ကြမလဲ။ တချို့က
တခြားနာမည် တမျိုးပြောင်းပြီး ဆက်ပြီးဖြန့်ဖြူးရောင်းချကြတယ်။
အစားအသောက်တွေမှာ စားသုံးရန်မသင့်တဲ့ ဆိုးဆေး၊ ဓာတုဆေးတွေပါဝင်နေတာကြောင့် စားသုံးရင် ကင်ဆာရောဂါအမျိုးမျိုးဖြစ်နိုင်တယ်ဆိုတာ သက်ဆိုင်ရာက မကြာခဏ အသိပေးပြီး စစ်ဆေးဖော်ထုတ်ပေမယ့် ဈေးကွက်အတွင်းမှာတော့ တွင်တွင်ကျယ်ကျယ် ရောင်းချနေဆဲပဲဖြစ်တယ်။ သက်ဆိုင်ရာက သည်ထက်မက ဖော်ထုတ်ပြီး ထိထိရောက်ရောက်အရေးယူဖို့ လိုလာပါတယ်လို့ တိုက်တွန်းရေးသားလိုက်ပါတယ်။
(ယဉ်ယဉ်ခန့်သည် မန္တလေးအခြေစိုက် အမျိုးသမီးသတင်းစာဆရာတဦး ဖြစ်သည်)