ဒုသမ္မတ ၃ ဦးကို ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နှင့် တပ်မတော်တို့က ရွေးချယ်ခဲ့အပြီး ပြည်တွင်းပြည်ပ စာနယ်ဇင်းများနှင့် ဆိုရှယ်မီဒီယာ ဖေ့ဘွတ်တို့တွင် ဝေဖန်သူ ထောက်ခံသူ ကန့်ကွက်သူတို့ အသံများ သောသောညံသွားခဲ့သည်။ ထိုအထဲ ပြည်သူ့လွှတ်တော်မှ အဆိုပြုသော ဦးထင်ကျော်ကို ဒေါ်အောင်ဆန်းစုကြည်၏ ဒရိုင်ဘာလုပ်ဖူးသူ၊ “ရုပ်သေး” စသဖြင့် ဝေဖန်သံများက လူအများ အာရုံစိုက်စရာ ဖြစ်ခဲ့သည်။ တက်လာမည့် အစိုးရသည်လည်း ဒေါ်အောင်ဆန်းစုကြည် ကြိုးဆွဲရာကမည့် ရုပ်သေးအစိုးရဟု နိုင်ငံရေးအရ အပြင်းအထန် တိုက်ခိုက်သည့် အသံတချို့ကိုလည်း ကြားရသည်။
ထိုသို့ ဝေဖန်ပြောဆိုမှုများ ဖြစ်လာစေရန်လည်း နိုင်ငံရေးအခင်းအကျင်းများက ဖြစ်ပေါ်နေခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်သည် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြဌာန်းချက် ၅၉ (စ) အရ အစိုးရကို တာဝန်ခံ ဦးစီးမည့် သမ္မတရာထူး မရယူနိုင်သော်လည်း ရွေးကောက်ပွဲ မဲဆွယ်ကာလမှသည် ရွေးကောက်ပွဲနှင့် အနိုင်ရကာလအလယ် လွှတ်တော်ဖွဲ့စည်းအပြီးနှင့် အုပ်ချုပ်ရေးအာဏာ အပြောင်းအလွှဲ ကာလတလျှောက်လုံး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) နှင့် ပါတီ၏ ရွေးကောက်ခံကိုယ်စားလှယ်များကို စိတ်တိုင်းကျ ပုံသွင်းပြီး ခေါင်းဆောင်မှုကို ပြနေခဲ့သည်။
ပင်နီဝတ်ရန် တိုက်တွန်းခြင်းကဲ့သို့ နေထိုင်စားသောက်ရေးက အစ အခြေခံဥပဒေနှင့် အင်္ဂလိပ်စာသင်တန်းများ ပေးခြင်း အလယ် ပြည်သူ့လွှတ်တော် ရှေ့ဆုံးတန်းတွင် ထိုင်ပြီး နိုင်ငံရေးအင်အားပြခြင်း အဆုံး လွှတ်တော်သစ်ကို ဦးဆောင်နေခဲ့သည်။ လွှတ်တော်ဥက္ကဋ္ဌ တာဝန်များနှင့် ဒုသမ္မတ နေရာ တနေရာတွင် တိုင်းရင်းသား နိုင်ငံရေးသမားများအား တာဝန်ယူစေခြင်းဖြင့်လည်း NLD ၏ ရွေးကောက်ပွဲ ကြေညာစာတမ်းပါ ဦးစားပေးဖြစ်သည့် တိုင်းရင်းသားရေးနှင့် ပြည်တွင်းငြိမ်းချမ်းမှုတည်ဆောက်ရေးကို ရှေ့တန်းတင် ဆောင်ရွက်မည်ဖြစ်ကြောင်း ကနဦး ပြသခဲ့သည်။
အစိုးရသစ် ဖွဲ့စည်းရေးတွင်လည်း ကာကွယ်ရေး၊ ပြည်ထဲရေးနှင့် နယ်စပ်လုံခြုံရေး ဝန်ကြီးဌာန ၃ ခုကို ကိုင်တွယ်မည့် တပ်မတော်၏ ကာကွယ်ရေးဦးစီးချုပ် မင်းအောင်လှိုင်နှင့် ဒေါ်အောင်ဆန်းစုကြည် ၂ ကြိမ် တွေ့ဆုံပြီး အတူလက်တွဲ လုပ်ဆောင်ရေး သဘောထားညှိနှိုင်းခဲ့ကြသေးသည်။
သို့ရာတွင် မှ သမ္မတရာထူးအတွက် ကိုယ်စားလှယ်လောင်းများ တင်သွင်းရန် တရက်အလို မတ်လ ၉ ရက်တွင် ပင်လုံစာချုပ်အပေါ် အခြေခံပြီး ရေးဆွဲခဲ့ သော ၁၉၄၇ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ၏ အားနည်းမှုကြောင့် ပြည်ထောင်စုကြီး မပြိုကွဲစေရန် တပ်မတော်အနေဖြင့် ၁၉၆၂ ခုနှစ်တွင် အာဏာသိမ်းခဲ့ရခြင်းဖြစ်သည်ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောဆိုလိုက်သောကြောင့် တပ်မတော်အနေဖြင့် တိုင်းရင်းသားအရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေး အလေးပေးလုပ်ဆောင်မည့် အစိုးရသစ်နှင့် မည်မျှအတိုင်းအတာထိ လက်တွဲလုပ်နိုင်မည့်အပေါ် မေးခွန်းထုတ်စရာ ဖြစ်လာခဲ့သည်။
တပ်၏ အနာဂတ်နိုင်ငံရေး သဘောထားကလည်း မရေရာလှပေ။ အမျိုးသားနိုင်ငံရေးတွင် ဦးဆောင်မှုကဏ္ဍမှ ပါဝင်ရေး အာမခံထားသော ၂၀၀၈ ဖွဲ့စည်းပုံအခြေခံကို ကာကွယ်စောင့်ရှောက်ရမည်ဟု တဖက်မှ ပြောဆိုပြီး နိုင်ငံတကာဆက်ဆံရေး မျက်နှာစာတွင်မူ အချိန်တန်လျှင် နိုင်ငံရေးမှ တပ်မတော် ပြန်လည်ဆုတ်ခွာမည်ဟု ပြောဆိုပြန်သည်။ လတ်တလော နိုင်ငံရေးအခြေအနေအရဆိုလျှင် အခြေခံဥပဒေ ပြင်ဆင်ရေး၊ လွှတ်တော် အတွင်း တပ်မတော်သား ကိုယ်စားလှယ်များ လျှော့ချရေး သို့မဟုတ် တပ်မတော်က စစ်တန်းလျားသို့ လုံးလုံးလျားလျား ပြန်သွားရေး ကဲ့သို့သော အစီအစဉ်များ အချိန်ဇယားနှင့် စနစ်တကျ ဖြစ်လာရန်မှာ တပ်မတော်မှ လက်မခံ မဆောင်ရွက်သမျှ ရွှေပြည်တော်မျှော်တိုင်းဝေး ဖြစ်နေဦးမည်။
ဤနေရာတွင် တပ်မတော်ဖွဲ့စည်းပုံအရ လက်ရှိတပ်ချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တာဝန်အကြီးဆုံး ဖြစ်သော်လည်း နိုင်ငံရေးမူဝါဒချမှတ်ရာတွင် ဦးဆောင်သူဖြစ်ပါရဲ့လားဟု မေးခွန်းထုတ်စရာကလည်း ဖြစ်လာခဲ့ပြန်သည်။ တပ်မတော်မှ တင်သွင်းသည့် ဒုသမ္မတလောင်းအဖြစ် ဦးမြင့်ဆွေကို ရွေးချယ်ခဲ့သည်မှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်လား တပ်ချုပ်ဟောင်း ဦးသန်းရွှေလား မေးစရာရှိနေသည်။ အကယ်၍ လက်ရှိတပ်ချုပ်က ရွေးခဲ့သည်ဆိုလျှင် တက်လာမည့် အစိုးရနှင့် ပူးပေါင်းဆောင်ရွက်မည်ဟူသော ကတိကဝတ်မှာ အစစ်အမှန် မဟုတ်တော့။ ဆရာဟောင်း ဦးသန်းရွှေကို မလွန်ဆန်နိုင်သောကြောင့်ဆိုလျှင် တပ်အပေါ် ဦးသန်းရွှေ ဩဇာရှိဆဲဆိုသည်ကို သက်သေပြနေသည်။
ထို့ကြောင့်လည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သာမက ဦးသန်းရွှေကို ဒေါ်အောင်ဆန်းစုကြည်သွားတွေ့ခဲ့ခြင်း ဖြစ်မည်။ သို့သော် ဒေါ်အောင်ဆန်းစုကြည်ကို “အနာဂတ် နိုင်ငံ့ခေါင်းဆောင်”အဖြစ် လက်ခံရန် မြေးဖြစ်သူထံမှတဆင့် တရားမဝင် ထုတ်ပြန်ခဲ့သော ဦးသန်းရွှေ၏ တိုက်တွန်းချက်မှာ အရာမထင်လာခဲ့ဘဲ လုပ်ပိုင်ခွင့်ကို ကိုယ်ကျိုးစီးပွားအတွက် အသုံးချသူဟု လူကြိုက်နည်းသည့် လက်ရင်းတပည့် ရန်ကုန်တိုင်း ဝန်ကြီးချုပ်ဦးမြင့်ဆွေသာ ဒုသမ္မတ ဖြစ်လာခဲ့သည်။ NLD အစိုးရ၏ မူဝါဒနှင့် လုပ်ပိုင်ခွင့်ဘောင်ထဲ ဦးမြင့်ဆွေ အရင်လို လုပ်မရဘဲ ဒုသမ္မတဟောင်း သီဟသူရ ဦးတင်အောင်မြင့်ဦးကဲ့သို့ စောစီးစွာ နုတ်ထွက်ဖွယ် မြင်ကြောင်း ပြောသူလည်းရှိသည်။
မည်သို့ပင်ဖြစ်စေ ၂၀၀၈ ဖွဲ့စည်းပုံကို အခြေခံသော မြန်မာ့နိုင်ငံရေးဇာတ်ခုံကို ရုပ်သေးပွဲဟု ဆိုပါက ကြိုးဆွဲမည့် ဇာတ်ဆရာသည် ကိုယ့်ဇာတ်ကို ပရိသတ်ကြိုက်အောင် လှလှပပ နိုင်နိုင်နင်းနင်း ကပြတတ်ရမည်။ ထိုသို့မဟုတ် ကြိုးရှုပ်နေမည်ဆိုပါက ရွှေပွဲလာ ပရိသတ်က အော်ဟစ်ကဲ့ရဲ့ကြမည်မှာ ဓမ္မတာ။