မဏ္ဍပ်ပေါ်မှ လူများ စွန့်ပစ်ထားသော အညစ်အကြေးများကို နေ့လယ်လူရှင်းချိန်တွင် ကျုံးထဲသို့ ပြန်စွန့် ပစ်နေသည်ကို မြင်လိုက်ရသည့် လွန်ခဲ့သော ဆယ်နှစ်ကတည်းက မန္တလေး၏ နာမည်ကျော်ကျုံးဘေး သင်္ကြန်သို့ မသွား ဖြစ်တော့ပါ။
ခိုက်ရန်ဖြစ်ပွားမှုများ၊ လူသေမှုများ၊ ဆိုင်ကယ်၊ ကားအက်ဆီးဒင့်များ မကြာခဏ မြင်ရကြားရသည့် အခါတွင်တော့ သြော်. ငါမသွားမိတာ တော်တော်မှန်တာပါလားဟု တွေးမိပါသည်။ မန္တလေးသားတယောက်အနေဖြင့် ကျုံးဘေးတခုတည်း တွင်သာ စုပြုံတိုးနေရသည့် သင်္ကြန်ပွဲတော်ကို အသွင်ပြောင်းမြင်လိုသည်မှာ ကြာမြင့်လှပြီဖြစ်သော်လည်း ယခု NLD အစိုးရ တက်လာသည့်အခါမှသာ များမကြာမီ ဆန္ဒပြည့်ရတော့မည်ဖြစ်ပါသည်။
ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၏ ဖေ့ဘွတ်စာမျက်နှာပေါ်တွင် စီးပွားဖြစ်သင်္ကြန်မဏ္ဍပ်များ ဆောက်လုပ်ခွင့်မပေး တော့သည်ကို သဘောမတူသည့်လူများ ဝိုင်းဝန်း ဆဲဆိုနေကြသည်ကို ဖတ်လိုက်ရသည့်အခါ စီးပွားဖြစ် သင်္ကြန်မဏ္ဍပ်များ ဆောက်လုပ်ခွင့်မပေးတော့သည်ကို သဘောတူသည့် အသံတိတ်နေသည့် လူများကိုယ်စား ယခုစာကို ရေးသားရခြင်း ဖြစ်ပါသည်။
ကျနော် ငယ်စဉ် ၁၉၉၀ ဝန်းကျင်က သင်္ကြန်နီးပြီဆိုလျှင် အုန်းပင်ရှိသည့် အိမ်များကို မျက်နှာချိုသွေးရသည်။ တခါတလေ ရပ်ကွက် အုန်းလက်မဏ္ဍပ်လုပ်လိုသူ များနေ၍ မနက်မိုးမလင်းခင်အုန်းလက်များကို ပြေးခုတ်ထားရသည်။
ရပ်ကွက်လူကြီးများက သင်္ကြန်တွင်း စတုဒိသာကျွေးရန်၊ သက်ကြီးရွယ်အိုများကို ရေကန်တော့ရန် အစီအစဉ်များကို တရပ် ကွက်နှင့် တရပ်ကွက် အပြိုင်အဆိုင် စီစဉ်ကြရသည်။ မင်းတို့ရပ်ကွက်က မုန့်လုံးရေပေါ်ကို တရက်ပဲကျွေးတာ၊ ငါတို့ ရပ် ကွက်က သုံးရက်ကျွေးတာကွ၊ လာမယှဉ်နဲ့ ဘာညာ ကလေးသဘာဝအပြိုင်အဆိုင် စကားနိုင်လုပြောခဲ့ရသည့် အချိန်များ ကို မှတ်မိနေပါသေးသည်။
ကာလသားကြီးများကလည်း သင်္ကြန်တွင်း ပေါက်ကရလုပ်ရန် ဆံပင်ညှပ်ဆိုင်တွင် ခေါင်းချင်းဆိုင် တိုင်ပင်နေကြသကဲ့သို့ ကာလသမီးပျိုများကလည်း အပြိုင်အဆိုင် ပဲများရန် ပြင်ဆင်ကြသည်မှာ တပျော်တပါးကြီးဖြစ်ပါသည်။ သင်္ကြန်တွင်း သောက်စား လွန်သွား၍ အနည်းငယ်ရမ်းကားလိုသူများရှိသော်လည်း ကိုယ့်ရပ်ကွက်အတွင်း အချင်းချင်း အကြောင်းသိ များ ဖြစ်၍ အဲဒီ မူးနေတဲ့ကောင်က ဘယ်သူ့သား၊ သူ့ဦးလေး သွားခေါ်လိုက်စမ်းဟေ့၊ မင်းတို့အချင်းချင်း ထိန်းကြလေကွယ်စသည်ဖြင့် သွေးထွက်သံယို ရန်ပွဲများမရှိသလောက် ရှားပါးပါသည်။
အဘယ့်ကြောင့် အသေးစိတ် မှတ်မိနေပါသနည်းဟု ပြောရလျှင် သင်္ကြန်ကို ကျနော်တို့ ကိုယ်တိုင် ပုံဖော်ခဲ့ရသောကြောင့် ဖြစ်ပါလိမ့်မည်။ စီးပွားရေးအကျိုးအမြတ်တစုံတရာမပါဘဲ သင်္ကြန်ကို ချစ်စိတ်၊ ရိုးရာဓလေ့ကို ထိန်းသိမ်းလိုစိတ်ဖြင့် အားလုံး ပါဝင်ဆင်နွဲပျော်ရွှင်ခဲ့ရသည့် သင်္ကြန်ဖြစ်ပါသည်။
ရပ်ကွက်တခုချင်းဆီ၏ စိတ်ကူးစိတ်သန်းအလိုက်သင်္ကြန်ကို ပုံဖော်မှုများလည်း ကွဲပြားခြားနားပါသည်။ ဘယ်ရပ်ကွက်က တော့ မုန့်လုံးရေပေါ်ကောင်းတယ်.ဘယ်ရပ်ကွက်ကတော့ အကကောင်းတယ်၊ ဘယ်ရပ်ကွက်ကတော့ အပျိုချောတယ် စသည်ဖြင့် အရောင်အသွေးစုံလင်သော သင်္ကြန်ကာလဖြစ်ခဲ့ပါသည်။
မြို့မကားကြီး လှည့်လာပြီဆိုလျှင် ခင်ဗျားတို့ ကျုပ်တို့ ရပ်ကွက်ကျ သီချင်းနှစ်ပုဒ်ပဲဆိုတယ်၊ ဟိုဘက်ရပ်ကွက်ကျ သုံးပုဒ် ဆိုတယ်၊ ခွဲခြားခွဲခြားလုပ်တာလားဟု ကားကို တားပြီး စကားနာထိုးကြသည်မှာ နေရာတိုင်းဖြစ်ပါသည်။
နောက်ပိုင်းတွင်တော့ မန္တလေးသင်္ကြန်သည် ပုံစံပြောင်းသွားပါသည်။ မိမိရပ်ကွက်အတွင်း မဏ္ဍပ် အနည်းငယ်ကြီးကြီး မားမားထိုးလိုက်လျှင် ခင်ဗျားတို့ ခွင့်ပြုချက်ယူလို့လားဟု လာကြပ်သူများ ပေါ်လာပါသည်။ ၂၀၀၀ခုနှစ် နောက်ပိုင်းတွင် နာမည်ကြီးအဆိုတော်များ၊ အနုပညာရှင်များဖြင့် စီးပွားဖြစ်လုပ်စားသည့် သင်္ကြန်တရပ်ပေါ်လာခဲ့သည့်နောက်တွင်တော့ အားလုံးသည် ပြောင်းလဲလာခဲ့သည်။
ယနေ့ခေတ် သင်္ကြန်ဆိုသည်မှာ စီးပွားရေးသမားများ၊ ဌာနဆိုင်ရာ လူကြီး များစိတ်ကြိုက်ပုံဖော်နေသည့် ပိုက်ဆံသင်္ကြန် သာဖြစ်ပြီး သူများထိုးထားသောမဏ္ဍပ်တွင် အခကြေးငွေပေးကာ ရေပက်ကြသည်။ သူများ လာဆိုသော သီချင်းကို သံပြိုင် လိုက်ဆိုကာ ကခုန်ကြသည်။ ပိုက်ဆံမတတ်နိုင် သူများအဖို့ ထို အပျော်များကို အပြည့်အဝခံစားခွင့်မရှိ၊ အဝေးက ကြည့် ကာ တစွန်းတစသာ ခံစားခွင့်ရှိသည့် သင်္ကြန်ဖြစ်နေတော့သည်။
တကယ်တော့ သင်္ကြန်ဆိုသည်မှာ ငွေကြေးတတ်နိုင်သူက ငွေကြေးစိုက်၊ လုပ်အားတတ်နိုင်သူက လုပ်အားစိုက်ကာ အားလုံး တစုတဝေးတည်း တပြေးညီပုံဖော်ကာ ပါဝင်ဆင်နွဲရသည့်သင်္ကြန်ဖြစ်ပါသည်။ နာမည်ကြီးမဏ္ဍပ်များ ရှေ့ရောက် ရန် ကျဲကျဲတောက်ပူနေသည့် ကျုံးဘေးတွင် သုံးနာရီ၊ လေးနာရီမှျှ ဒုက္ခခံ စောင့်ရသည်။
စောင့်ရတာကြာသည့်အခါ အနည်းငယ်မျှ အမှားအယွင်းဖြစ်လာလျှင်သည်းမခံနိုင်ကြတော့၊ အမှုအခင်းတွေ ဖြစ်ကုန်ကြသည်။ လူနည်းသည့် အုပ်စုကို လူများသည့် အုပ်စုက အကြောင်းမဲ့ ဆင်းရိုက် ချင်ဆင်းရိုက်ကြသည်။ ဘေးလူများကလည်း ကိုယ်နှင့်မဆိုင်သလိုသာ ကြည့်နေရတော့သည်။ အဘယ့်ကြောင့်နည်း၊ ကျုံးဘေးတွင်သာ စုပြုံတိုးနေရခြင်းကြောင့် ဖြစ်ပြီး အခြားနေရာများသို့ သွားရန် ရှားပါးလာသောကြောင့်ဖြစ်သည်။
ကျုံးဘေးသို့သာ မဏ္ဍပ်များစုပြုံထည့်နေပြီး လုပ်ငန်းရှင်များထံမှ အလှူငွေကောက်နေသည့် နေတိုး(NATO) ဌာနကလည်း စည်းကမ်းတွေ မကြာခဏ ထုတ်ပါသည်။ NATO ဌာနဆိုသည်မှာ မန်းစည်ပင်ကို မန်းသားများက ချစ်စနိုးခေါ်သည့် နာမည် ဖြစ်ပါသည်။ အပြောသာရှိ လုပ်ရပ်မရှိ( No Action,Talking Only) ဟု အဓိပ္ပာယ်ရပါသည်။ အဘယ့်ကြောင့်နည်း။
ယခုနှစ် ရေကစားမဏ္ဍပ်များလိုက်နာရမည့် စည်းကမ်း ၂၆ ချက်အား မန်းစည်ပင်မှ ထုတ်ပြန်ထားသကဲ့သို့ မန်းစည်ပင်ထုတ် မန္တလေးနေ့စဉ်သတင်းစာတွင်လည်း လိုက်နာရမည့် စည်းကမ်းချက်များကို နေ့စဉ်ရက်ဆက် ထုတ်ပြန်နေပါသည်။ ၎င်းတို့ ထုတ်ထားသည့် စည်းကမ်းကို လူတိုင်း လိုက်နာအောင်ဆောင်ရွက်နိုင်လျှင် အမှန်တကယ် ကောင်းမွန်မည်ဖြစ်ပါသည်။ သို့ သော်လည်း မန်းစည်ပင်သည် နှစ်တိုင်းစည်းကမ်းထုတ်ပါသည်။ နှစ်တိုင်းလည်း အရေးယူပါသည်။ ဘယ်လိုအရေးယူပါ သလဲ။
ဒဏ်ကြေး ငါးသောင်း၊ တသိန်းချခြင်းဖြင့်သာ အရေးယူခြင်းဖြစ်သည့်အတွက် စီးပွားရေးသမားများအတွက် မှု လောက် သည့် အရေးယူမှု မဟုတ်ပါ။ယခုနှစ် မန်းစည်ပင်ထုတ်ပြန်ထားသည့် စည်းကမ်းချက် ၂၆ ချက်မှ အနည်းငယ် ကောက်နှုတ် ဖော်ပြလိုပါသည်။
သင်္ကြန်မဏ္ဍပ်များတွင် အရက်၊ ဘီယာ၊ မူးယစ်ဆေးဝါးရောင်းချခြင်း မပြုလုပ်ရန်၊ ရေကစားမဏ္ဍပ်များကို (၉-၄-၂၀၁၆) ရက် နေ့ အပြီးတည်ဆောက်၍ (၂၃-၄-၂၀၁၆) ရက်နေ့ အပြီးဖျက်သိမ်းပေးရမည်။ ဖျက်သိမ်းရာတွင် ဆောက်လုပ်ထားသော နေရာတွင် အမှိုက်သန့်ရှင်းရေးများ၊ အိမ်သာများကို လုံး၀ ရှင်းလင်းပေးရမည် ဆိုသည်။
ရေပက်ခံထွက်ပြီ ဆိုကတည်းက အရက်၊ ဘီယာသောက်ရင်း ကကြသည့် သူက အများစုဖြစ်ပါသည်။ နှစ်စဉ်ထုတ်ပြန်သည့် စည်းကမ်းဖြစ်ပြီး မည်သူမှ လိုက်နာခြင်းမရှိသော စည်းကမ်းလည်း ဖြစ်ပါသည်။
အရက်ဘီယာအား ခြင်းထဲထည့်ကာ လိုက်ရောင်းသည့် ကလေးငယ်များ၊ လမ်းဘေးဈေးသည်များကို ဖမ်းဆီးအရေးယူသည်ကိုတော့ မြင်ဖူးပါသည်။ သို့သော်လည်း မဏ္ဍပ်ကြီးများပေါ်သို့ တက်ရောက်ရှာဖွေကာ စစ်ဆေးအရေးယူသည်ကို တော့ တကြိမ်မှ မကြုံဖူး၊ မကြားဖူးပါ။
ထပ်ပြောရလျှင် အရက်ဘီယာရောင်းချခြင်း မပြုရန်ဆိုသည့် စကားလုံးကားအနည်းငယ် ဒွိဟ ပွားစရာရှိသည်။ အချိုရည် ထဲတွင် အရက်စပ်ကာ ရောင်းချလျှင် ခွင့်ပြုသည်ဆိုသည့် အဓိပ္ပါယ်သက်ရောက်နေပါသည်။ တချို့မဏ္ဍပ်များကတော့ ရောင်းချခြင်းမလုပ်ပါ။ အခမဲ့တိုက်ကျွေးခြင်းဖြစ်သည့်အတွက်စည်ပင်မှ ချမှတ်သောစည်းကမ်းကို လိုက်နာသည့်သဘော ဆောင်ပါသည်။
နောက်တခုကတော့ မဏ္ဍပ်များကို ၉. ၄. ၂၀၁၆ အပြီး တည်ဆောက်ရမည်ဆိုသည့် စည်းကမ်းဖြစ်သည်။ သင်္ကြန် အကြိုနေ့ အထိ တည်ဆောက်၍ မပြီးသေးသော မဏ္ဍပ်များ နှစ်စဉ်မြင်တွေ့နေရသည်။ တည်ဆောက်မပြီးလျှင် ဘယ်လိုအရေးယူမှာ လဲဆိုသည့် မေးခွန်းအတွက် မန်းစည်ပင်လူကြီးများတွင် အဖြေရှိစေချင်ပါသည်။
မဏ္ဍပ်ရှေ့နှင့် ဝန်းကျင်ရှိ ရေမြောင်းများ ပိတ်ဆို့မှု မရှိစေရန် မိမိအစီအစဉ်ဖြင့် နေ့စဉ် သန့်ရှင်းရေး ဆောင်ရွက်ရမည့်အပြင် မဏ္ဍပ်အောက်တွင် (၁၀)ပေပတ်လည် အမှိုက်ကန်ထားရှိရန်နှင့် ယာယီရေလောင်း အိမ်သာများအား ရေနှင့်သန့်ရှင်းမှုဌာနမှ သတ်မှတ်ထားသည့်ပုံစံအတိုင်း ဆောက်လုပ်အသုံးပြုရမည်။ Mobile Toilet များကို ရေနှင့် သန့်ှရှင်းမှုဌာနမှ ငှားရမ်းလိုပါက သတ်မှတ်အခကြေးငွေ ပေး၍ ငှားရမ်းနိုင်သည်ဟုလည်း ဆိုသည်။
သို့သော် မဏ္ဍပ်လာသူများသည် လွယ်လင့်တကူပင် အမှိုက်များကို ကျုံးထဲသို့ ပစ်ချကြသည်။ ရေမြောင်းထဲသို့ စွန့်ပစ်ကြသည်။ တချို့မဏ္ဍပ်များဆိုလျှင် စွန့်ပစ်ထားသော မစင်အညစ်အကြေးများကို ကျုံးထဲသို့ လောင်းချကြသည်။ ကျုံးကြီးသာ စကား ပြောတတ်မည်ဆိုလျှင် မြို့ရိုးဘေး မဏ္ဍပ်ဆောက်ကာ ရေကစားကြသည်ကို သေချာပေါက် ကန့်ကွက်ပါလိမ့်မည်။
ဤမျှ များပြားသော လူအုပ်ကြီးအတွက် လုံလောက်သော အမှိုက်ပုံးကို စည်ပင်လည်း ချပေးနိုင်မည် မဟုတ်သကဲ့သို့ လက်လွတ်စပယ် စွန့်ပစ်တတ်သောလူများကိုလည်း လိုက်လံ အရေးယူနိုင်မည်မဟုတ်ပါ။ ကျုံးဘေးတွင် စီးပွားဖြစ် မဏ္ဍပ်ကြီးများ စုပြုံဆောက်ခွင့်ပေးနေသမှျှ ကာလပတ်လုံး ကျုံးဘေးတလျှောက် ညစ်ပတ်နေဦးမည်မှာ သိသာသော အဖြေဖြစ်ပါသည်။
ရေကစားမဏ္ဍပ်များတွင် သရုပ်ပျက်ဝတ်စားဆင်ယင်မှုများ မပြုလုပ်ရဟုလည်း ပါသည်။ သရုပ်ပျက်ဝတ်စားဆင်ယင်မှုဆိုသည်ကို မည်ကဲ့သို့ အဓိပ္ပာယ်ဖွင့်ဆိုကာ မည်သည့်စံနှုန်းဖြင့် တိုင်းတာပါမည်နည်း။ မဏ္ဍပ်တချို့လူစည်စေရန်အတွက် ဘီယာဆိုင်၊ စင်တင်၊ ကေတီဗွီမှ မိန်းခလေးငယ်များအား သူတို့မဏ္ဍပ်ပေါ်တွင် အဝတ်အစား တိုနံ့နံ့များ ဝတ်ဆင်ကာ လူမြင်မကောင်းအောင် ကပြစေသည်မှာလည်း နှစ်စဉ် မြင်တွေ့နေရပါသည်။
အပေါ်အောက် အရှက်လုံရုံမျှ ဝတ်ထားလျှင်၊ ကိုယ်လုံးတီးမဟုတ်လျှင် သရုပ်ပျက်ဝတ်စားဆင်ယင်မှုမဟုတ်ဟု အဓိပ္ပါယ်ဖွင့်ဆိုထားသည်လားတော့ မသိရပါ။ စီးပွားရေးသမားများကတော့ သူတို့မဏ္ဍပ် လူစည်အောင် နည်းမျိုးစုံဖြင့် ဆောင်ရွက်မည်ဖြစ်ပါသည်။
စီးကရက်၊ ဆေးလိပ်၊ ဘီယာနှင့် အရက်ကြော်ငြာများ ကပ်ခြင်း၊ ချိတ်ဆွဲခြင်းများ လုံးဝမပြုလုပ်ရ၊ စစ်ဆေးတွေ့ ရှိပါက ချက်ချင်းဖြုတ်ယူသိမ်းဆည်းပြီး တရားစွဲဆိုခြင်း၊ ဒဏ်ရိုက်ခြင်းများ ခံရမည်ဟုလည်း ပါဝင်သည်။
ပြောင်းပြန်ပြန်တွေးလျှင်မူ စီးကရက်ဘူးများ၊ ဘီယာဘူးများကို မဏ္ဍပ်ပေါ်မှ ကြဲချကာ ကြော်ငြာခြင်းကို အရေးမယူဆိုသည့် အဓိပ္ပါယ်ထွက်နေပါသည်။ နှစ်စဉ်နှစ်တိုင်းလည်း ဆေးလိပ်ကုမ္ပဏီများမှ ထိုကဲ့သို့ လက်တလုံးခြား ကြော်ငြာလေ့ရှိပါ သည်။ ယခုနှစ်ကဲ့သို့ ဘီယာ၊ ဆေးလိပ်ကုမ္ပဏီများ အပြိုင်အဆိုင် ပရိုမိုးရှင်းဆင်းနေကြသည့်ခေတ်တွင် ကျုံးဘေးလာ လူအုပ်ကြီး အား ဆေးလိပ်၊ ဘီယာကုမ္ပဏီပိုင်ရှင်များ လက်ပိုက်ကြည့်နေမည်မဟုတ်သည်ကတော့ သေချာလှပါသည်။
စီးပွားဖြစ်မဏ္ဍပ်များ ဆောက်လုပ်ခွင့်ကိုပိတ်ပင်သည့် ရန်ကုန်တိုင်းဝန်ကြီးချုပ် အမိန့်ကို ကျနော် ကြိုက်ပါသည်။ NLD အစိုးရသစ် လက်ထပ်တွင် လူတိုင်း ပါဝင်ဖန်တီး ပုံဖော်ဆင်နွှဲခွင့်ရှိမည့် အညှှီအဟောက်ကင်းသော အသပြာမပါသော မြန်မာ့ရိုးရာသင်္ကြန်စစ်စစ်ကို ပြန်လည် ဖော်ထုတ်ပေးနိုင်မည်ဟု ယုံကြည်သောကြောင့် ဖြစ်ပါသည်။ မန္တလေးတွင်လည်း ကျုံးဘေးသာမက ရပ်ကွက်တိုင်း ပျော်ရွှင်စွာ ဆင်နွှဲနိုင်သော လူထုသင်္ကြန် ဖြစ်စေချင်ပါသည်။
(ဖိုးစမ်းချောင်း(GG)သည် မန္တလေးအခြေစိုက် သတင်းစာဆရာတဦး ဖြစ်သည်)