မန္တလေးမြို့တော်ဝန်အဖြစ် မျက်စိဆရာဝန်ကြီးဖြစ်သူ ဒေါက်တာဦးရဲလွင်ကို ခန့်အပ်လိုက်ပြီးနောက် မန္တလေးမြို့အသိုင်းအဝိုင်းကြားနဲ့ လူမှုကွန်ရက် စာမျက်နှာပေါ်မှာ မကျေနပ်တဲ့ ဝေဖန်မှုတွေများစွာ ထွက်ပေါ်လာခဲ့တာ ယခုအချိန်ထိ ရှိနေဆဲ ဖြစ်ပါတယ်။ မြို့ခံအချို့က ဆန္ဒထုတ်ဖော်ဖို့အထိ သက်ဆိုင်ရာကို စာတင် စီစဉ်ထားတယ်လို့လည်း ကြားသိနေရပါတယ်။
မန္တလေးမြို့တော်ဝန်ဖြစ်လာသူ ဒေါက်တာဦးရဲလွင်ဟာ လက်ရှိ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ရဲ့ ငယ်သူငယ်ချင်းတဦးဖြစ်ပြီး မန္တလေးမြို့မှာ မျက်စိဆေးခန်း ဖွင့်လှစ်ထားသူ ဖြစ်ပါတယ်။ လူမှုကွန်ယက်မှာ ဒေါက်တာဦးရဲလွင်နဲ့ ဇနီးဟာ ဆေးခန်းလာ ပြည်သူအချို့အပေါ် ဆက်ဆံတဲ့အခြေအနေ၊ ဆေးကုသခ တောင်းခံမှု အခြေအနေတွေနဲ့ ဆက်စပ်ပြီး ဝေဖန်ခံနေရပါတယ်။ အချို့ကဆို မြို့ခံပြည်သူ့အကျိုးကို ဘယ်တုန်းက၊ ဘယ်လိုဆောင်ရွက်ခဲ့ဖူးသလဲလို့တောင် မေးခွန်းထုတ် ဝေဖန်နေကြတာကို တွေ့ရပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ် ဒေါက်တာဦးရဲလွင်အနေနဲ့ မန္တလေးမြို့တော်ဝန်ရာထူးကို ထမ်းဆောင်ဖို့ တာဝန်ပေးခံရတာဟာ ပန်းခင်းသောလမ်းကို လျှောက်ရမှာ မဟုတ်တာတော့ အသေအချာဖြစ်နေပါပြီ။ တခုခုလွဲချော်မိတာနဲ့ မန္တလေးမြို့ခံတွေက မြို့တော်ဝန်ကို အားမနာတမ်း ဆန့်ကျင်ဖို့ အဆင်သင့်ရှိနေတယ်ဆိုတာ သတိထားစေချင်ပါတယ်။ မန္တလေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က ယုံယုံကြည်ကြည်နဲ့ တာဝန်ပေးခဲ့တဲ့ မန္တလေးမြို့တော်ဝန်အသစ် ဒေါက်တာဦးရဲလွင်အနေနဲ့ ဝေဖန်မှုတွေကို ကျော်လွှားကာ မန္တလေးမြို့ခံ အများစု နားလည် ကျေနပ် လက်ခံလာအောင် ကြိုးစားရမယ့်အခြေအနေမှာ ရှိပါတယ်။
မြို့တော်ဝန်သစ်ဟာ မြို့တော် စည်ပင်သာယာဝပြောရေးနဲ့ မြို့တော်သူမြို့တော်သားများ ဘဝ ဖွံ့ဖြိုးတိုးတက်ရေးကို မှန်ကန်တော်တည့်စွာ တာဝန်ယူဆောင်ရွက်နိုင်ကြောင်း သက်သေပြရပါမယ်။ မြို့တော်ဝန် စာမေးပွဲကို အခုမှ ဖြေဆိုရမယ့်အချိန်ပါ။ မေးခွန်းတွေကတော့ မလွယ်ပါဘူး။ စိန်ခေါ်မှုတွေ ရှိပါတယ်။
ပွင့်လင်းစွာ ပြောရရင် မြို့တော်ဝန်အဖြစ်တာဝန်ယူပြီး ရက် ၁၀၀ (သုံးလကျော်) အတွင်း မန္တလေးမြို့နဲ့ပတ်သတ်ပြီး ရေတိုရေရှည် စီမံကိန်းတွေ၊ ဘတ်ဂျတ် အသုံးပြုမယ့်ဟာတွေ၊ စည်ပင်သာယာအတွင်း ခြစားမှု လျှော့ချရေးအစီစဉ်တွေကို ဘယ်လိုကိုင်တွယ်မယ်၊ ဘယ်လိုစီစစ်မယ် ဘယ်လိုအရေးယူဖော်ထုတ်မယ် စသဖြင့် မန္တလေးမြို့ခံတွေသေချာနားလည် သဘောပေါက်အောင် ပွင့်လင်းမြင်သာစွာ တိကျပြတ်သားစွာ ထုတ်ဖော်ပြောကြားပြီး ဒေသခံပြည်သူတွေရဲ့ ယုံကြည်မှုကို ပြန်လည်ရယူရမှာဖြစ်ပါတယ်။
မန္တလေးမြို့တော်ဝန် ဦးဆောင်တဲ့ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီဟာ ခေတ်အဆက်ဆက်မှာ မြို့ခံပြည်သူတွေ နားလည်လက်ခံ အားကိုးယုံကြည်တဲ့ အဖွဲ့အစည်း မဖြစ်ခဲ့ပါဘူး။ ပြည်သူတွေရဲ့ ကိုယ်မြို့တော် ဖွံ့ဖြိုးတိုးတက်စည်ပင်စေချင်တဲ့ စိတ်ဆန္ဒနဲ့ စည်ပင်သာယာရဲ့ စွမ်းဆောင်ရည်တွေ ထပ်တူမကျသေးတဲ့ သဘောဖြစ်ခဲ့ပါတယ်။
မန္တလေး မြို့တော်တခွင် အခွန်အခကောက်ခံတာ၊ ပြန်လည်သုံးစွဲတာ၊ မြို့တော် သပ်ရပ်သန့်ရှင်းဖို့ ဆောင်ရွက်တာ၊ စည်ပင်သာယာအဖွဲ့အနေနဲ့ ရုံးလုပ်ငန်းဆောင်ရွက်ပေးမှုတွေက အစ မြို့တော်အတွင်း စီမံကိန်းတချို့ဆောင်ရွက်တာတွေ အဆုံး မြို့ခံပြည်သူတွေက စည်ပင်အပေါ် လက်ခံနိုင်မှုဟာ အောင်မှတ်မရသေးပါဘူး။
မန္တလေးမြို့တော်သူ မြို့တော်သားတွေဟာ မန္တလေးမြို့ကို ချစ်သလို မန္တလေးမြို့ စည်ပင်ဖွံ့ဖြိုးအောင် ဆောင်ရွက်ဖို့ အဓိကတာဝန်ရှိတဲ့ မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီကိုလည်း အားကိုးချင်ကြပါတယ်။ အားကိုးထိုက်တဲ့ အဖွဲ့အစည်းလည်း ဖြစ်စေချင်ကြပါတယ်။ ပြည်သူအားကိုးတဲ့ ချစ်ခင်တဲ့ အဖွဲ့အစည်းတခု ဖြစ်လာအောင် ဆောင်ရွက်ပေးဖို့ မန္တလေးမြို့တော်ဝန်အသစ် ဒေါက်တာဦးရဲလွင်မှာ တာဝန်အပြည့်ရှိနေပါပြီ။
ဒေါက်တာဦးရဲလွင် မဖြစ်မနေဆောင်ရွက်ရမယ့် ကိစ္စက စည်ပင်အဖွဲ့အစည်း ပြုပြင်ပြောင်းလဲရေးဖြစ်ပါတယ်။ ခေတ်အဆက်ဆက် ဗဟိုဦးစီးစနစ်နဲ့ရော ပိုင်ရာဆိုင်ရာနဲ့ပါ တာဝန်ပေးခဲ့တဲ့ ဝန်ထမ်း(အထူးသဖြင့် အရာထမ်း)ခန့်ထားမှု ပုံစံကို ပြန်လည်စိစစ်ပြီး မှန်ကန်တဲ့ပုံစံကို ဖော်ဆောင်ဖို့လိုနေပါတယ်။ပြုပြင်ပြောင်းလဲရေးဆိုရာမှာလည်း ခန့်ထားတဲ့ အရာရှိတွေ၊ ဝန်ထမ်းတွေကို ထုတ်ပယ်ပစ်ဖို့ ပြောင်းရွှေ့ပစ်ဖို့ ဆိုလိုတာ မဟုတ်ပါဘူး။ တော်တဲ့ တက်တဲ့ ဝန်ထမ်းတွေ၊ ပြည်သူ့အကျိုးရှေးရှုပြီး ကြိုးစားတဲ့ ဝန်ထမ်းတွေကိုနေရာပေးတာ၊ ထိုက်တန်တဲ့ ချီးမြောက်မှုမျိုးပေးတာတွေပြုလုပ်ပြီး၊ ရာထူးယူထားပြီး တာဝန်မကျေတဲ့ ဝန်ထမ်းတွေ၊ အကျင့်ပျက်ဝန်ထမ်းတွေကို ပြတ်ပြတ်သားသား အရေးယူကိုင်တွယ်သင့်ပါတယ်။
စည်ပင်ဆိုတာ မြို့တော်နဲ့ ပြည်သူကို ဝန်ဆောင်မှုပေးရတဲ့ အဖွဲ့အစည်းလည်း ဖြစ်လို့ ဒီမိုကရေစီနည်းလမ်းတကျဆို မြို့တော်သူ မြို့တော်သားတွေက ဝန်ဆောင်မှုပေးရတဲ့ စည်ပင်အဖွဲ့နဲ့ အဖွဲ့ခေါင်းဆောင် မြို့တော်ဝန်ကို တိုက်ရိုက်ရွေးကောက်ခွင့် ရှိရပါမယ်။ ဒါမှလည်း စည်ပင်နဲ့ မြို့တော်ဝန်ဟာ မြို့တော်သူမြို့တော်သားတွေကို တိုက်ရိုက်တာဝန်ခံနိုင်မှာပါ။ တိုင်းဒေသကြီးအစိုးရ ဝန်ကြီးချုပ်နဲ့ နီးစပ်လို့၊ အာဏာရပါတီ အဖွဲ့ဝင်မို့လို့ဆိုတဲ့ စွပ်စွဲသံတွေလည်း တိတ်သွားစေမှာ ဖြစ်ပါတယ်။
၂၀၀၈ ဖွဲ့စည်းပုံ မပြင်နိုင်သေးတော့ အခု မန္တလေးမြို့တော်ဝန်ဖြစ်လာတဲ့ ဒေါက်တာဦးရဲလွင် အနေနဲ့ မန္တလေးသားတွေအကြား ဝေဖန်နေတာတွေ မှားယွင်းကြောင်း၊ မန္တလေး စည်ပင်ဟာ ပြည်သူတွေ အားကိုးယုံကြည်ရမယ့် အဖွဲ့အစည်းဖြစ်ကြောင်း မဖြစ်မနေ အလုပ်နဲ့ သက်သေပြဖို့ပဲ ဖြစ်လာပါပြီ။ မန္တလေးတိုင်းအစိုးရအဖွဲ့ရဲ့ ဦးဆောင်မှု၊ စည်ပင်သာယာ ဝန်ထမ်းတွေရဲ့ ကြိုးစားမှုတွေနဲ့အတူ မန္တလေးမြို့တော်ဝန်အသစ် ဒါက်တာဦးရဲလွင် ဘယ်လောက်စွမ်းဆောင်နိုင်မလဲ ကြည့်ကြရအောင်ပါ။
(မောင်ဉာဏသည် မန္တလေးအခြေစိုက်သတင်းစာဆရာတဦး ဖြစ်သည်)