မကြာမီ အခြေခံပညာကျောင်းတွေ ဖွင့်တော့မှာမို့ နယ်မြို့က ကျေးလက်ဒေသတွေကို တာဝန်ကျတဲ့ ကျောင်းဆရာ၊ ဆရာမ တော်တော်များများမှာ နေရေးထိုင်ရေးအတွက် ပူပင် နေကြရတယ်။ နယ်မြို့က အခြေခံပညာ ကျောင်းတွေမှာ များသောအားဖြင့် ဝန်ထမ်းအိမ်ရာ မရှိသေးဘူး။ ရွာတွေက အလျင်းသင့်သလို စီစဉ်ပေးတာမျိုးနဲ့ အဆင်ပြေအောင် နေကြရတယ်။ ကျောင်းဆရာ အများစုက ရွာက ဘုန်းကြီးကျောင်းတွေမှာ နေကြရတယ်။ ရွာမှာ ရှိတဲ့ အိမ်တွေမှာ ကြုံသလို နေကြရတယ်။ တချို့ကတော့ စာသင်ကျောင်းမှာ အဖီလေးချပြီး နေကြရတာလည်း ရှိတယ်။ ဆရာမတွေ ကတော့ ရွာကဆောက်ပေးတဲ့အိမ်မှာ နေကြရတာရှိသလို တချို့ ဆရာမတွေက မိသားစုနည်းတဲ့ အိမ်တွေမှာ အိမ်ရှင်တွေနဲ့ ပေါင်းပြီး နေကြရပါတယ်။
အိမ်ရှင်တွေနဲ့ ပေါင်းနေရတဲ့ ကျောင်းဆရာ၊ ဆရာမတွေ နှစ်ရှည်လများ နေလာတဲ့အခါ အတူနေအိမ်ရှင်အချို့က ကျောင်းရဲ့ လုပ်ငန်းပိုင်းဆိုင်ရာ အပေါ် ဝင်စွက်ဖက်တာမျိုးတွေ ရှိတယ်။ ငွေကြေးတောင့်တင်းတဲ့ ရွာ၊ အလှူရှင် များများရှိတဲ့ ရွာဆိုရင် သွပ်မိုးပျဉ်ထောင် အိမ်တွေနဲ့ နေကြရပေမယ့် ငွေကြေးနွမ်းပါးတဲ့ ရွာတွေမှာတော့ ကျူထရံကာ ထနိမိုး အိမ်နဲ့ နေကြရတယ်။ ငွေကြေး သိပ်မတောင့်တင်းတဲ့ ရွာတွေမှာ ဆရာ၊ ဆရာမတွေ အတွက် နေစရာ ကောင်းကောင်း ပေးဖို့ စေတနာရှိပေမယ့် မလုပ်ပေးနိုင်ကြဘူး။ ကျူထရံကာ ထနိမိုးအိမ်မှာနေရတဲ့ ကျောင်းဆရာ၊ ဆရာမတွေက ရွာခံ ကာလသားတွေရဲ့ ရန်ကို စိုးရိမ်ရပြန်တယ်။ အရက်မူးတဲ့ ရွာခံကာလသား အချို့က ထရံပေါက်ကနေ ချောင်ကြည့်တာ၊ ညအချိန်မတော် တံခါးဖွင့်ခိုင်းတာတွေကြောင့် မလုံခြုံတာတွေလည်း ရှိတယ်။
ယခုနှစ် ပညာရေးကောလိပ် အောင်ပြီး ဧရာဝတီတိုင်းက ကျေးရွာလေးတရွာမှာ တာဝန်ကျတဲ့ မူလတန်းပြ ဆရာမ တဦးက သူကြုံတွေ့ရပုံကို အခုလို ပြောပြတယ်။
“ဆရာမတွေ နေဖို့ အတွက် ဒေသခံတွေက ဝါးပိုးတိုင်၊ ကျူထရံကာ၊ ထနိမိုး အိမ်ဆောက် ထားပေးတယ်။ နေရမှာ မလုံခြုံမှန်း သိပေမယ့် အဆင်ပြေသလို သတိထားပြီး နေကြရမှာပဲ”
နယ်မြို့တွေမှာ တာဝန်ကျတဲ့ ဆရာ၊ ဆရာမအချို့က အိမ်ခန်း ငှားနေကြရတာလည်း ရှိတယ်။ အိမ်ခန်း ငှားရမ်း နေထိုင်ကြရလို့ စရိတ်ထောင်းပြီး အပိုကုန်ကျစရိတ် တက်လာကြရတယ်။ နယ်ဝေးတွေကို တာဝန်ကျတဲ့ ဆရာ၊ ဆရာမတွေ အတွက် နေရေးထိုင်ရေးက အစ သက်ဆိုင်ရာ ပညာရေး ဝန်ကြီးဌာနက ဝန်ထမ်းအိမ်ရာတွေ ဖော်ဆောင် ပေးဖို့ လိုပါတယ်။ လုံခြုံတဲ့ ဝန်ထမ်းအိမ်ရာမျိုး စီစဉ်ပေးမယ် ဆိုရင် ပိုပြီး အဆင်ပြေမှာ ဖြစ်ပါတယ်။
အခြေခံပညာမှာ ကျောင်းဆရာမ ဦးရေ များတာကြောင့် သူတို့ အတွက် လုံခြုံမှုပေးနိုင်တဲ့ အိမ်၊ ရာသီဥတုဒဏ် ခံနိုင်တဲ့အိမ်၊ တခြားမသမာမှုဒဏ် ဘေးရန်ကနေ လုံခြုံမှု ကောင်းကောင်းရှိတဲ့ နေရာထိုင်ခင်းမျိုး စီစဉ်ပေးဖို့
ဆရာမတွေက လိုလား နေကြပါတယ်။ ကျောင်းဆရာမတွေ အတွက် စာသင်ကျောင်းဝင်းထဲမှာ ဝန်ထမ်းအိမ်ရာ ရှိမယ် ဆိုရင် ကျောင်းအုပ်ကြီးနဲ့ ဝါရင့် ဆရာမတွေနဲ့ တစုတဝေး နေကြမယ်။ လုပ်သက်နုတဲ့ ကျောင်းအုပ် ဆရာမတွေကို ဝါရင့်ဆရာ၊ ဆရာမတွေရဲ့ အုပ်ထိန်းမှုအောက်မှာ ရှိနေမယ် ဆိုရင် မိသားစုလို စည်းစည်းလုံးလုံးနဲ့ အတူနေတာမျိုး ဖြစ်စေချင်ကြပါတယ်။
အစိုးရအနေနဲ့ စာသင်ကျောင်းမှာ ဝန်ထမ်းအိမ်ရာတွေ ထားပေးမယ် ဆိုရင် အလှူရှင်တွေဆီကနေ နေရာထိုင်ခင်း အတွက် အလှူခံစရာ လိုတော့မှာ မဟုတ်ပါဘူး။ တချို့ဆရာ၊ ဆရာမတွေဆိုရင် လမ်းပန်းဆက်သွယ်ရေး မကောင်းတဲ့ ဒေသတွေမှာ တာဝန်ကျတာလည်း ရှိတယ်။ မိုးရာသီ ရောက်တဲ့အခါ ရေကြီးရေလျှံ ဖြစ်ရင် သွားရလာရ အဆင်မပြေ ကြတာလည်း ရှိပါတယ်။ ရေတတန် ကုန်းတတန်နဲ့ သွားကြရတဲ့ ခရီးတွေ ရှိတယ်။
အခြေခံပညာ ဆရာ၊ ဆရာမတွေမှာ များသောအားဖြင့် ပညာရေးကောလိပ်က ဆရာ၊ ဆရာမတွေ ဖြစ်တယ်။ သူတို့က ပညာရေး ကောလိပ်ပဲ ပြီးထားတာဆိုတော့ ဘွ့ဲတခုခုရဖို့ ဆက်လေ့လာ ချင်ကြတယ်။ လုပ်ငန်းခွင်မှာ ဘွ့ဲ ရမထားရင် ရာထူးတိုးဖို့ အခွင့်အလမ်း နည်းတယ်။ ဝေးလံခေါင်ပါးတဲ့ ရွာတွေမှာ တာဝန်ကျတဲ့ဆရာ၊ ဆရာမတွေမှာ အဝေးသင် တက္ကသိုလ် စာမေးပွဲဖြေဖို့ အခွင့်အရေး နည်းကြရှာတယ်။
အဝေးသင် စာမေးပွဲရက်နဲ့ ကျောင်းက ပြုလုပ်တဲ့ သင်တန်းရက်နဲ့ တိုက်ဆိုင်သွားတဲ့ အခါ အဝေးသင်စာမေးပွဲကို လက်လွှတ် လိုက်ကြရတယ်။ ဒါကြောင့် နယ်ဝေးတွေကို တာဝန်ကျတဲ့ ကျောင်းဆရာ၊ ဆရာမတွေမှာ ဆက်ပြီး ပညာသင်ကြားဖို့ အခွင့်အရေးတွေ ဆုံးရှုံးကြရတယ်။ အစိုးရဝန်ထမ်းတွေ ခန့်ထားပြီးဆိုရင် သည်ဝန်ထမ်းတွေရဲ့ လူမှုဘ၀ အတွက် ဖူလုံတဲ့လစာ၊ နေရေးထိုင်ရေး၊ ဆရာမတွေ ဆိုရင် လုံခြုံတဲ့ ဘဝကို ပေးစွမ်းနိုင်ဖို့ လိုပါတယ်။ အခုအစိုးရသစ် လက်ထက်မှာ အနာဂတ်ရဲ့ မျိုးဆက်သစ်တွေ အတွက် မျိုးစေ့ကောင်းတွေ ချပေးနိုင်တဲ့ ဆရာ၊
ဆရာမတွေ အတွက် အခွင့်အလမ်းကောင်းတွေ ဖန်တီးပေးဖို့ လိုအပ်ပါတယ်။
(ယဉ်ယဉ်ခန့်သည် မန္တလေးအခြေစိုက် အမျိုးသမီးသတင်းစာဆရာ တဦးဖြစ်သည်)