မြန်မာနိုင်ငံသည် အစိုးရ ဗဟိုချုပ်ကိုင်မှုလျှော့ချပြီး ဒေသဆိုင်ရာ အစိုးရများသို့ အာဏာခွဲဝေပေးရေး၏ လမ်းဆုံ တခုတွင် ရောက်ရှိနေပါသည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ၏ ရွေးကောက်ပွဲ ကြေညာချက်တွင်လည်း ပြည်နယ်နှင့်တိုင်း ၁၄ ခုလုံးတွင် ဟန်ချက်ညီမျှစွာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပွင့်လင်းမြင်သာမှုရှိသော စီမံကိန်းများ ချမှတ်ဆောင်ရွက်သွားမည်ဟု အခိုင်အမာပြောကြားထားသည်။ ဘဏ္ဍာရေး ကဏ္ဍတွင် ဗဟိုချုပ်ကိုင်မှုကို လျှော့ချရန်အတွက် NLD က ပြည်ထောင်စု အစိုးရနှင့် ဒေသဆိုင်ရာ အစိုးရများကြားတွင် ဘဏ္ဍာရေးကိစ္စများအတွက် လုပ်ပိုင်ခွင့်နှင့် တာဝန်များကို ခွဲဝေရယူရန် အလေးအနက် ကတိပြုပြီး ဖြစ်သည်။
ဒေသဆိုင်ရာ အစိုးရများ၏ လုပ်ကိုင်နိုင်စွမ်း ပမာဏနှင့် ပတ်သက်၍ မရေရာသေးသော်လည်း သူတို့၏ အလားအလာက ကြီးမားပါသည်။ လုပ်ငန်းစဉ်ကို နားလည်သဘောပေါက်ရန်အတွက် ဖွဲ့စည်းပြီးခါစ ပြည်နယ်နှင့် တိုင်းလွှတ်တော်များ၏ ၅ နှစ်တာသက်တမ်း အစပိုင်းတွင် လက်တွေ့ကျသော အကူအညီများနှင့် အရင်းအမြစ်ထောက်ပံ့မှု ကြီးကြီးမားမား လိုအပ် ပါလိမ့်မည်။
ယခုလ အစောပိုင်းတွင် စီးပွားရေး ပညာရှင်အဖွဲ့တခုဖြစ်သည့် Renaissance Institute (RI) က The Asia Foundation (TAF) နှင့် အတူပူးပေါင်း၍ စစ်ကိုင်းတိုင်း ဒေသကြီး လွှတ်တော်မှ ကိုယ်စားလှယ်များအတွက် ပြည်သူ့ ဘဏ္ဍာရေးနှင့် အုပ်ချုပ်ရေးဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲ တခုကို ၂ ရက်ကြာ ပြုလုပ်ပေးခဲ့ပါသည်။ ဆွေးနွေးပွဲတွင် ပြည်နယ်နှင့် တိုင်း ဘတ်ဂျက် ရေးဆွဲခြင်းနှင့် မြို့နယ်အဆင့်တွင် စည်ပင်သာယာရေးအဖွဲ့များကဲ့သို့သော ဒေသတွင်းဖွံ့ဖြိုးရေး အဖွဲ့များနှင့် ယခု အချိန်အထိ ပြည်ထဲရေး ဝန်ကြီးဌာန၏ လက်အောက်တွင် ရှိနေဆဲဖြစ်သည့် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၏ အခန်း ကဏ္ဍတို့ကို အဓိက အလေးပေးခဲ့သည်။
စစ်ကိုင်းတိုင်း ဒေသကြီး လွှတ်တော်ရှိ ကိုယ်စားလှယ် ၁၀၁ ဦးထဲမှ အားလုံးနီးပါး အဆိုပါ အလုပ်ရုံ ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သည်။ တပ်ကိုယ်စားလှယ်များနှင့် စစ်တပ်က ကျောထောက်နောက်ခံပေးထားသည့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ကိုယ်စားလှယ်များလည်း အပါအဝင်ဖြစ်သည်။
အစိုးရက ပြည်သူ့ရေးရာ မူဝါဒ အမျိုးမျိုး၏ အကူအညီဖြင့် နိုင်ငံသားများ၏ လူမှုရေးနှင့် စီးပွားရေး အခက်အခဲများကို မည်သို့ စီမံခန့်ခွဲပေးနိုင်ကြောင်း ကျနော်က အဓိက ဆွေးနွေးခဲ့ပါသည်။ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဟောင်း တဦး ဖြစ်ပြီး ယခုအချိန်တွင် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဖြစ်သော ဒေါ်စန္ဒာမင်းက လွှတ်တော်ကိုယ်စားလှယ် တဦး၏ ဥပဒေပြုရေးဆိုင်ရာ တာဝန်များ နှင့် အစိုးရစီမံကိန်းများကို စောင့်ကြည့်ရေးနှင့် ဆိုင်သော သူ၏ အတွေ့အကြုံများကို ဝေမျှပေးခဲ့ပါသည်။ တက်ရောက်လာသူများ၏ စိတ်အားထက်သန်မှုနှင့် တိုင်းပြည် ပြန်လည်တည်ဆောက်ရေးအတွက် စိတ်ပိုင်းဖြတ်ထားမှုများကို မြင်တွေ့ရသည်မှာ အလွန်အားတက်ဖွယ်ရာ ဖြစ်သည်။
မြန်မာနိုင်ငံ၏ အုပ်ချုပ်ရေး အစဉ်အလာအရ ဗဟိုက တင်းကျပ်စွာ ထိန်းချုပ်ထားသည့် အနေအထားတွင် ရှိနေသူများမှာ တခါတရံတွင် ရိုးရှင်းသော မေးမြန်းစုံစမ်းမှုများ ပြုလုပ်ရန်ပင် တွန့်ဆုတ်နေလေ့ရှိကြပါသည်။ သို့သော် ယခုကိုယ်စားလှယ်များက ကျနော်တို့နှင့် ပူးပေါင်းပါဝင်ကြပါသည်။ သူတို့မေးသော မေးခွန်းအများစုမှာ မေးခွန်းကောင်းများ ဖြစ်သည်။ NLD လွှတ်တော်ကိုယ်စား လှယ်တဦးက မြန်မာနိုင်ငံ လူဦးရေ၏ ၆၀ ရာခိုင်နှုန်းသည် စိုက်ပျိုးရေး ကဏ္ဍတွင် ပါဝင်နေသော်လည်း ကြံ့ခိုင်ရေးပါတီက အတည်ပြုခဲ့သည့် ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ်အတွက် အစိုးရ ဘတ်ဂျက်တွင် မည်သည့်အတွက်ကြောင့် စိုက်ပျိုးရေးနှင့် ကျေးလက်ဖွံ့ဖြိုးရေးအတွက် ၆ ရာခိုင်နှုန်းသာ ချထားပေးခဲ့သနည်းဟု မေးခွန်းထုတ်ခဲ့သည်။
စစ်ကိုင်းတိုင်း ဒေသကြီး လွှတ်တော်မှ အခြား NLD ကိုယ်စားလှယ်တဦးက GDP တိုးတက်လာသော်လည်း ဆင်းရဲနွမ်းပါးမှုက သတ်မှတ်ချက်ထက် နိမ့်ကျနေသော ပြည်သူများအတွက် အမှတ်တကယ် အကျိုးရှိနိုင်ခြင်း ရှိမရှိ စူးစမ်းခဲ့သည်။ ပြီးခဲ့သည့် ၅ နှစ်အတွင်း မြန်မာနိုင်ငံ၏ GDP တိုးတက်နေသော်လည်း သူ၏ မဲဆန္ဒနယ်အတွင်းမှ ဆင်းရဲနွမ်းပါးသူများ၏ ဘဝက ပြောင်းလဲခြင်း မရှိခဲ့ပါ။
လွှတ်တော်ကိုယ်စားလှယ်များ မေးသည့် အခြားမေးခွန်းများမှာ ထောက်ပံ့ရေး၊ မျှတသော အခွန်ကောက်ခံမှု၊ တင်ဒါ လုပ်ငန်းစဉ်များ၊ အစိုးရစီမံကိန်းများ အကောင်အထည်ဖော်ခြင်းနှင့် စောင့်ကြည့်ခြင်း စသည်တို့နှင့် သက်ဆိုင်သော မေး ခွန်းများ ဖြစ်သည်။
NLD ဦးဆောင်သည့် ဒေသဆိုင်ရာ အစိုးရများက ပြည်သူလူထု၏ မျှော်လင့်ချက်များနှင့် ကိုက်ညီသော ဒီမိုကရေစီကို ပေးနိုင်စွမ်းရှိ မရှိ စောင့်ကြည့်ရမည့် အချိန်တွင် ကနဦးအခြေအနေမှ အင်အားကောင်းသော မေးခွန်းများက ဗဟိုချုပ်ကိုင်မှု လျှော့ချရေးဆောင်ရွက်သည့် နေရာတွင် အရေးပါသည့် အခန်းကဏ္ဍမှ ပါဝင်လာပါလိမ့်မည်။
ပြီးခဲ့သည့် နှစ်ပေါင်း ၆၀ အတွင်း ဖိနှိပ်ချုပ်ချယ်သည့် အစိုးရလက်အောက်တွင် ထိုကဲ့သို့မေးခွန်းမျိုးက အရေးတကြီးလိုအပ်နေသည့် အချိန်တွင် အကန့်အသတ်များကြောင့် မေးခွန်းကောင်းများ ကင်းမဲ့ခဲ့သည့်အတွက် မကောင်းသော မူဝါဒများ ဖြစ်စေခဲ့သည်။ ပြီးခဲ့သည့် ဆယ်စုနှစ်အတွင်း ကျင့်သုံးခဲ့သည့် ပြည်သူ့ဘဏ္ဍာရေးဆိုင်ရာ အလေ့အထများက ညံ့ဖျင်းသည့် မူဝါဒများ မည်သို့ ထွက်ပေါ်လာစေခဲ့သည်ကို မတ်လက ပြုလုပ်သည့် အလုပ်ရုံ ဆွေးနွေးပွဲတွင် ပြည့်စုံသော အချက်အလက်များ တင်ပြခဲ့ပါသည်။
ယခုအချိန်အထိ ဒေသဆိုင်ရာ လွှတ်တော်များတွင် ဘဏ္ဍာငွေ နည်းပါးမှုနှင့် အရင်းအမြစ် ကန့်သတ်မှုများ ရှိနေဆဲဖြစ် ပါသည်။ မူဝါဒဆိုင်ရာ လေ့လာသုံးသပ်မှုများ ပြုလုပ်ရန်အတွက် နည်းလမ်းများ၊ နည်းပညာအထောက်အပံ့နှင့် ကောင်းမွန်သည့် မူဝါဒများ ရေးဆွဲရေးတွင် အဓိပ္ပါယ်ပြည့်ဝစွာ ပါဝင်နိုင်ရန် ဗဟုသုတများ သူတို့အတွက် လိုအပ်နေပါသည်။
စစ်ဘက် ကိုယ်စားလှယ်များ အပါအဝင် စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် အများအပြားကလည်း သူတို့၏ မဲဆန္ဒ နယ်များမှ လိုအပ်ချက်များကို နားလည်ကြသည့် အသွင် ရှိပါသည်။ သို့သော်လည်း လွှတ်တော်ကိုယ်စားလှယ် အများစု ရင်ဆိုင်နေရသည့် စိန်ခေါ်မှုများက ကြီးမားပါသည်။ ပြည်သူရေးရာ ကိစ္စများတွင် သူတို့ ပထမဆုံးအနေဖြင့် ပါဝင်လာကြသည့် အချိန်လည်း ဖြစ်ပါသည်။ ထိရှလွယ်သည့် ကိစ္စများကိုဖြေရှင်းရန် သူတို့အတွက် ပြည်တွင်းရော ပြည်ပကပါ ကျွမ်းကျင်သူများ၏ လက်တွေ့ကျသော ကူညီမှုများ လိုအပ်နေပါသည်။
သို့သော်လည်း ပြင်ပမှ ပုဂ္ဂိုလ်အများစုက ၂၀၁၁ ခုနှစ်က စ၍ နေပြည်တော်သို့သာ တိုက်ရိုက် အလေးထားနေကြသည်။ မူဝါဒချမှတ်သူများက ဒီမိုကရေစီကို ဖော်ဆောင်ပေးနိုင်ရန် ထိရောက်သော ဗဟိုချုပ်ကိုင်မှုလျှော့ချရေး နှင့် ပတ်သက်သည့် မေးခွန်းကောင်းများ မေးနိုင်ရန် ပြည်နယ်နှင့် တိုင်း အစိုးရများ လွှတ်တော်များအတွက် ထောက်ပံ့မှု ပုံစံအမျိုးမျိုးနှင့် အရင်းအမြစ်များ လိုအပ်နေပါသည်။
(ဇော်တူးဆိုင်းသည် အမေရိကန်မှာ လက်ရှိနေထိုင်ပြီး နယူးယောက်မြို့ရှိ ကိုလံဘီယာတက္ကသိုလ်မှ လူထုမူဝါဒရေးရာ ဆိုင်ရာ မဟာဘွဲ့ကို မကြာမီက ရရှိထားသူ ဖြစ်ပါတယ်။ ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ Zawyuseng Nanggaw ၏ From Strong Questions To Effective Decentralization in Burma ကို ဘာသာပြန်သည်)