အရည်အသွေးပြည့်ဝတဲ့ ပညာရေးစနစ်ဖြစ်ဖို့ ဆရာ၊ဆရာမတွေရဲ့အခန်းကဏ္ဍက အရေးကြီးပါတယ်။ ဆရာ၊ ဆရာမတွေရဲ့အရည်အသွေးပြည့်ဝဖို့ လေ့ကျင့်သင်ကြားရေးတွေ လိုအပ်တယ်။
လုပ်ငန်းခွင် မဝင်ခင်နဲ့ လုပ်ငန်းခွင်ထဲမှာ လေ့ကျင့်သင်ကြားပေးတာ၊ ထပ်မံမွမ်းမံသင်ကြားပေးတာတွေ မရှိရင် အရည်အသွေးရှိတဲ့ပညာရေးကို မရနိုင်ပါဘူး။ ဆရာ၊ ဆရာမတွေရဲ့လူနေမှုဘ၀ တန်းတူရည်တူဖြစ်ဖို့ကလည်း အရေးပါပါသေးတယ်။
လူနေမှုဘ၀ မပြည့်မီရင် စာသင်ခန်းထဲမှာ အပြည့်အဝအာရုံ မစိုက်နိုင်တော့ဘဲ အပြင်ဝင်ငွေရဖို့ ကျူရှင်ကိုသာ အာရုံထား လာကြပါမယ်။ အဲဒီအခါ စာသင်ခန်းထဲမှာ အရည်အသွေးပြည့်ဝတဲ့ သင်ကြားရေးတွေကို မပေးနိုင်တော့ပါဘူး။
မန္တလေးမြို့မှာ ကျင်းပခဲ့တဲ့ ကမ္ဘာ့ဆရာများ အဖွ့ဲချုပ်ညီလာခံမှာ Education International က တာဝန်ရှိသူတဦးက အရည်အသွေးရှိတဲ့ ပညာရေးစနစ် ကောင်းမွန်ဖို့ ဆရာ၊ ဆရာမတွေရဲ့ အခန်းကဏ္ဍကို လျစ်လျူရှုထားလို့ မဖြစ်ဘူးဆိုတာ ပြောသွားပါတယ်။
သူပြောသွားတာက ပညာရေးစနစ်ကို ကောင်းမွန်အောင်လုပ်မယ်ဆိုရင် သင်ရိုးညွန်းတမ်းတွေ ကောင်းအောင်လုပ်တာတွေ အခြေခံအဆောက်အအုံတွေ ကောင်းအောင် တည်ဆောက်တာတွေ မူဝါဒတွေ ချမှတ်တာတွေနဲ့ ကောင်းမွန်တဲ့ပညာရေး စနစ်ကို လုပ်လို့ မရပါဘူး။
ဆရာ၊ ဆရာမတွေရဲ့ပညာရေး၊ လူမှုဘဝ၊ လိုအပ်ချက်တွေကို ပြည့်မီအောင် မဖြည့်ပေးနိုင်ဘဲနဲ့တော့ ပညာရေးစနစ် ကောင်းမွန်အောင် အထက်ပါ အချက်သုံးချက်နဲ့ လုပ်လို့မရသလို ကောင်းမွန်တဲ့ ပညာရေးကို ဘယ်လိုမှ မျှော်လင့်လို့ မရနိုင်ပါဘူး။
ဆရာ၊ ဆရာမတွေရဲ့မိသားစုဘဝ၊ သူတို့သားသမီးတွေရဲ့ပညာရေး အဲဒီလို ဘဝအထွေထွေရှိတဲ့အခါ ရလာတဲ့ ဝင်ငွေနဲ့ ကောင်းမွန်တဲ့ ပညာရေးစနစ်ကို အင်တိုက်အားတိုက်နဲ့ ဘယ်လိုမှ မရနိုင်ပါဘူးတဲ့။
လက်ရှိအချိန်ထိ အစိုးရက အရည်အချင်းပြည့်ဝတဲ့ ဆရာ၊ ဆရာမတွေ အပြည့်အဝခန့်ထားနိုင်ဖို့ လိုအပ်ချက်တွေရှိနေ သေးတယ်။ ဆရာ၊ ဆရာမဦးရေပြည့်မီဖို့ များဖို့သာ ခန့်ထားတာပဲရှိတယ်။ ဆရာ၊ ဆရာမ လိုအပ်ချက် ပြည့်မီဖို့ ဘွဲ့ရတချို့ ကို ဆွဲခန့် ခန့်နေရတယ်။ တချို့ဆို သချၤာဘာသာနဲ့ ဘွ့ဲရထားပေမယ့် အခြေခံပညာကျောင်းမှာ သချၤာမသင်တတ်တာတွေ လည်းရှိတယ်။
ကျောင်းတွေမှာ သင်ထောက်ကူပစ္စည်း အလုံအလောက်မရှိသလို ဆရာတွေကို သင်ကြားရေးနဲ့ ပတ်သက်တဲ့ သင်တန်း တွေမပေးနိုင်လို့ အရည်အသွေးမရှိတဲ့အပြင် စနစ်ကလည်း မှားယွင်းနေပါတယ်။ Education International အဖွ့ဲက စာသင်ခန်းထဲမှာ ရှိတဲ့ ဆရာ၊ ဆရာမတွေ တွေ့ကြုံရတဲ့ အခက်အခဲတွေကို သုတေသနတခုအနေနဲ့ စစ်တမ်းကောက်ယူခဲ့ ပါတယ်။
ဆရာ၊ ဆရာမတွေ ရတဲ့ လစာနည်းတာ၊ လုပ်ငန်းခွင်မှာ အဆင်မပြေတာ၊ လုပ်ငန်းခွင်မှာ မပျော်ပိုက်တာတွေ တွေ့ရတယ် လို့ ဆိုတယ်။ အင်ဒိုနီးရှားနိုင်ငံမှာ တလကို အမေရိကန်ဒေါ်လာ ၂၀ နဲ့ ဆရာ၊ ဆရာမတွေဟာ သူတို့စားဝတ်နေရေး အတွက် လည်ပတ်နေရတယ်။
ကမ္ဘောဒီးယားနိုင်ငံမှာလည်း ဆရာတွေက မိသားစုရပ်တည်ဖို့ တခြားအလုပ်တွေပါ လုပ်ကိုင်ပြီး မိသားစုရပ် တည်နေရ တယ်၊ ဆရာအချို့ရဲ့ စာမေးပွဲမေးခွန်း ရောင်းစားမှုရှိနေပြီး သက်ဆိုင်ရာက စစ်ဆေးအရေးယူမှုတွေ လုပ်ခဲ့ရတယ်။
အခု ကျောင်းဆရာ၊ ဆရာမတွေမှာ စားဝတ်နေရေးဖြေရှင်းနိုင်ဖို့ ကျူရှင်သင်ရတာ တွေရှိတယ်။ ကျူရှင်သင်တာကို အပြစ် တင်တာထက် စနစ်ကိုပဲ အပြစ်တင်ချင်တယ်လို့ Education International က တာဝန်ရှိသူတဦးက ပြောသွားပါတယ်။
ဒီလိုဖြစ်ရတာက စနစ်ရဲ့အမှားအယွင်းကြောင့် ဖြစ်ရတာပါတဲ့။ ဆရာ၊ ဆရာမတွေမှာ ပိုမိုကောင်းမွန်တဲ့ ဘဝကို နေထိုင်ချင်ကြပါတယ်။ ပိုမိုကောင်းမွန်တဲ့ လစာခံစားခွင့်၊ Quality of Life ကို လိုချင်တာ အပြစ်မပြောလိုပါဘူး။ စနစ်ရဲ့အမှား အယွင်းကြောင့် ဒီလိုဖြစ်ရတာလို့ ယူဆပါတယ်။
တလကို လစာ ဒေါ်လာ ၄၀၊ ၆၀၊ ၈၀ ရတဲ့လစာနဲ့ ကျောင်းဆရာ၊ ဆရာမတွေဆိုရင် ဘယ်လို ရုန်းကန်းနေရမလဲဆိုတာ ဒီခက်ခဲတဲ့ အခြေအနေကြားမှာ ဘယ်လို ရပ်တည်နေရသလဲဆိုတာ ခန့်မှန်းကြည့်လို့ကို မရပါဘူးတဲ့။
ကျောင်းဆရာတဦး ရတဲ့လစာက ပုဂ္ဂလိကဘဏ်က သန့်ရှင်းရေးသမားလောက်တောင် မရဘူးလို့ ဖေ့စ်ဘုတ်စာမျက်နှာမှာ ဆရာ၊ ဆရာမတွေ ရင်ဖွင့်ထားတာလည်း တွေ့ရတယ်။ ကျောင်းဆရာတဦးရဲ့လချုပ်စာရင်းနဲ့ ပတ်သက်ပြီး ဆရာမတဦး ကလည်း လူမှုကွန်ရက်မှာ ဝေမျှထားတာလည်း တွေ့ရတယ်။
ကျောင်းဆရာတဦးရတဲ့ လစာ ကျပ်တသိန်းရှစ်သောင်းက အိမ်လခ၊ စားစရိတ်၊ ကလေးကျောင်းစရိတ်၊ ဆေးကုသစရိတ် တွေနုတ်လိုက်ရင် လက်ကျန်ငွေတပြားမှ မကျန်ဘူးဆိုတာလည်း တွက်ပြထားပါတယ်။
တခါတရံ ဆရာ၊ ဆရာမတွေမှာ သင်ကြားရေးအတွက်ပဲ သီးသန့်လုပ်ရတာမျိုးမဟုတ်ဘဲ ဋ္ဌာနဆိုင်ရာပေါင်းစုံ၊ အဖွ့ဲအစည်း ပေါင်းစုံ၊ အခမ်းအနားပေါင်းစုံမှာ လူအင်အားအတွက် အသုံးချခံရတာလည်းရှိတယ်။
သင်ကြားရေးကို ဦးစားပေးပြီး မလုပ်နိုင်တဲ့အခါ သင်ကြားရေးအတွက် ဖိအားတွေ အများကြီး ဖြစ်လာတယ်။ ဒါအပြင် ဆရာ၊ ဆရာမတွေမှာ နောက်ထပ်ပညာရေးနဲ့ ပတ်သက်တဲ့ ဝမ်းစာဖြည့်ဖို့ စာအုပ်စာတမ်းတွေ လေ့လာဖို့ အခွင့်အလမ်း မရကြဘူး။ လေ့လာဖို့အတွက် စာအုပ်စာတမ်းတွေက လက်လှမ်းမမီဘူး။
ဆရာ၊ ဆရာမတွေအနေနဲ့ စာသင်ကြားတာတခုတည်း မဟုတ်ဘဲ ကျောင်းလုံခြုံရေးအတွက် လုပ်ရတာ၊ မလိုအပ်တဲ့ အစည်းအဝေးတွေနဲ့ အကျိုးမဲ့အချိန်တွေ ကုန်ဆုံးရတာတွေလည်း လုပ်ကြရတယ်။
ပညာရေးဝန်ထမ်းတွေရဲ့ဘဝတွေ မတိုးတက်လာတဲ့အခါ သင်ကြားရေးပိုင်းမှာလည်း အနှောင့်အယှက်တွေဖြစ်လာတဲ့အခါ လုပ်ငန်းခွင်မှာ မပျော်ပိုက်တာတွေ ဖြစ်လာပါတယ်။
အရည်အသွေးရှိတဲ့ ပညာရေးဖြစ်ဖို့အတွက် ကျောင်းဆရာ၊ ဆရာမတွေရဲ့အရည်အသွေးကို ပြည့်မီအောင် ဖြည့်ဆည်း ပေးဖို့ လိုသလို လုံလောက်တဲ့ အကျိုးခံစားခွင့်တွေ ဖြည့်ဆည်းပေးဖို့ လိုအပ်ပါတယ်။
(ယဉ်ယဉ်ခန့်သည် မန္တလေးအခြေစိုက် အမျိုးသမီး သတင်းစာဆရာ တဦး ဖြစ်သည်)