လယ်သမားတွေကို အခွင့်အရေးနဲ့ အခွင့်အလမ်းတွေ ဖန်တီးပေးပါ

သွေး (စစ်ကိုင်း)

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

ခေတ်အဆက်ဆက်မှာ တောင်သူလယ်သမားတွေဟာ ဖိနှိပ်ခံလူတန်းစားဖြစ်ခဲ့ရသလို စိုက်ပျိုးရေးကို အခြေခံတဲ့ ကျမတို့နိုင်ငံမှာ နိုင်ငံ့လူဦးရေရဲ့၇၀ ရာခိုင်နှုန်းနီးပါးရှိပါတယ်။ လယ်သမားတွေရဲ့ဘဝမြင့်မားတိုးတက်လာမှ သာ နိုင်ငံရဲ့ကုန်ထုတ်စွမ်းအားစု တိုးတက်လာမှာဖြစ်ပါတယ်။

လက်တွေ့မှာ လယ်သမားတွေဘက်က ဘယ်လို အခက်အခဲတွေ ရင်ဆိုင်နေရလဲ၊ သူတို့အတွက် ဘာတွေလုပ်ဆောင်ပေး သင့်သလဲဆိုတာ သိနားလည်ထားဖို့ လိုအပ်နေပါတယ်။ လယ်သမားတွေရဲ့လက်တွေ့ဘဝကို သေသေချာချာ မလေ့လာ ဘဲ မှန်းဆပြောဆိုနေမယ်ဆိုရင် “ပကတိအရှိတရား” နဲ့ ဝေးသွားပါလိမ့်မယ်။

မေလ ၂၃ ရက်နေ့က ကျင်းပပြုလုပ်ခဲ့တဲ့ ပြည်ထောင်စုလွှတ်တော်မှာ စိုက်ပျိုးစရိတ်ချေးငွေအတွက် ကျပ်ဘီလျံ ၅၀၀ကို ဗဟိုဘက်ကနေ ချေးယူမယ့် ကိစ္စဆွေးနွေးကြပြီးတဲ့နောက် စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာနပြည်ထောင် စုဝန်ကြီး ဒေါက်တာအောင်သူက “လယ်သမားများဟာ ငွေကိုချေးတယ်၊ အလွယ်တကူ သုံးတယ်၊ မိမိရဲ့လယ်ယာမြေကို တိုးတက်အောင် ဆောင်ရွက်ချင်တဲ့စိတ်ဓာတ်တွေမရှိပါဘူး”လို့ ဝေဖန်ပြောကြားခဲ့မှုဟာ ကြားရသူတွေအဖို့ အံ့အားသင့်စ ရာပါ။

သူ့ရဲ့ပြောကြားချက်ဟာ စိတ်စေတနာအပေါ် အခြေခံပြီး ပြောတာဖြစ်နိုင်ပေမယ့် ဒီလိုမပြောသင့်ပါဘူး၊ စိုက်ပျိုးစရိတ်ချေး ငွေတွေကို ဝန်ကြီးပြောသလို အလွယ်သုံးတဲ့ လယ်သမားတွေရှိနိုင်ပေမယ့် အရေအတွက်အားဖြင့် နည်းပါတယ်။ ဝေးဝေး မကြည့်ပါနဲ့၊ အိမ်နီးချင်း ထိုင်းနိုင်ငံက လယ်သမားတွေနဲ့ မြန်မာနိုင်ငံက လယ်သမားတွေကို ယှဉ်ကြည့်ရင် အားပေးကူညီ မှုချင်း ကွာခြားနေတာ တွေ့ရပါလိမ့်မယ်။

၂၀၁၂ ခုနှစ်က ပြဋ္ဌာန်းခဲ့တဲ့ လယ်ယာမြေဥပဒေဟာ လယ်သမားတွေရဲ့ပိုင်ဆိုင်ခွင့်ကို အကာအကွယ် မပေးနိုင်ခဲ့ပါဘူး။ မ ဆလခေတ်မှာ “တာဝန်ကျေပါစေ”ဆိုတာနဲ့ လယ်သမားတွေကို ဝန်ထုပ်ဝန်ပိုးဖြစ်စေခဲ့ပါတယ်။ စစ်အစိုးရလက်ထက်မှာ ခေါင်းစဉ်မျိုးစုံတပ်ပြီး သိမ်းယူခဲ့တဲ့ လယ်ယာမြေတွေ မြန်မာတနိုင်ငံလုံးမှာ ဧက သိန်းနဲ့ချီပြီး ရှိပါတယ်။ တချို့နေရာတွေမှာ လယ်တဧကကို ၃၅ ကျပ်နှုန်းနဲ့ ကိုလိုနီခေတ်က ပြဋ္ဌာန်းခဲ့တဲ့ ဥပဒေကို လက်တလုံးခြားလုပ်ပြီး သိမ်းယူခဲ့တာတောင် ရှိပါ တယ်။

လယ်သိမ်းခံရလို့ ဘဝပျက်သွားတာ၊ လယ်သမားဘဝကနေ သူရင်းငှားဘဝကို ရောက်သွားတာ၊ သားသမီးတွေကို ပညာ ဆုံးခန်းတိုင် သင်ကြားမပေးနိုင်တော့တာတွေဟာ ယုံတမ်းစကားမဟုတ်တဲ့ တကယ့်အဖြစ်အပျက်တွေပါ။

“စက်မှုလက်ယာ”လို့ ကြွေးကြော်နေပေမယ့် လယ်သမားတိုင်း စက်ကိရိယာတွေကို အသုံးမပြုနိုင်သေးပါဘူး။ သိကြတဲ့ အတိုင်း ကျွဲ၊ နွားတွေ အသုံးပြုနေရဆဲဖြစ်တဲ့ လယ်ယာမှာ ၂၀၁၅ ခုနှစ်အတွင်း ဖြစ်ပွားခဲ့တဲ့ ရေကြီးရေလျှံမှုကြောင့် လယ် ယာမြေတချို့ ပျက်စီးခဲ့ရသလို ကျွဲနွားဆုံးရှုံးမှုတွေပါ ရှိခဲ့ပါတယ်။ အရင်က စပါးစိုက်ဧက တဧကကို တသိန်းကျပ် ထုတ် ချေးရာကနေ တသိန်းငါးသောင်းကျပ်အထိ ထုတ်ချေးဖို့ ပြောတာကို ကြိုဆိုရမှာဖြစ်ပေမယ့် စပါးမဟုတ်တဲ့ တခြားသီးနှံ တွေ စိုက်ပျိုးရေးအတွက်ပါ ကူညီသင့်ပါတယ်။

ဒေသအလိုက် ဘယ်လိုသီးနှံတွေ စိုက်ပျိုးဖြစ်ထွန်းသလဲဆိုတာ သေချာလေ့လာပြီး အဲဒီသီးနှံတွေ ဖြစ်ထွန်းအောင်မြင်ဖို့ ကူ ညီပံ့ပိုးပေးတာ အကောင်းဆုံးပါပဲ။ ပဲစိုက်ပျိုးလို့ အဆင်ပြေတဲ့ လယ်ယာမှာ ပဲစိုက်ဖို့၊ နှမ်းစိုက်ပျိုးလို့ အဆင်ပြေတဲ့ လယ် ယာမှာ နှမ်းစိုက်ဖို့ ကူညီပေးရမှာပါ။ စပါးမဟုတ်တဲ့ သီးနှံတွေအတွက် တဧကချေးငွေဟာ နည်းပါးနေပါသေးတယ်။

ငွေကြေးပံ့ပိုးပေးတာနဲ့ စာရင် လယ်သမားတွေအတွက် မျိုးစေ့၊ နည်းပညာပံ့ပိုးပေးတာ ပိုထိရောက်မယ်လို့ မြင်မိပါတယ်။ စိုက်ပျိုးမယ့်သီးနှံအတွက် အရည်အသွေးကောင်းတဲ့ မျိုးစေ့ရရှိမှသာ ဖြစ်ထွန်းအောင်မြင်မှာဖြစ်သလို သမာရိုးကျ စိုက်ပျိုးတာထက် ခေတ်မီနည်းပညာနဲ့ စိုက်ပျိုးနိုင်အောင် နိုင်ငံတော်က ကူညီပေးရမှာပါ။

အစ္စရေးလို နိုင်ငံမှာတောင် စိုက်ပျိုးရေးနဲ့ပတ်သက်တဲ့ နည်းပညာတွေ မြင့်မားတာကြောင့် အစ္စရေးကထွက်တဲ့ သစ်ခွ အပါအဝင် ပန်းအမျိုးမျိုးကို ကမ္ဘာ့ဈေးကွက်ပို့ဆောင်ရာက တနှစ်ဒေါ်လာသန်းပေါင်း များစွာ ဝင်ငွေရနေပါတယ်။

လယ်ယာထွက်သီးနှံတွေအတွက် တွင်တွင်ကျယ်ကျယ် ရောင်းချပေးနိုင်မယ့် “ဈေးကွက်” ဖန်တီးပေးဖို့ကလည်း  အထူး ပဲအရေးကြီးပါတယ်။ ကျယ်ပြန့်တဲ့ ဈေးကွက်ဖြစ်လာရင် အရည်အသွေးကောင်းတဲ့ လယ်ယာထွက်ပစ္စည်းတွေကို နိုင်ငံ ခြားကို ပို့ဆောင်ရောင်းချနိုင်ရင် ကုန်ကြမ်းသက်သက်မကဘဲ Value Added လို့ခေါ်တဲ့ တန်ဖိုးမြင့် ထုတ်ကုန်တွေ ရောင်း ချနိုင်ရင် နိုင်ငံအတွက် ဝင်ငွေတိုးလာမှာဖြစ်သလို လယ်သမားတွေရဲ့ဘဝပါ မြင့်မားလာမှာပါ။

လက်ရှိအချိန်မှာ မူဆယ်ကုန်သွယ်ရေးလမ်းကြောင်းကနေ ဆန်တင်ပို့ရောင်းချရာမှာတောင် အခက်အခဲတွေရှိနေသလို တရုတ်ဘက်က ဈေးနှိမ်ဝယ်ယူနေပါတယ်။ တကယ်တော့ တရုတ်ကိုပဲ အားကိုး ရောင်းချစရာမလိုတဲ့၊ ဘယ်နိုင်ငံမှာပဲ ဖြစ်ဖြစ် စံချိန်မီရောင်းချနိုင်တဲ့ “ဈေးကွက်”ကို နိုင်ငံတော်ဘက်က ဖန်တီးပေးရမှာဖြစ်ပါတယ်။

တဖက်က စဉ်းစားကြည့်ရင် လယ်သမားတွေကို စိုက်ပျိုးစရိတ်ချေးငွေထုတ်ပေးနိုင်ဖို့ ဗဟိုဘက်ကနေ ငွေစက္ကူ ကျပ်ဘီလျံ ၅၀၀ အထိ ရိုက်နှိပ်ထုတ်ဝေရမှာပါ။ အဲဒီလို ပြုလုပ်ခြင်းအားဖြင့် ငွေကြေးဖောင်းပွမှုဖြစ်ပေါ်လာနိုင်သလို အကျိုးဆက် အနေနဲ့ ကုန်ဈေးနှုန်းပါ တက်လာနိုင်ပါတယ်။

အခုတောင် အသား၊ ငါး၊ ဆန်စတဲ့ မရှိမဖြစ် စားသုံးရတဲ့ ကုန်ပစ္စည်းတွေရဲ့ဈေးနှုန်းတွေ တရိပ်ရိပ်မြင့်တက်နေပါတယ်။ ဒါကြောင့် ကုန်ဈေးနှုန်း တက်လာခဲ့ရင် အခြေခံလူတန်းစားနဲ့ လယ်သမားတွေအပေါ် သက်ရောက်မှုရှိနိုင်တာ ထည့် တွက်စဉ်းစားဖို့ လိုပါတယ်။

ကမ္ဘာ့ဘဏ်၊ အာရှဖွံ့ဖြိုးရေးဘဏ်တို့ကနေ လယ်သမားတွေရဲ့ စိုက်ပျိုးစရိတ်အတွက် ငွေချေးယူတဲ့ နည်းလမ်းကို စဉ်းစား သင့်ပါတယ်။ စိုက်ပျိုးစရိတ်ထုတ်ပေးတာထက် ပိုအရေးကြီးတာက လယ်သမားတွေရဲ့ဘဝကို ထဲထဲဝင်ဝင် လေ့လာပြီး လယ်ယာမြေသိမ်းဆည်းခံရမှုပြဿနာတွေ ဖြေရှင်းပေးရမှာဖြစ်သလို နောက်ထပ် သိမ်းဆည်းမခံရစေဖို့ ဥပဒေအရ ကာ ကွယ်ပေးရမှာပါ။

ခေတ်အဆက်ဆက် ဖိနှိပ်ခံခဲ့ရတဲ့ လယ်သမားတွေရဲ့အခွင့်အရေးကို ကာကွယ်ပေးနိုင်မှသာ သမိုင်းမှာ နာမည်ကောင်း ကျန်ခဲ့မှာပါ။ အဲဒီလို နာမည်ကောင်းကျန်ခဲ့ပြီး တိုင်းပြည်တိုးတက်ဖို့ လုပ်သင့်လုပ်ထိုက်တဲ့ အပြောင်းအလဲတွေ လုပ် ဆောင်ပေးဖို့ နောက်မကျသေးပါဘူးလို့ ထင်မြင်ယူဆမိပါကြောင်း။

(သွေး(စစ်ကိုင်း)သည် ရန်ကုန်အခြေစိုက် အမျိုးသမီး စာရေးဆရာတဦး ဖြစ်သည်)

Did you find apk for android? You can find new Free Android Games and apps.
Loading