ကလေးဘဝကတည်းက လူ့အခွင့်အရေးကို မျိုးစေ့ချပေးပါ

အောင်မျိုးမင်း

This article has been converted from Zawgyi One to Unicode

အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေညာစာတမ်းကို အစိုးရကျောင်းတွေမှာ သင်ခန်းစာအဖြစ် သင်ဖို့ အစီအစဉ်ရှိမရှိဆိုတဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးပြုံးချိုရဲ့ မေးခွန်းကို ပညာရေးဝန်ကြီးဌာန ဒေါက်တာမျိုးသိမ်းကြီးက ၂၀၁၇-၁၈ ပညာသင်နှစ်ကစပြီး ဥပဒေတတိယနှစ်ကျောင်းသားတွေကို ဘွဲ့ကြိုအနေနဲ့ သင်ကြားသွားမယ်လို့ ဖြေကြားသွားပါတယ်။ အခြေခံပညာအဆင့်မှာလဲ ၂၀၁၄- ၁၅ ကတည်းက စာရိတ္တနဲ့ လောကနိတိအနေဖြင့် သင်ကြားနေပါတယ်လို့ ပြောကြားသွားပါတယ်။

အခုလိုမျိုး တက္ကသိုလ်အဆင့်မှာ လူ့အခွင့်အရေးဥပဒေကို ထည့်သွင်းသင်ကြားမယ်ဆိုတာ ကြိုဆိုပါတယ်။ နိုင်ငံတကာရေးရာကိုပဲ ကြည့်ကြည့်၊ နိုင်ငံတကာဥပဒေတွေပဲ လေ့လာလေ့လာ လူ့အခွင့်အရေးကို မဖြစ်မနေလေ့လာရမှာပါ။ နိုင်ငံတကာ လူ့အခွင့်အရေး ပင်မစာချုပ် ၉ ခုကို မသိမနေရ လေ့လာဖို့ လိုအပ်တယ်။ လူမျိုး အသားအရောင် ခွဲခြားမှု၊ အမျိုးသမီးတွေကို ခွဲခြားဆက်ဆံမှုတွေ ဖျက်သိမ်းပစ်ရေး၊ ကလေး အခွင့်အရေး၊ ရွှေ့ပြောင်းအလုပ်သမားနဲ့ သူတို့မိသားစုတွေရဲ့ အခွင့်အရေး၊ မသန်စွမ်းတွေရဲ့ အခွင့်အရေးစတာတွေ ပါဝင်ပါတယ်။

တဖက်မှာကလည်း လူ့အခွင့်အရေးဆိုတဲ့အယူအဆတွေကို ငယ်စဉ်ကတည်းက ရင်းနှီးကျွမ်းဝင်အောင် လုပ်ဆောင်သင့်ပါတယ်။ အစကောင်းမှ အနှောင်းသေချာဆိုသလို ကလေးတွေအနေနဲ့ ငယ်ငယ်ကတည်းက လူ့အခွင့်အရေးရဲ့ အဓိကအနှစ်သာရတွေကို နားလည်သဘောပေါက်သင့်ပါတယ်။ ကျနေ်ာတို့ လူမှုပတ်ဝန်းကျင်ဟာ နိုင်ငံတကာ လူ့အခွင့်သဘောတရားတွေဖြစ်တဲ့ ငြိမ်းချမ်းစွာနေထိုင်ခြင်း၊ တဦးကိုတဦး ကိုယ်ချင်းစာစိတ်ထားခြင်း၊ အပြန်အလှန်လေးစားခြင်းဆိုတဲ့ အချက်တွေနဲ့ အလှမ်းကွာဝေးတဲ့ လူ့အဖွဲ့အစည်းမဟုတ်ပါဘူး။။ ၃၈ ဖြာမင်္ဂလာတရားတော်မှာ ဖော်ပြထားတဲ့အချက်တွေဟာ လူ့အခွင့်အရေးအခြေခံတရားတွေကိုပဲ ဖော်ပြထားတာဖြစ်ပါတယ်။
မူလတန်းအရွယ်ကတည်းက တယောက်ကို တယောက် လေးစားဖို့၊ အနိုင်ကျင့် အကြမ်းဖက်တာတွေကို မလုပ်ဆောင်ဖို့၊ မတူကွဲပြားတာကို သဘောပေါက်ဖို့အတွက် ကဗျာလေးတွေ၊ သံပေါက်လေးတွေ ရွတ်ပြ ရှင်းပြတာတွေက ကလေးဘဝကတည်းကကို လူ့အခွင့်အရေးသဘောပေါက်လာအောင် မျိုးစေ့ချပေးတာဖြစ်ပါတယ်။

ပထမတန်း၊ ဒုတိတန်းလောက်မှာတော့ ပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေနေတတ်အောင်၊ ပတ်ဝန်းကျင်ကို လေ့လာတတ်အောင် လုပ်ဆောင်နိုင်တဲ့အခြေအနေရောက်ပါပြီ။ ဒီအချိန်မျိုးမှာ အမှိုက်တွေကို ဘယ်လိုပစ်သင့်သလဲ။ ဘာကြောင့် စနစ်တကျပစ်သင့်လဲဆိုတာတွေကို စဉ်းစားခိုင်းတာတွေ လုပ်နိုင်ပါပြီ။ သစ်ပင်တွေ ဘာကြောင့်အရေးကြီးလဲဆိုတာ သင်ပေးရင် သစ်ပင်တွေသာမရှိရင် ဘာတွေ ဖြစ်သွားမလဲ၊ သစ်ပင်တွေကို ဘယ်လိုစိုက်ကြမလဲဆိုတဲ့ တွေးခေါ်စဉ်းစားမှုတွေကို လုပ်ပေးနိုင်ပါပြီ။

လေးတန်း၊ ငါးတန်းအဆင့်ဆိုရင်တော့ လူ့အခွင့်အရေးဆိုတဲ့ အကြောင်းအရာကို စတင်မိတ်ဆက်နိုင်ပါပြီ။ ဒုတိယကမ္ဘာစစ်အကြောင်းသင်ရင်း လူ့အခွင့်အရေးအယူအဆ ဘယ်လိုပေါ်လာလဲဆိုတာ ဆွေးနွေးနိုင်ပါပြီ။ ဒီနေရာ လူ့အခွင့်အရေးဘာသာရပ် သီးသန့်မဟုတ်ဘဲ သင်ကြားနေတဲ့ တခြားဘာသာတွေမှာ လူ့အခွင့်အရေးဆိုင်ရာ အကြောင့်အရာတွေကို ထည့်သွင်းရေးဆွဲလေ့ရှိပါတယ်။ ဥပမာ သမိုင်းအကြောင်းသင်ရင်း လူ့အခွင့်အရေး၊ တရားမျှတရေး၊ ဒီမိုကရေစီရေးအတွက် တက်ကြွစွာ လှုပ်ရှားခဲ့သူတွေရဲ့ အကြောင်းအရာတွေ၊ နိုင်ငံတွေရဲ့ သမိုင်းတွေကို သင်ကြားနိုင်ပါတယ်။ ဒီနေရာမှာ ဒီလိုလူတွေအကြောင်းဖော်ပြတဲ့နေရာမှာ အမျိုးသားတွေကိုသက်သက် ပုံဖော်တာမဟုတ်ဘဲ စွမ်းဆောင်နိုင်တဲ့ အမျိုးသမီးတွေ၊ တိုင်းရင်းသားတွေ၊ လူနည်းစုတွေ၊ မသန်စွမ်းသူတွေရဲ့ စွမ်းဆောင်ချက်တွေကို ဖော်ပြခြင်းအားဖြင့် သူတို့ရဲ့ စွမ်းဆောင်နိုင်မှုကို လေးစားအားကျလိုတဲ့စိတ်တွေ ပေါ်လာနိုင်ပါတယ်။

သချၤာဘာသာလို ဘာသာရပ်မျိုးတောင် လူ့အခွင့်အရေးသဘောထားတွေ ပါဝင်အောင် သင်နိုင်ပါတယ်။ ဥပမာ ရွာတရွာမှာ မိဘတွေက ပညာရေးကို အားမပေးလို့ ကျောင်းမနေရသော ကလေးပေါင်း ၃၅၀ ယောက်ရှိသည်။ ပညာရေး အရေးကြီးကြောင်း ပညာပေးလှုံ့ဆော်သော အဖွဲ့တဖွဲ့ကြောင့် ကလေး ၁၅၆ ဦး ကျောင်းအပ်လာတဲ့နောက်ပိုင်းမှာ ကျောင်းမနေရတဲ့ ကလေး ဘယ်လောက်ကျန်သေးလဲဆိုတဲ့ မေးခွန်းမေးရင် ပညာရေးအရေးကြီးပုံကို ဆက်ဆွေးနွေးနိုင်ပါတယ်။

မှတ်မှတ်ရရ ရယ်စရာလည်း ဖြစ် ရင်နာစရာလည်း ဖြစ်တဲ့ နယ်စပ်မှာ သင်တန်းပေးတဲ့ အတွေ့အကြုံလေးတခု ပြောချင်ပါတယ်။ သင်တန်းပေးရင်း သချၤာဘာသာရပ်မှာ လူ့အခွင့်အရေးနဲ့ ပတ်သက်တဲ့ မေးခွန်းတခု တီထွင်ပါလို့ သင်တန်းသားတွေကို လုပ်ခိုင်းကြည့်ပါတယ်။ သင်တန်းသားတယောက် ထွင်လာတဲ့ မေးခွန်းကိုကြည့်ပြီး ကိုယ့်နဖူးကို ကိုယ်နံရံနဲ့ ပြေးတိုက်ချင်မိသွားတယ်။ သူရေးလာတာက “ရွာတရွာမှာ ကရင်နဲ့ မြန်မာရွာသား ၄၅၀ ဦးရှိတယ်။ အဲဒီထဲက မြန်မာ ၂၃၀ ကို အကုန်သတ်ပစ်လိုက်တဲ့အခါမှာ ရွာသားဘယ်လောက်ကျန်မလဲ” တဲ့၊ မှတ်ရော။

ကလေးတွေကို လူ့အခွင့်အရေးသင်ကြားတဲ့နေရာမှာ စာမေးပွဲဖြေရမယ့် ဘာသာရပ်အနေနဲ့ မသင်ကြားဖို့ လိုအပ်ပါတယ်။ ကလေးတွေအနေနဲ့ ဝန်ထုပ်ဝန်ပိုးကြီးဖြစ်ပြီး လူ့အခွင့်အရေး သမိုင်းခုနှစ်တွေ၊ အပိုဒ်တွေကို အလွတ်ကျက်မှတ်ရတဲ့ ဘာသာရပ်အနေနဲ့ မမြင်စေချင်ပါဘူး။ ကျနော်တို့လိုအပ်တာ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေညာတမ်းကို အာဂုံဆောင်နိုင်တဲ့ကလေးတွေမဟုတ်ပါဘူး။ တိုင်းပြည်အတွက် လိုအပ်တဲ့ ကလေးတွေဟာ လူ့အခွင့်အရေး အနှစ်သာရကို နားလည်သဘောပေါက်ပြီး အခွင့်အရေး (Rights) နဲ့ တာဝန်သိမှု (Responsibility) ဆိုတဲ့ ၂ ခုစလုံးကို ကျင့်သုံးတဲ့ ကလေးတွေ ဖြစ်ပါတယ်။

သင်ကြားမယ့် ဆရာဆရာမတွေရဲ့ အခန်းကဏ္ဍလည်း အရမ်းအရေးကြီးပါတယ်။ သူတို့ ကိုယ်တိုင် လူ့အခွင့်အရေး အခြေခံသဘောထားတွေကို သဘောပေါက်ဖို့ လိုအပ်ပါတယ်။ ဒါမှသာ မှန်ကန်တဲ့ စကားတွေ ပြောပေးနိုင်ပါမှာ။ ပေးချင်တဲ့ မတ်ဆေ့ချ် မှားသွားရင် တသက်လုံး စွဲသွားနိုင်တဲ့အတွက် လက်ဦးဆရာတွေအနေနဲ့ မှန်ကန်သော လူ့အခွင့်အရေး သတင်းစကားတွေ ပေးနိုင်ဖို့ အထူး အရေးကြီးပါတယ်။ လူ့အခွင့်အရေး အနှစ်သာရဖြစ်တဲ့ လူတိုင်းနဲ့ သက်ဆိုင်မှု (Universality) နဲ့ ခွဲခြားခြင်းမရှိမှု (Non-Discrimination) ဆိုတာကို ကိုယ်တိုင်ကျင့်သုံးလက်ခံမှသာ မျိုးစေ့မှန်လို့ ပင်သန်မှာပါ။

သင်ကြားမှုဆိုတာကလည်း ကလေးတွေရဲ့ ပါဝင်မှု၊ စဉ်းစားဆင်ခြင်တတ်မှု၊ တာဝန်ယူတတ်မှုတွေကို လေ့ကျင့်ပေးတဲ့ နေရာမျိုးဖြစ်ရပါတယ်။ “အခု သင်မယ့် လူ့အခွင့်အရေးခေါင်းစဉ်က လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ဆိုတဲ့ ခေါင်းစဉ်ဖြစ်ပါတယ်.. ကလေးတွေ အကုန်လုံးလိုက်ကူးပါ… အသံထွက်တဲ့သူတွေ ဒဏ်ပေးခံရမယ်” ဆိုတဲ့ပုံစံမျိုးတော့ မဖြစ်သင့်ပါ။ ဒါဆို ကလေးတွေကို သင်တာတခြား ကျင့်သုံးတာတခြား ဖြစ်စေပါလိမ့်မယ်။ “You preach what you practice” ပြောတဲ့အတိုင်း လုပ်ပါ ဆိုတဲ့အတိုင်း လူ့အခွင့်အရေးသင်ရင်း လူ့အခွင့်အရေးကို မလေးစားတာ မဖြစ်အောင် ဂရုစိုက်ကြပါ။

“Knowledge is power, facilitation is Art”လို့ ကျနော်အမြဲပြောပါတယ်။ သင်ကြားမယ့်သူတွေဟာ လူ့အခွင့်အရေးကြေညာစာတမ်းအပိုဒ် ၃၀ ကို အလွတ်ရနေရုံနဲ့ မလုံလောက်ပါဘူး။ ဘယ်လိုသင်မလဲဆိုတဲ့ အနုပညာ စွမ်းအားရှိဖို့ လိုအပ်ပါတယ်။ တီထွင်ဖန်တီးမှုတွေရှိပြီး အနုပညာဆန်တဲ့ အတွေးမျိုးတွေရှိမှ သင်ကြားမှုတွေဟာ စိတ်ဝင်စားစရာကောင်းမှာပါ။ လူ့အခွင့်အရေးဆိုရင် ပျင်းစရာ၊ စိတ်ဝင်စားဖို့ မကောင်းတဲ့အရာတွေလို့ မြင်တဲ့သူတွေ များပါတယ်။ ဒီလိုမျိုး အမြင်တွေကို ပြောင်းနိုင်ဖို့က လေ့လာသူတွေ ကိုယ်တိုင်ပါဝင်နိုင်မယ့် အစီအစဉ်တွေ၊ ပူးပေါင်းပြီး ကိုယ်တိုင်လုပ်ဆောင်နိုင်တဲ့ ပုံစံတွေရှိမှ စိတ်ဝင်စားလာကြမှာပါ။ လူ့အခွင့်အရေး လုပ်ဆောင်နေတဲ့ လူတယောက်အကြောင်း။ အဖွဲ့အစည်းအကြောင်းတွေကို စုပေါင်းအုပ်စုဖွဲ့ လေ့လာခိုင်းတာ၊ လူ့အခွင့်အရေးအကြောင်းအရာနဲ့ပတ်သက်ပြီး လက်တွေ့အခြေအနေတွေကို လေ့လာတင်ပြခိုင်းတာတွေက သူတို့ကို စုပေါင်းလုပ်ဆောင်တတ်တဲ့ စိတ်ရော၊ ကိုယ့်ကိုကိုယ် ယုံကြည်စိတ်ရော၊ သုတေသနလေ့လာမှု စွမ်းရည်နဲ့ တင်ဆက်မှု စွမ်းရည်တွေကို တိုးတက်စေပါတယ်။ စိတ်ဝင်စားပြီး လေ့လာမှုတွေ အမှန်တကယ် ဖြစ်လာစေနိုင်ပါတယ်။

ကလေးတွေဟာ လက်ချာတွေကို နားထောင်တာထက် စာရင် ကာတွန်းတွေ၊ ရုပ်ပုံတွေ၊ ဗီဒီယိုတွေကို ပိုစိတ်ဝင်စားတယ်။ ပိုမှတ်မိကြတယ်။ ဒါကြောင့် သူတို့အရွယ်နဲ့ ကိုက်ညီတဲ့ သင်ခန်းစာထောက်ကူပစ္စည်းတွေကို ဖန်တီးတတ်မှ၊ စနစ်တကျ အသုံးပြုတတ်မှ လူ့အခွင့်အရေးသင်ခန်းစာတွေက ပျော်စရာ၊ စိတ်ဝင်စားစရာတွေ ဖြစ်လာမှာပါ။ လေ့လာသင်ယူမှုကို အားပေးတဲ့ လေ့လာစရာနေရာတွေ ဖြစ်လာမှာပါ။

နောက်တခါကျရင် အစိုးရက သင်ကြားနေတဲ့ လူ့အခွင့်အလမ်းဘာသာရပ်ကို ထောက်ပြပါဦးမယ်။

(အောင်မျိုးမင်းသည် ရန်ကုန်အခြေစိုက် လူ့အခွင့်အရေး မြှင့်တင်ရန် လှုပ်ရှားနေသော Equality Myanmar အဖွဲ့ ၏ Executive Director ဖြစ်ပြီး လူ့အခွင့်အရေးဆိုင်ရာ ပညာပေးသင်တန်းများကို နှစ်ပေါင်းများစွာ ပို့ချနေသူလည်း ဖြစ်သည်။ )

Loading