Missing In Action (MIA) ဆိုသည်မှာ တာဝန်ထမ်းနေစဉ် ပျောက်ဆုံးသွားခြင်းကို ဆိုလိုပြီး ဥပမာ ဗီယက်နမ် စစ်ပွဲကာလအတွင်းက တာဝန်ထမ်းဆောင်နေရင်း ပျောက်ဆုံးသွားသည့် စစ်သားများကို MIA ဖြစ်သွားသူများဟု သုံးနှုန်းခေါ်ဆိုကြသည်။ ယခုလည်း သမ္မတတာဝန် စတင်ထမ်းဆောင်စဉ်မှ ပြည်သူလူထုကို ဆက်သွယ်ပြောဆိုရန် ပျောက်ကွယ်နေခဲ့သော ဦးထင်ကျော်ကို ထိုမေးခွန်းမေးရန် ရှိလာသည်။
ဆယ်စုနှစ် ၂ ခုကျော်ကာလ စစ်အာဏာရှင်စနစ်ကို အတိုက်အခံပြုခဲ့ပြီး အဖွဲ့ဝင်အများအပြား သေဆုံးခြင်း၊ ဖမ်းဆီး ထောင်ချခြင်းများ ရင်ဆိုင်ခဲ့ရသည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီသည် ပြီးခဲ့သည့် နိုဝင်ဘာလ ရွေးကောက်ပွဲတွင် မဲအပြတ်အသတ်ဖြင့် အနိုင်ရရှိခဲ့ပြီးနောက် ယခုနှစ် မတ်လကုန်ပိုင်းတွင် အာဏာ လွှဲပြောင်း ရယူပြီး အုပ်ချုပ်ရေးသစ် စတင်ခဲ့ပါသည်။
ထိုအချိန်မှစ၍ မြန်မာပြည်သူများနှင့် နိုင်ငံတကာအသိုင်းအဝိုင်းက ယခင်အစိုးရလက်အောက်တွင် စတင်ခဲ့သော နိုင်ငံရေးနှင့် စီးပွားရေး ပြုပြင်ပြောင်းလဲမှုများကို ပိုမိုနက်ရှိုင်းစေမည့် သို့မဟုတ် ပြတ်သားမှု ပိုရှိလာစေမည့် NLD ပါတီ၏ မူဝါဒများကို အသေးစိတ် ရှင်းရှင်းလင်းလင်း သိနိုင်ရေးအတွက် စိတ်အားထက်သန်နေခဲ့သည်။
အာဏာလက်ခံရယူသည့် အချိန်တွင် သမ္မတသစ်ဦးထင်ကျော်က ထူးထူးခြားခြား တိုတောင်းသည့် မိန့်ခွန်းကို ပြောကြား ခဲ့သည်။ ၃ မိနစ်သာ ကြာမြင့်သည့် မိန့်ခွန်းအတွင်းတွင် “ယခုအစိုးရအသစ်အနေဖြင့် အမျိုးသား ရင်ကြားစေ့ရေး၊ ပြည်တွင်းငြိမ်းချမ်းရေး၊ ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စု ဖြစ်ပေါ်ရေးကို ရှေးရှုတဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပေါ်ပေါက်ရေးနဲ့ ပြည်သူလုထုအများစုရဲ့ လူနေမှုဘဝအဆင့်အတန်း တိုးတက်မြင့်မားရေးကို အကောင်အထည် ဖော်ဆောင်သွားမှာဖြစ်ပါတယ်” ဟုသာ တိုင်းပြည်သို့ အတိုချုပ် ကတိပြုခဲ့သည်။
ဒီလောက်နှင့် မလုံလောက်ပါ။ မြန်မာပြည်သူများအနေဖြင့် သမ္မတဦးထင်ကျော် အစိုးရသစ်၏ ရည်ရွယ် ဖော်ဆောင်မည့် အမျိုးသား စီမံကိန်းများနှင့် မဟာဗျူဟာများနှင့် ပတ်သက်၍ ပိုမိုသိရှိရန် ထိုက်တန်ပါသည်။
ဦးထင်ကျော်က ကိုယ်ကျင့်တရားကောင်းမွန်သည်ဟု ဂုဏ်သတင်းရှိသူတယောက် ဖြစ်သည်။ သို့သော်လည်း သမ္မတသည် တာဝန်ထမ်းဆောင်နေသော်လည်း လူထုအမြင်မှ ပျောက်ကွယ်နေခဲ့သည်။ (စစ်တပ်ကလည်းတစိတ်တပိုင်း ထိန်းချုပ်ထားဆဲဖြစ်သည့်) အုပ်ချုပ်ရေး အာဏာက ဧပြီလတွင် နိုင်ငံတော် အတိုင်ပင်ခံ အဖြစ် ခန့်အပ်ခြင်းခံခဲ့ရသော ဒေါ်အောင်ဆန်းစုကြည်၏ လက်တွင် ရှိနေပုံရသည်။ အတိုင်ပင်ခံ ရာထူးက ဒေါ်အောင်ဆန်းစုကြည်ကို အစိုးရအဖွဲ့အစည်း အားလုံးနှင့် လွှတ်တော်တို့တွင် ကျယ်ကျယ်ပြန့်ပြန့် ပတ်သက်ပါဝင်ခွင့်ပြုထားသည်။
၂၀၀၈ ခုနှစ် အခြေခံဥပဒေအရ ဒေါ်အောင်ဆန်းစုကြည်က သမ္မတ ဖြစ်လာနိုင်ခြင်း မရှိပါ။ အဘယ်ကြောင့်ဆိုသော် သူ၏ သား ၂ ယောက်က ဗြိတိန်နိုင်ငံသားများဖြစ်နေ၍ နိုင်ငံခြားသြဇာခံ ဖြစ်နေသည့်အတွက် ဖြစ်သည်။ သို့သော်လည်း အစိုးရ အဖွဲ့၏ ဆုံးဖြတ်ချက် ချမှတ်ခြင်းတွင် အရေးပါသည့် သော့များကို ဒေါ်အောင်ဆန်းစုကြည်က ကိုင်ထားကြောင်း မြန်မာ နိုင်ငံတွင် ရှိသူတိုင်း သိကြပါသည်။ သမ္မတဦးထင်ကျော်က အုပ်ချုပ်ရေးအာဏာကို ခွဲဝေ အပ်နှင်းခြင်းခံထားရခြင်းက အခြေခံဥပဒေတွင် အရေးပါသည့် အားနည်းချက် ရှိနေခြင်းကို ဖော်ပြနေသည်။
ဒေါ်အောင်ဆန်းစုကြည်၏ ရေပန်းစားလူကြိုက်များမှုနှင့် ဦးဆောင်နိုင်စွမ်းနှင့် ပတ်သက်၍ မေးခွန်းထုတ်စရာ မရှိပါ။ သို့သော်လည်း ဖိနှိပ်ချုပ်ချယ်သည့် စစ်အာဏာရှင်စနစ်နှင့် အကျင့်ပျက်ခြစားမှုအောက်တွင် ပျက်စီး ယိုယွင်းခဲ့ရသည့် တိုင်းပြည်ကို ပြန်လည်ထူထောင် ထိန်းကျောင်းတည့်မတ်ရန် အရင်းအမြစ်များကို ထိရောက်စွာ စီမံခန့်ခွဲပေးနိုင်မည့် အရည်အချင်း ပြည့်သောသူများ လိုအပ်ပါသည်။ အဆိုပါ ပုဂ္ဂိုလ်များအနေဖြင့် တိုင်းပြည်၏ အနာဂတ် ရည်ရွယ်ချက်များနှင့် လိုက်လျောညီထွေ ရှိစေမည့် မူဝါဒများကို အကောင်အထည်ဖော်နိုင်ရန် လုံလောက်သော အခွင့်အာဏာများ ရှိသင့်ပါသည်။
ပို၍ အရေးကြီးသည်မှာ သူတို့က အစိုးရ၏ အစီအစဉ်နှင့် ဦးတည်ချက်များနှင့် ပတ်သက်၍ ပြည်သူလူထုကို သတင်းပေးရန်နှင့် သက်ဆိုင်ရာ လူပုဂ္ဂိုလ်အဖွဲ့ အစည်းများနှင့် ထိတွေ့ ဆောင်ရွက်ရန် လိုအပ်ပါသည်။ ဦးထင်ကျော်နှင့် ဒေါ်အောင်ဆန်းစုကြည်၏ အစိုးရတွင် ပုံမှန်ဖြစ်သော တိကျသော သတင်းအချက်အလက် ထုတ်ပြန်ပေးမှုမျိုး ယခုအချိန်အထိ မရှိသေးပါ။
ဒီမိုကရေစီ စနစ်တိုင်းတွင် အစိုးရများသည် ၎င်းတို့၏ မူဝါဒများနှင့် ရည်မှန်းချက်များ ပိုမိုခိုင်မာမှုရှိစေရန် လမ်းကြောင်း အမျိုးမျိုး၊ မီဒီယာ စင်မြင့်အမျိုးမျိုးကို အသုံးပြု၍ အရေးပါသော မဲဆန္ဒရှင်များ၊ သက်ဆိုင်ရာ လူပုဂ္ဂိုလ်အဖွဲ့ အစည်းများ၊ ပြည်သူများနှင့် ဆက်သွယ်ခြင်း ပူးပေါင်းဆောင်ရွက်ခြင်းများ ရှိရမည် ဖြစ်သည်။ သေချာ ရှင်းလင်းသော လုပ်ငန်းဆောင်ရွက်မှု တခုတွင် စဉ်ဆက်မပြတ်သော သတင်းအချက်အလက် စီးဆင်းမှုလည်း တွဲဖက် ပါဝင်ရမည် ဖြစ်သည်။ အစိုးရ ခေါင်းဆောင်များ၊ ဝန်ကြီးများ အနေဖြင့် သူတို့၏ ရည်မှန်းချက်များ ပြည့်စုံရေးအတွက် ပြည်သူလူထုနှင့် ပူးပေါင်းဆောင်ရွက်ရန် ဆန္ဒရှိကြောင်း၊ နားလည်သဘောပေါက်ကြောင်း ပြသင့်ပါသည်။
ထိုသို့ ဆောင်ရွက်ခြင်းကို ဗျူဟာမြောက် လူထုဆက်သွယ်ရေးအဖြစ် သိကြပါသည်။ အမေရိကန် သမ္မတက နှစ်စဉ် နိုင်ငံ အခြေပြ မိန့်ခွန်းပြောကြားသလို သမ္မတ ဦးထင်ကျော်သည် အစိုးရ၏ တာဝန်များနှင့် တိုင်းပြည်အတွက် အစိုးရ၏ အမြင်များ အကြောင်းကို မြန်မာပြည်သူများသို့ ပြောပြရန် လိုအပ်ပါသည်။