စာဖတ်သူ မိတ်ဆွေတို့ကို မေးခွန်းတခု မေးချင်ပါတယ်။ “အလုပ်တခုလုပ်တဲ့အခါ စဉ်းစဉ်းစားစား လုပ်တတ်ရဲ့လား”။ မေးထားတဲ့ မေးခွန်းကို စဉ်းစားပြီးမှ အဖြေပေးကြစေလိုပါတယ်။ အောက်ပါ ဖြစ်ရပ်နှစ်ခုကို ကြည့်ပါ။
ဖြစ်ရပ်(၁)။ ။ ရပ်ကွက် သန့်ရှင်းသာယာလှပရေးအတွက် စေတနာ့ဝန်ထမ်း အဖွဲ့တဖွဲ့က ရပ်ကွက်အတွင်း ရေမြောင်း တွေဆယ်၊ ခြင်ဆေးတွေဖျန်းပေးပါတယ်။ ကြိုတင်ကြေညာထားခြင်းမရှိဘဲ ရုတ်တရက် ရောက်လာပြီး ရေမြောင်းဆယ်၊ ခြင်ဆေးဖျန်း လုပ်ပေးသွားတာဖြစ်ပါတယ်။
ရေမြောင်းဆယ်တဲ့ အဖွဲ့တွေက အိမ်ရှေ့ ပြန့်ပြူးသပ်ရပ်တဲ့နေရာမှာ မြောင်းထဲက ဗွက်တွေကို ဆယ်သွားပြီး ပုံထားပစ်ခဲ့ ကြတယ်။ ခြင်ဆေးဖျန်းကြသူတွေကလည်း အိမ်တွင်းအိမ်ပြင် မီးခိုးတွေ ပိန်းပိတ်နေအောင် စေတနာဗရပွနဲ့ ခြင်ဆေးတွေ ဖျန်းပေးသွားကြတယ်။ အိမ်ရှင်တွေက ကြိုတင်သိမထားလို့ ပြင်ဆင်ချိန် မရလိုက်ဘူး။ စေတနာ့ဝန်ထမ်းအဖွဲ့တွေကို ဘာ ကြောင့် ကြိုတင် အကြောင်းမကြားပါသလဲလို့ မေးခွန်းထုတ်တဲ့အခါ စေတနာနဲ့ လုပ်ပေးတာလို့သာ တုံ့ပြန်တယ်။
ဖြစ်ရပ်(၂) ။ ။ အာဇာနည်နေ့ မနက်ပိုင်းက ယာဉ်သွားယာဉ်လာတွေ ရှုပ်ထွေးတဲ့ လမ်းမမှာ အမျိုးသားတဦးက အာဇာ နည်တွေကျဆုံးတဲ့ (၁၀း၃၇)နာရီမှာ ယာဉ်တွေ လမ်းဘေးရပ်ဖို့ ဆော်သြပေးနေတယ်။ သူက အာဇာနည်ခေါင်းဆောင်ကြီး တွေကို လေးစားလို့ လုပ်တာဖြစ်ပါတယ်။
ဒါပေမယ့် အဝတ်အစား ဖိုသီဖတ်သီ ၀တ်ထားပြီး အော်ဟစ်ငေါက်ငမ်းပြီး ယာဉ်တွေကို ရပ်ခိုင်းနေသူက မျက်ထောင့်နီကြီး နဲ့ ယိုင်ထိုးနေတယ်။ သူ့လုပ်ပုံကိုင်ပုံကို အမြင်မကြည်လင်သူတွေက အာဇာနည်တွေကို အကြောင်းပြ လူတွင်ကျယ်လုပ်သူ လို့ သတ်မှတ်လိုက်ကြတယ်။
အထက်ပါ ဖြစ်ရပ်နှစ်ခုစလုံးမှာ အများအတွက် စေတနာနဲ့ လုပ်ကြတာချည်း ဖြစ်ပါတယ်။ ဒါပေမယ့် စဉ်းစားဆင်ခြင်မှု မပါ တဲ့ စေတနာဖြစ်နေတယ်။ စဉ်းစားဆင်ခြင်မှုလေးသာပါရင် လူသာဓုခေါ် နတ်သာဓု ခေါ်စရာ ဖြစ်မှာပဲ။ ရေမြောင်းဆယ်တဲ့ ကိစ္စမှာ ရေမြောင်းထဲက အမှိုက်တွေကို ဆယ်ပြီး စနစ်တကျ စွန့်ပစ်ခဲ့မယ်ဆိုရင် ဘယ်လောက်ကောင်းမလဲ။
အဲဒီလိုပဲ ခြင်ဆေးဖျန်းရာမှာလည်း ကြိုတင်အသိပေးခဲ့ရင် အစားအစာနဲ့ ဆေးဝါးတွေ အချိန်မီ ဖုံးအုပ်သိမ်းဆည်းလို့ ရတာ ပေါ့။ ကလေးသူငယ်နဲ့ သက်ကြီးရွယ်အိုတွေ ခေတ္တ ရှောင်တိမ်းလို့ရတာပေါ့။
ထို့အတူပဲ အာဇာနည်နေ့မှာ အာဇာနည်တွေကို ဂုဏ်ပြုဖို့ရည်ရွယ်ရင် (၁၀း၃၇)နာရီမှာ ယာဉ်တွေလမ်းဘေး ခဏရပ်ဖို့ အတွက် သပ်သပ်ရပ်ရပ် ၀တ်စားဆင်ယင်ပြီး မွန်မွန်ရည်ရည် ပြောသင့်တာပေါ့။
တချို့စေတနာ့ဝန်ထမ်းတွေက ငါတို့ကောင်းတာ လုပ်တာပဲ စေတနာမမှား ပြီးတာပါပဲ ဆိုပြီး လုပ်ရပ်အမှားကို ၀န်မခံဘဲ ဖုံးကွယ်ဖို့ ကြိုးစားကြတယ်။ ကောင်းအောင်လုပ်တာပဲ ဆိုသည့်တိုင် ဘယ်လိုလုပ်တာလဲဆိုတာက အရေးကြီးပါတယ်။ နည်းစနစ်မမှန်ဘဲ ကောင်းတာလုပ်ခဲ့ရင် အကျိုးမများတဲ့အပြင် အကျိုးယုတ်စေတဲ့ သာဓကတွေလည်းရှိခဲ့တယ်။ တမျိုး သားလုံးနဲ့ သက်ဆိုင်တဲ့ ဥပမာပေးပါရစေ။
မြန်မာတမျိုးသားလုံး ဖွံ့ဖြိုးတိုးတက်စေဖို့ ဆိုပြီး မြန်မာ့နည်း မြန်မာ့ဟန် ဆိုရှယ်လစ်စနစ်ကို အကောင်အထည်ဖော်ခဲ့ရာ တိုင်းပြည်ချွတ်ခြုံကျခဲ့တာသာ အဖတ်တင်ခဲ့တယ် မဟုတ်ပါလား။ လုပ်နည်းလုပ်ဟန် နည်းစနစ် မမှန်ခဲ့လေတော့ ဘယ် လောက်ပဲ စေတနာကောင်းတယ်ဆိုဆို ရလဒ်က ပြည်သူတွေ ဒုက္ခလှလှ ကြုံခဲ့တာသာ သမိုင်းမှာ အဖတ်တင်ခဲ့ရတယ်။
အစိုးရအဖွဲ့တွေအနေနဲ့လည်း ဘာပဲလုပ်လုပ် စေတနာဆိုတဲ့ စကားလုံးလှလှလေးသုံးပြီး ထင်ရာမလုပ်ဖို့ လိုပါတယ်။ အထူး သဖြင့် တတ်ကျွမ်းနားလည်သူတွေရဲ့ ထင်မြင်ယူဆချက်တွေကို သေချာထည့်သွင်းစဉ်းစားဖို့ မဖြစ်မနေ အရေးကြီးပါတယ်။
စေတနာဝန်ထမ်း လုပ်ကြမယ်ဆိုရင် စနစ်တကျ သေချာစဉ်းစားပြီး လုပ်ကြပါမှ တော်ကာကျပါလိမ့်မယ်။ စေတနာနဲ့ လုပ် တာပဲဆိုပြီး ထင်မိထင်ရာတွေ စွတ်လုပ်လို့မရပါဘူး။ စေတနာနဲ့ လုပ်တယ်ဆိုတိုင်း ဝေဖန်ခွင့်မရှိရတော့ဘူးလား။ အထူး သဖြင့် ပြည်သူက ရွေးချယ်တင်မြှောက်တဲ့ ပြည်သူ့အစိုးရလို့ ခံယူသူတိုင်း ပြည်သူလူထုရဲ့ဝေဖန်မှုကို ခံယူရဲဖို့ လိုပါတယ်။
အလားတူ အများပြည်သူအကျိုးအတွက် လုပ်နေကြတဲ့ ဥပဒေပြုရေး လုပ်နေကြတဲ့ လွှတ်တော် ကိုယ်စားလှယ်တွေ၊ တ ရားရေးစီရင်ရေးမဏ္ဍိုုင်မှာ တာဝန်ယူထားကြသူတွေ၊ ပြည်ကြီးမျက်လုံး ပြည်ကြီးလက်ရုံး သတင်းစာဆရာတွေ အားလုံး ပြည်သူတွေရဲ့ ဝေဖန်မှုကို အစဉ်သတိရှိရှိ နားစွင့်နေဖို့ လိုပါတယ်။ ပြည်သူလူထုတွေရဲ့ ဝေဖန်အကြံပြုမှုတွေကို ဘက် ပေါင်းစုံ သေချာလေ့လာ သုံးသပ်ပြီးမှသာ ဆုံးဖြတ်ချက် ချရပါမယ်။ ငါတကောကောပြီး အလွယ်တကူ ဆုံးဖြတ်ဖို့ မသင့်ပါ ဘူး။
ဒီမိုကရေစီနိုင်ငံတော်မှာ ပြည်သူသည်သာ အခရာဖြစ်ပါတယ်။ လိုအပ်တယ်ထင်လို့ ဆက်ပြောပါ့မယ်။ ပြည်သူသည်သာ အရေးကြီးဆုံးဖြစ်ပါတယ်။ ပြည်သူ့ဆန္ဒ သဘောထားမပါဘဲ ဘယ်ကိစ္စမှ မပြီးမြောက်စေနိုင်ပါဘူး။ ပြည်သူ့ဆန္ဒကို သွေ ဖယ်ပြီး လုပ်ချင်ရာလုပ်ခဲ့ရင်လည်း ဒီမိုကရေစီမမည်ပါဘူး။
တချို့ကိစ္စတွေမှာ ဒီမိုကရေစီ စံနှုန်းအရ အများဆန္ဒသဘောထားအတိုင်း အကောင်အထည်ဖော်ကြရတာတွေရှိတယ်။ အဲ ဒီလို အခါမျိုးမှာ ကိုယ့်ကို ရွေးချယ်ပေးခဲ့တဲ့ ပြည်သူအများစုရဲ့ဆန္ဒကို အကောင်အထည်ဖော်သည့်တိုင် ကိုယ့်ကို မရွေး ချယ်ခဲ့တဲ့ အနည်းစုသော ပြည်သူတွေကို ဘာကြောင့် ဒီလိုရွေးချယ်ရတယ်ဆိုတာ ရှင်းပြဖို့ တာဝန်ရှိပါတယ်။
အများပြည်သူအတွက် လုပ်ဆောင်တဲ့ အလုပ်တိုင်းမှာ စေတနာမှန်ဖို့ လိုအပ်တဲ့အပြင် လုပ်နည်း လုပ်ဟန်လည်း မှန်ကန် ဖို့လိုအပ်ပါတယ်။ အကျိုးသင့် အကြောင်းသင့် ဝေဖန်မှုတွေကိုလည်း ခံယူနိုင်ရပါမယ်။ လူ့သမိုင်းတလျှောက် တိုးတက် ဖြစ်ထွန်းမှုတိုင်းမှာ ဝေဖန်မှုတွေကို ရင်ဆိုင်ကျော်လွှားခဲ့ရတာချည်းဖြစ်တယ်။
ဝေဖန်တာနဲ့ ကဲ့ရဲ့ရှုတ်ချတာ တူမလိုနဲ့ ကွဲပြားခြားနားတယ်။ ဝေဖန်မှုက တိုးတက်ဖြစ်ထွန်းလိုတဲ့ စေတနာကို အရင်းခံ တယ်။ အပုတ်ချတာကတော့ ကဲ့ရဲ့ရှုတ်ချတဲ့သဘော သက်ရောက်တယ်။ အများအတွက် စေတနာမှန်မှန်နဲ့ ကောင်းတာ လုပ်သည်ဆိုသည့်တိုင် လုပ်နည်းလုပ်ဟန် လွဲချော်ခဲ့ရင် ဝေဖန်ခံရမှာပဲဖြစ်တယ်။
(သန်းနိုင်ဦးသည် မန္တလေးအခြေစိုက် သတင်းစာဆရာ ဖြစ်သည်)