ပြီးခဲ့သည့် နိုဝင်ဘာရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က မဲအပြတ်အသတ်ဖြင့် အနိုင်ရရှိခဲ့ပြီး နောက် ပိုင်းတွင် တရုတ်နိုင်ငံသို့ ပထမဆုံး သွားရောက်မည့် ခရီးစဉ်အတွက် ပြင်ဆင်သည့်အခါတွင် ဒေါ်အောင်ဆန်းစုကြည် လုပ်ဆောင်ရသည်က ၂ နိုင်ငံ ဆက်ဆံရေးတွင် သိမ်မွေ့သော ခေတ်သစ်ကို စီမံခန့်ခွဲခြင်း၊ ဖွံ့ဖြိုးတိုးတက်ရေး အကူအညီ၊ ရပ်တံ့နေသော မြစ်ဆုံဆည်စီမံကိန်းနှင့် ပတ်သက်သော ဆုံးဖြတ်ချက်၊ ၂ နိုင်ငံ နယ်စပ် စီမံခန့်ခွဲရေးနှင့်ပတ်သက်သော အငြင်းပွားမှုများ အစရှိသဖြင့် မယုံနိုင်လောက်အောင် ရှည်လျားနေနိုင်ပါသည်။ မြန်မာစစ်တပ်နှင့် တိုင်းရင်းသား လူမျိုးစု လက်နက်ကိုင် အဖွဲ့များ (အချို့ကို တရုတ်က ပ့ံပိုးထားသည်) ပါဝင်ပတ်သက်သည့် ရှုပ်ထွေးသော ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ကလည်း ရှိနေပြန်သည်။
ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် အခြားပြဿနာ၂ ခုကိုလည်း အာရုံစိုက်မှု ရရှိရန် လုပ်ဆောင်သင့်သည်။ ၂၀၁၅ ခုနှစ်က မြန်မာနိုင်ငံမြောက်ပိုင်း ရှမ်းပြည်နယ်မှ တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာရသည့် လူ ၂၇၀၀၀ ခန့် တရုတ်နိုင်ငံတွင် ခိုလှုံ ခဲ့ကြသည်။ ထို့အပြင် ၂၀၁၁ ခုနှစ်မှ ၂၀၁၃ အထိဖြစ်ပွားခဲ့သော တိုက်ပွဲများကြောင့် ထောင်ပေါင်းများစွာသော ကချင်ဒုက္ခသည်များ တရုတ်နိုင်ငံ ယူနန်ပြည်နယ်သို့ ရှောင်တိမ်းခဲ့ကြရသည်။ အခြားသော ပြည်တွင်း စစ်ရှောင် ဒုက္ခသည် ၁၀၀၀၀၀ ခန့်မှာ ကချင်ပြည်နယ်မှ သန့်ရှင်းမှု မရှိသော စခန်းများတွင် နေထိုင်နေကြရသည်။ မြန်မာနိင်ငံနှင့် တရုတ်နိုင်ငံ ရှိ ထိုစခန်းများသို့ သွားရောက်ခဲ့ကြသော အစိုးရမဟုတ်သည့် အဖွဲ့အစည်းများက စခန်းများသည် ဒုက္ခသည်များနှင့် ပြည့် ကျပ်နေပြီး ကျန်းမာရေးကို ထိခိုက်နိုင်သည့် ဆိုးရွားသည့် အခြေအနေတွင် ရှိနေကြောင်း ပြောခဲ့ကြသည်။ သို့သော်လည်း နို်င်ငံတကာက အကူအညီများကို လျှော့ချခဲ့ကြပြီး မြန်မာစစ်တပ်၏ လူ့အခွင့်အရေးချိုးဖောက်မှု သတင်းများမှာလည်း ဆက်လက် ထွက်ပေါ်နေသည်။
ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးမှ အရာရှိများ ယူနန်ပြည်နယ်ရှိ ဒုက္ခသည်စခန်းများကို အကဲဖြတ်ရန်သွားရောက်ရန် တရုတ်နိုင်ငံက ခွင့်မပြုခဲ့ပေ။ ဒေါ်အောင်ဆန်းစုကြည်က ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို တရုတ်ခေါင်းဆောင် များနှင့် ဆွေးနွေးရန် စီစဉ်မည်ကို သံသယရှိစရာ မလိုသော်လည်း ဒုက္ခသည်များ၊ စစ်ကြောင့်နေရပ်စွန့်ခွာရသူများနှင့် ပတ်သက်၍ အစီအစဉ်တွင် ပါမပါ ရှင်းရှင်းလင်းလင်း မသိရပေ။ အခြေတည်ခါစ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို တရုတ်နိုင်ငံက မြှင့်တင်ပေးလိုလျှင် သူတို့၏ ကံကြမ္မာကိုလည်း အလေးအနက်ထားရန် အရေးကြီးပါသည်။
ဒေါ်အောင်ဆန်းစုကြည်သည် သူ၏ အနေအထားနှင့် ဒီမိုကရေစီလိုလားသူ အဖြစ် ယုံကြည်ခံရမှုတို့ကို သူနှင့် ဘဝတူ နိုဘယ်လ်ဆုရှင် လျူရှောက်ဘိုကို တရုတ်နိုင်ငံထောင်မှ လွှတ်ပေးရေးအတွက် အသုံးပြုသင့်သည်။ ၂၀၁၅ ခုနှစ်ဇွန်လက အတိုက်အခံခေါင်းဆောင်အဖြစ် တရုတ်နိုင်ငံသို့ သွားရောက်လည်ပတ်စဉ် ဒေါ်အောင်ဆန်းစုကြည်က ထိုပြဿနာကို လူသိရှင်ကြား ပြောကြားခြင်း မရှိခဲ့ပေ။ ထို့ကြောင့် တရုတ်နိုင်ငံမှ ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူ အများအပြား စိတ်ပျက်စေခဲ့ရသည်။ အထူးသဖြင့် သူနေအိမ် အကျယ်ချုပ်မှ အမြန် လွတ်မြောက်ရန် အခြားသော နိုဘယ်လ်ဆုရှင်များ၊ နိုင်ငံခေါင်းဆောင်များနှင့် ထင်ရှားသော လူ့အခွင့်အရေးလှုပ်ရှားသူများက ဆောင်ရွက်ပေးခဲ့သည်။
ယခုအချိန်သည် တရုတ်-မြန်မာဆက်ဆံရေးတွင် ခေတ်သစ်တခု ဖြစ်သည်။ မြန်မာနှင့် တရုတ်တို့က ဆန့်ကျင်ဘက် လားရာ များသို့ သွားနေကြသည်။ တနိုင်ငံက အာဏာရှင်စနစ်ကို အဆုံးသတ်ရန် ခြေလှမ်းပြီး နောက် တနိုင်ငံက ထို စနစ်ကို နိုင်ငံံတော် မူဝါဒအဖြစ် ကျင့်သုံးနေသည်။ ဒေါ်အောင်ဆန်းစုကြည်က လူ့အခွင့်အရေးကို ထောက်ခံသည့် ခေါင်းဆောင်မှုကို မြန်မာနိုင်ငံ နယ်နိမိတ်၏ အပြင်ဘက်တွင် ပြသနိုင်မည်လော။ တရုတ်နိုင်ငံကလည်း စစ်အုပ်ချုပ်ရေးကို ဆယ်စုနှစ်ပေါင်းများစွာ ထောက်ခံခဲ့ပြီးနောက် မြန်မာတွင် သိက္ခာကျဆင်းခဲ့ရသည်ကို ပြန်လည်သုံးသပ်ပြီး မြန်မာပြည်သူများ ဘဝတိုးတက်စေရန် အစိုးရသစ်နှင့် ပူးပေါင်းဆောင်ရွက်ရန် နည်းလမ်းရှာနိုင်ပါမည်လော။
(Sophie Richardson ၏ Burma’s Aung San Suu Kyi Returns to China ကို ဘာသာပြန်ဆိုသည်။ ဆိုဖီရစ်ချတ်ဆန်သည် လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့(HRW) ၏ တရုတ်နိုင်ငံဆိုင်ရာ ဒါရိုက်တာဖြစ်သည်။)