သြဂုတ်လမကုန်ခင် ပြည်ထောင်စု ငြိမ်းချမ်းရေး ၂၁ ရာစုပင်လုံညီလာခံကျင်းပမယ်ဆိုတဲ့ သတင်းနဲ့အတူ ငြိမ်း ချမ်းရေးနဲ့ ပတ်သက်တဲ့ မျှော်လင့်ချက်တွေ မြင့်မားလာနေပါတယ်။ ဒါပေမယ့် တဖက်ကလည်း ၂၁ ရာစုပင်လုံညီလာခံ ဟာ တိုင်းရင်းသားတွေ လိုလားတောင့်တနေတဲ့ ဖက်ဒရယ်ပြည်ထောင်စုဆီ ဦးတည်နိုင်ပါ့မလားလို့ မေးခွန်းထုတ်စရာပါ။
တိုင်းရင်းသားတွေ တန်းတူအခွင့်အရေးရဖို့နဲ့ ငြိမ်းချမ်းရေးရဖို့အတွက် “ပင်လုံစိတ်ဓာတ်”ကို အပြောမဟုတ်ဘဲ လက်တွေ့ အကောင်အထည်ဖော်နိုင်ဖို့ ကြိုးစားရပါလိမ့်မယ်။ ပြည်နယ်တွေရဲ့ လူနေမှုအဆင့်အတန်းကို မြှင့်တင်ပေးဖို့လိုသလို အထူး သဖြင့် ပညာရေးနဲ့ ကျန်းမာရေးကဏ္ဍတွေမှာပါ။
ကချင်ပြည်နယ်မှာ ကျောက်စိမ်းတူးဖော်တဲ့ကိစ္စမှာဆိုရင် လာဘ်ပေးလာဘ်ယူမှု၊ စီမံခန့်ခွဲမှုအမှားနဲ့ တရားဥပဒေစိုးမိုးရေး အားနည်းမှုတွေရဲ့အကျိုးဆက်အဖြစ် သဘာဝပတ်ဝန်းကျင် ပျက်စီးမှုတွေ ဖြစ်ပေါ်နေရသလို ရေကြီးရေလျှံမှုတွေပါ ဖြစ်ပေါ် နေပါတယ်။
ဒါအပြင် ကချင်လူမျိုးတွေရဲ့အသည်းနှလုံး “မြစ်ဆုံ” ဟာ ခြိမ်းခြောက်မှုနဲ့ ရင်ဆိုင်နေရဆဲပါ။ ချင်းနဲ့ရခိုင်ပြည်နယ်ဟာ အခု ထက်ထိ ဆင်းရဲတွင်းနက်နေတဲ့ ပြည်နယ်တွေ ဖြစ်ပါတယ်။
ချင်းပြည်နယ်မှာ ကမ္ဘာလှည့်ခရီးသည်တွေကို Home Stay နေခွင့်ပြုတာမျိုး၊ Eco Tourism ကို တိုးချဲ့တာမျိုး ပြုလုပ်ပေး ရင် ဒေသခံတွေအတွက်ပါ အထောက်အကူပြုနိုင်ပါတယ်။ ဒါအပြင် လမ်းပန်းဆက်သွယ်ရေးလွယ်ကူချောမွေ့အောင် ဆောင်ရွက်ပေးသင့်သလို နှစ်စဉ်တွေ့ကြုံနေရတဲ့ မြေပြိုမှုဒဏ် သက်သာစေမယ့် နည်းလမ်းတွေ ရှာဖွေရမှာပါ။
ရခိုင်ပြည်နယ်က ထွက်တဲ့ သဘာဝဓာတ်ငွေ့တွေဟာ ဒေသခံတွေအတွက် အကျိုးဖြစ်ထွန်းမှု နည်းပါးသလို သဘာဝဓာတ် ငွေ့ပိုက်လိုင်းတွေကြောင့် ဆုံးရှုံးနစ်နာမှုတွေတောင် ဖြစ်ခဲ့ပါတယ်။ မတူညီတဲ့ လူ့အဖွဲ့အစည်းနှစ်ခုကြားမှာ နှစ်ဖက်စလုံး လက်ခံနိုင်တဲ့ အဖြေရဖို့ကလည်း အရေးကြီးပါတယ်။
“ငြိမ်းချမ်းရေး”ကို အနှောင့်အယှက် ပေးရုံသာမက သဘာဝပတ်ဝန်းကျင်ကိုပါ ထိခိုက်စေနိုင်တဲ့ ကရင်ပြည်နယ် က “သံ လွင်ရေကာတာ” စီမံကိန်းကို ဖျက်သိမ်းပစ်ဖို့ လိုပါတယ်။ ရှမ်းပြည်နယ် အပါအဝင် ပြည်နယ်တွေမှာ အကောင်အထည်ဖော်ဖို့ စီစဉ်နေတဲ့ ကျောက်မီးသွေးသုံးဓာတ်အားပေး စက်ရုံ စီမံကိန်းတွေ ရပ်ဆိုင်းပစ်သင့်ပါတယ်။
စစ်ဘေးရှောင် ပြည်သူတွေကို စနစ်တကျ ပြန်လည်နေရာချထားပေးပြီး သူတို့အတွက် အလုပ်အကိုင်၊ အခွင့်အလမ်းတွေ ဖန်တီးပေးဖို့ လယ်ယာမြေတွေမှာ ပြန်လည်စိုက်ပျိုးခွင့်ရဖို့ ဆောင်ရွက်ပေးရေးကိုလည်း မမေ့သင့်ပါဘူး။ ပဋိပက္ခတွေ အတွင်း အမျိုးသမီးတွေကို လိင်ပိုင်းဆိုင်ရာအရ အကြမ်းဖက်မှု ကျူးလွန်သူ ဘယ်သူ့ကိုမဆို အရေးယူနိုင်ရေးဟာလည်း အချက်တချက်အနေနဲ့ ပါ၀င်နေပါတယ်။
တိုင်းရင်းသားကလေးငယ်တွေ အားလုံး ပညာသင်ယူခွင့်ရရေးဟာ သူတို့အမှန်တကယ်ရသင့်ရထိုက်တဲ့ အခွင့်အရေးဖြစ်ပါ တယ်။ လမ်းပန်းဆက်သွယ်ရေးအခက်အခဲနဲ့ ပြည်တွင်းစစ်ဒဏ်ကြောင့် ပညာသင်ယူခွင့် ဆုံးရှုံးနေရတဲ့ ကလေးငယ်တွေ အများကြီးရှိပါတယ်။
နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပြောခဲ့သလိုပဲ ဆရာ/ဆရာမတွေအနေနဲ့ ပီတိချည်းပဲစားတယ်ဆို တာ လက်တွေ့မကျပါဘူး၊ ထမင်းလည်းစားဖို့ လိုပါတယ်။ ပြည်နယ်တွေက လမ်းပန်းဆက်သွယ်ရေးခက်ခဲတဲ့ ဒေသတွေ မှာ တာဝန်ထမ်းဆောင်နေရတဲ့ ဆရာ/ ဆရာမတွေရဲ့ စား၊ ၀တ်၊ နေရေးအဆင်ပြေအောင် ကူညီထောက်ပ့ံပေးရမှာပါ။
ပညာရေးလိုပဲ အရေးကြီးတာက ကျန်းမာရေးစောင့်ရှောက်မှုအပိုင်း ဖြစ်ပါတယ်။ တိုင်းရင်းသားဒေသက တချို့နေရာတွေ မှာ ဒီနေ့ထိ ဆေးခန်း၊ ဆရာဝန်၊ သူနာပြု၊ သားဖွားဆရာမ အလုံအလောက်မရှိသေးတာကြောင့် အသက်မဆုံးရှုံးသင့်ဘဲ ဆုံးရှုံးနေရတာတွေ ရှိပါတယ်။
ဒေသတခုချင်းစီရဲ့ လိုအပ်ချက်တွေကို ကွင်းဆင်းလေ့လာ၊ ဒေသခံတွေနဲ့ တွေ့ဆုံပြီး ဆရာဝန်၊ သူနာပြု၊ သားဖွားဆရာမ တွေ ထပ်မံခန့်ထားရပါလိမ့်မယ်။
ပညာရေးနဲ့ ကျန်းမာရေးကဏ္ဍကို မြှင့်တင်မှု မပြုလုပ်ပေးနိုင်သေးရင် လူနေမှုအဆင့်အတန်းမြင့်မားလာဖို့ မလွယ်ကူပါဘူး၊ ဒါအပြင် ပြည်နယ်တွေကနေ ထွက်ရှိတဲ့ သယံဇာတတွေကို ပြည်နယ်အစိုးရကိုယ်တိုင် စနစ်တကျစီမံခန့်ခွဲပြီး ဒေသခံတွေ အတွက် အကျိုးရှိရှိအသုံးချနိုင်တဲ့ သယံဇာတကရရှိတဲ့ ၀င်ငွေကို ဒေသဖွံ့ဖြိုးရေးတွေအတွက် အသုံးပြုနိုင်အောင် ဖန်တီး ပေးရမှာပါ။
အပစ်အခတ်ရပ်စဲရေးကို တကယ်လိုက်နာရမှာဖြစ်သလို အဲဒါကို လက်တွေ့အကောင်အထည်ဖော်နိုင်ရေးဟာ NLD အစိုးရ၊ တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကို်င်အဖွဲ့တွေကြား ဘယ်လောက်အထိ “ယုံကြည်မှု” တည်ဆောက်နိုင် သလဲဆိုတဲ့ အချက်ပေါ် မူတည်နေပါတယ်။
ယုံကြည်မှုတည်ဆောက်နိုင်တာဟာ နိုင်ငံရေးဆွေးနွေးပွဲတွေ အောင်မြင်နိုင်ရေးအတွက် အဓိကသော့ချက်ဆိုရင်လည်း မမှားပါဘူး။
ပြည်တွင်းစစ်ဖြစ်ပွားနေသရွေ့တိုင်းရင်းသားတွေဟာ အိုးမဲ့အိမ်မဲ့၊ လယ်မဲ့ယာမဲ့ဘဝ ရောက်နေရဦးမှာဖြစ်သလို ဘဝတွေ နာလန်ထူဖို့ ခဲယဉ်းနေဦးမှာပါ။ ဒါအပြင် အန္တရာယ်ဖြစ်စေနိုင်တဲ့ မြေမြှုပ်မိုင်းတွေ ရှင်းလင်းရေးကိုပါ ကျွဲကူးရေပါ လုပ် ဆောင်သွားရမှာပါ။
ဒါအပြင် ကိုယ့်ပြည်နယ်က ထွက်တဲ့ သယံဇာတအတွက် အကျိုးခံစားခွင့် မရှိတာ၊ တရားဥပဒေစိုးမိုးရေး အားနည်းနေတာ၊ အမျိုးသမီးနဲ့ ကလေးငယ်တွေ အကာအကွယ်လိုအပ်နေတာတွေဟာ ဖက်ဒရယ်ကို သွားရာလမ်းမှာ အဟန့်အတားတွေ ဖြစ်နေဆဲပါပဲ။
အများစုဖြစ်တဲ့ ဗမာလူမျိုးက ကိုယ့်ကို ဖိနှိပ်နေတယ်၊ ခွဲခြားဆက်ဆံနေတယ်လို့ မမြင်ဘဲနဲ့ “တရားမှု”နဲ့ “မတရားမှု” ကျူး လွန်သူတွေရဲ့ စိတ်ဓာတ်နဲ့ပဲဆိုင်တယ်လို့ ရှင်းရှင်းလင်းလင်းသိမြင်လာအောင် ကြိုးစားရပါလိမ့်မယ်။
ဗမာ၊ ကချင်၊ ကရင်၊ ရှမ်းစသဖြင့် ခွဲခြားမှုမျိုးမရှိဘဲ တိုင်းရင်းသားအားလုံးဆိုတဲ့ စိတ်ဓာတ်နဲ့ “မယုံကြည်မှု” တွေ၊ “သံသ ယ” တွေကို “ယုံကြည်မှု” တွေ၊ “ရိုးသားမှု” တွေနဲ့ အစားထိုးရပါလိမ့်မယ်။
တဖက်ကလည်း ဖက်ဒရယ်ပြည်ထောင်စုဆီ ဦးတည်လျှောက်လှမ်းမယ့်လမ်းမှာ “မတူကွဲပြားမှု” တွေကို လက်ခံရင်း အရပ် ဘက်အဖွဲ့အစည်းတွေနဲ့ပါ ပူးပေါင်းဆောင်ရွက်နိုင်ရင် အကောင်းဆုံးပါပဲ။
အရေးကြီးဆုံးကတော့ ငြိမ်းချမ်းရေးလိုလားတောင့်တနေတဲ့ တိုင်းရင်းသားတွေရဲ့ “အသံ” ကို အမြဲမပြတ် နားစွင့်နိုင်မှသာ ၂၁ ရာစု ပင်လုံညီလာခံအလွန် တိုးတက်မှုတွေ ဖြစ်ထွန်းလာနိုင်မှာဖြစ်သလို မျှော်လင့်ချက်တွေ ဘယ်လောက်အထိ ပြည့် ၀မလဲဆိုတာက မတူကွဲပြားမှုကို လက်ခံပြီး အတူပူးပေါင်း လက်တွဲဆောင်ရွက်နိုင်မှုပေါ် မူတည်နေပါကြောင်း သုံးသပ်ရေး သားလိုက်ရပါတယ်။
(သွေး(စစ်ကိုင်း)သည် ရန်ကုန်အခြေစိုက် အမျိုးသမီး စာရေးဆရာတဦး ဖြစ်သည်)