ငလျင်ဒဏ်ခံ ပုဂံဘုရားတွေကို အလျင်စလို မရှင်းပါနဲ့

သန်းနိုင်ဦး
ငလျင်ကြောင့် ပြိုကျပျက်ဆီးမှုတခု / ဇော်ဇော် / ဧရာဝတီ
Want create site? Find Free WordPress Themes and plugins.

၂၀၁၆ခုနှစ် သြဂုတ်လ ၂၄ ရက် ညနေ ၅းဝ၅ နာရီက ချောက်မြို့အနီး အင်အား ၆ ဒသမ ၈ ရစ်ချ်တာစကေး ပြင်းထန်တဲ့ ငလျင်လှုပ်ခတ်မှုကြောင့် ပုဂံဒေသ အပါအဝင် မြို့ကြီး အချို့မှာ ပျက်စီးဆုံးရှုံးမှုတွေ ဖြစ်ပေါ်ခဲ့ရပါတယ်။ ပုဂံက သာသနိက အဆောက်အဦတွေနဲ့ စေတီပုထိုးပေါင်း ၁၀၀ ကျော်ပြိုကျ ပျက်စီးခဲ့ရကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက ကနဦးသတင်း ထုတ်ပြန်ပါတယ်။

ငလျင်ကြောင့် ဒေသအချို့မှာ ပျက်စီးမှုတွေ ရှိခဲ့ပေမယ့် ပုဂံဒေသငလျင်က အများပြည်သူ အာရုံစိုက်စရာ ဖြစ်ခဲ့ရတယ်။ အထူးသဖြင့် ရှေးနှစ်ပေါင်း ၁၀၀၀ ၀န်းကျင်က ယဉ်ကျေးမှုတွေ သမိုင်းတန်ဖိုးတွေကြောင့် လူတွေက ပိုပြီး အာရုံစိုက်ကြတာပါ။ ငလျင်ဒဏ်ကြောင့် ပြိုကျခဲ့ရတဲ့ စေတီတော်တွေထဲမှာ ထီးတော်မဏ္ဍုုိင် အတွက် ပီဗီစီပိုက်တွေ သုံးခဲ့တဲ့ စေတီတွေလည်း ပါတယ်။ အဲဒီစေတီတွေက “တည်ဆောက်ပြုပြင်” ခေတ်မှာ မင်းအာဏာနဲ့ ပြုပြင်ခဲ့တဲ့ စေတီတော်တွေ ဖြစ်တယ်။

ပုဂံမှာ ငလျင်လှုပ်ခတ်တဲ့ အကြိမ်ပေါင်း မနည်းတော့ပါဘူး။ သမိုင်းပညာရှင် ပါမောက္ခ ဒေါက်တာသန်းထွန်း B.A (Hons;) M.A, Ph.D., D.Litt. (London) အဆိုအရ ဒုတိယစည်သူ လက်ထက် (၁၁၆၅-၁၂၂၁) ငလျင်ကြီး၊ ၂၅ နို၀င်ဘာ ၁၃၇၂ ငလျင်၊ ၆ မေ ၁၃၈၀ ငလျင်၊ ၁၄ ဇူလိုင် ၁၄၈၅ ငလျင်၊ ၁၃ ဒီဇင်ဘာ ၁၆၅၈ ငလျင်၊ ၁၀ ဇန်နဝါရီ ၁၇၇၈ ငလျင်၊ ၂၂ မတ် ၁၈၃၉ ငလျင်၊ ၁၆ ဇူလိုင် ၁၉၅၆ ငလျင်၊ ၈ ဇူလိုင် ၁၉၇၅ ငလျင်တွေလည်း လှုပ်ခဲ့သေးတယ် လို့ ပုဂံလက်သစ် စာတမ်းများမှာ ဖော်ပြထားတယ်။ (ဒီစာအုပ်ကို ဒေါက်တာသန်းထွန်း ၈၀ ပြည့်မွေးနေ့ အမှတ်တရ အဖြစ် လူထုကြီးပွားရေးတိုက်က ထုတ်ဝေပါတယ်။)

ဒီတခါလှုပ်ခဲ့တဲ့ ငလျင်ကြောင့် မြန်မာ့ယဉ်ကျေးမှု အနုပညာ သမိုင်းအမွေအနှစ်တွေ ပျက်စီးရပြန်ပါပြီ။ အခုပျက်စီး ဆုံးရှုံးမှုက ဘာသာရေး သက်သက်မျှသာ မဟုတ်ပါ။ ယဉ်ကျေးမှုတွေ သမိုင်းအမွေအနှစ်တွေလည်း ပျက်စီးဆုံးရှုံး ရတာဖြစ်လို့ တမျိုးသားလုံးနဲ့ သက်ဆိုင်ပါတယ်။ ပျက်စီးမှုတွေ အတွက် ပြင်ဆင်မွမ်းမံကြရဦးမှာ ပါ။ ဘယ်လို ပြင်ဆင် ကြမလဲ။ ဒါက အရေးကြီးပါတယ်။ နားလည်တတ်ကျွမ်းတဲ့ ပညာရှင်တွေရဲ့ အကြံပြုချက်တွေနဲ့ ပြုပြင်ကြရမှာ ဖြစ်တယ်။ စေတနာနဲ့ သဒ္ဒါတရားချည်း အားကိုးနေလို့ မရဘူး။ ပညာရှင်တွေရဲ့ အကြံဉာဏ် မဖြစ်မနေ ပါ၀င်ဖို့ အရေးကြီး ပါတယ်။

အခုလတ်တလော လူမှုကွန်ရက်မှာ တက်လာတဲ့ ဗီဒီယိုဖိုင်တွေမှာ ပြိုကျပျက်စီးနေတဲ့ ရှေးဟောင်းပုဂံဘုရားတွေကို ကူညီရေး လုပ်ကိုင်ပေးနေသူ တချို့က တံမြက်စည်းကြမ်းတွေနဲ့ လှည်းကျင်း ဖယ်ရှားနေတာ တွေ့နေရပါတယ်။ စေတနာနဲ့ လုပ်သော်ငြားလည်း သမိုင်းတန်ဖိုး ယဉ်ကျေးမှုတန်ဖိုးအရ ဒါမျိုးလုပ်ဖို့ မသင့်ပါ။ ပညာရှင်တွေ အနေနဲ့ ရှေးဟောင်းတန်ဖိုးတွေ ထိန်းသိမ်းနိုင်ဖို့ အချိန်မီ တားမြစ်ပေးဖို့လိုပါတယ်။ နာမည်ကြီးဘုရားဖြစ်စေ နာမည် မထင်ရှားတဲ့ ဘုရားဖြစ်စေ ပုဂံခေတ်က အုတ်ခဲပဲ့ တခုသည်ပင် သမိုင်းတန်ဖိုး ရှိပါတယ်။

ပုဂံဘုရားပြိုတွေ ရှင်းလင်းဖယ်ရှားကြမယ့်သူတွေ ထဲမှာ စေတနာနဲ့ ၀င်ကူသူတွေ ရှိမှာ ဖြစ်သလို အုတ်ခဲပဲ့လေး တချပ်ရလည်း မဆိုးဘူးဆိုတဲ့ ရှေးဟောင်းသိုက်သမားတွေရန် ကလည်း ကာကွယ်ဖို့ အရေးကြီး ပါတယ်။ တမင် ဖျက်စီးတာ မဟုတ်ပေမယ့် ရှေးဟောင်းတန်ဖိုး နားမလည်တာကြေင့် ပုဂံခေတ်က လက်ရာတခုခု အဟောသိကံ ဖြစ်ခဲ့ရင် တမျိုးသားလုံး နစ်နာပါတယ်။ ပုဂံခေတ်လက်ရာတွေ ထိမ်းသိမ်းဖို့ လိုအပ်ရင် ဒေသန္တရ အမိန့်ထုတ်ပြန်ရ ပါ့မယ်။

သတင်းစာဆရာမကြီး လူထုဒေါ်အမာက  ၈ ဇူလိုင် ၁၉၇၅ ခုနှစ်မှာ လှုပ်ခဲ့တဲ့ ပုဂံငလျင်အကြောင်း ဟံသာဝတီ သတင်းစာမှာ (၁၃ ဇူလိုင် ၁၉၇၅ ခုနှစ်) အခုလို ရေးသားခဲ့ပါတယ်။

“ပုဂံဟာ ကျမတို့ တမျိုးသားလုံး ဂုဏ်ယူရတဲ့ အမျိုးသားအမွေအနှစ် ဘုရား ပုထိုး ဂူ ကျောင်း ဇရပ်တွေ မဟုတ်လား။ မင်းတို့ ဗမာဆိုတာ ဘယ်လိုလူစားတွေလဲကွ လို့ မေးရင် လွန်ခဲ့တဲ့ နှစ် ၈၀၀၊ ၉၀၀ က ဒီလက်ရာတွေ ဒီပစ္စည်းတွေကို ပြပြီး ဒို့ဟာ ဒီလိုယဉ်ကျေးမှုတွေ ရှိခဲ့တဲ့ လူမျိုးကွ လို့ ဖြေစရာ မလို။ လက်ညှိုးညွှန်ရုံနဲ့ လူမျိုးဂုဏ်ကို ဖော်ပြနေတဲ့ ပုဂံမဟုတ်လား။ ပုဂံဟာ ဗမာ့တံခွန်၊ ပုဂံဟာ ဗမာ့ဥသျှောင်ပါပဲ”

ပုဂံဘုရားတွေက ငလျင်ကြောင့် ပြိုကျပျက်စီးခဲ့ရ ပါပြီ။ ပြုပြင်ထိမ်းသိမ်း မွမ်းမံမှုတွေ လုပ်ကြရဦးမှာပါ။ အဲဒီလို လုပ်တဲ့အခါ ပညာရှင်တွေရဲ့ အကြံဉာဏ်တွေ အဆုံးအဖြတ်တွေ မဖြစ်မနေယူကြဖို့ မေတ္တာရပ်ခံ ပါတယ်။ ပုဂံဟာ ငလျင်ရပ်ဝန်းမှာ တည်ရှိနေတာကြောင့် ငလျင်တွေ လာနိုင်ခြေ ရှိပါသေးတယ်။ အကယ်၍ နောက်တခါ ငလျင်လှုပ်ခဲ့လို့ ထီးတော်တွေ မြေခခဲ့ရင် ထီးတော်မဏ္ဍိုုင်မှာ ပီဗီစီ ပလပ်စတစ်ပိုက်တွေ ထိုးထည့်ထားတာ မမြင်ချင်တော့ပါဘူး။

ပုဂံဘုရား ပျက်စီးမှုတွေ ဖြစ်ရတဲ့ အကြောင်းရင်းတွေထဲမှာ မီးလောင်လို့၊ ငလျင်လှုပ်လို့၊ မသမာသူတွေက ဌာပနာတိုက် ဖောက်လို့၊ မိုးရွာလို့ (ပုဂံရဲ့ တနှစ်ပတ်လုံး မိုးရေချိန်က ၃၀ လက်မကျော်သာ ရွာပါတယ်)၊ ၀ိသမ လောဘသမားတွေ ရှေးဟောင်းပစ္စည်း ပြည်တွင်းပြည်ပ နည်းမျိုးစုံနဲ့ ခိုးထုတ်လို့ အပြင် ဘုရားဂေါပက တွေကြောင့် လည်း ပါ၀င်တယ် လို့ ဒေါက်တာ သန်းထွန်းက မှတ်ချက်ပြုခဲ့ပါတယ်။

ဘုရားဂေါပက ဆိုသူတွေက အလှူငွေတွေ ကောက်တယ်။ အလှူငွေ များများရရင် ဘုရားကို အသစ်ဖြစ်အောင် ပြုပြင်မွမ်းမံ ကြတယ်။ မူလလက်ရာ မပျက် လုပ်ရကောင်းတယ် လို့ မသိဘူး။ သူတို့အဖို့ လက်ရာမပျက် လုပ်ဖို့ မလိုဘူး။ ရှေးက ခုလောက်ကောင်းအောင် လုပ်တတ်တာမှ မဟုတ်ဘဲ လို့  ပြောမှာ သေချာတယ်။ ဒီအဓိပ္ပာယ်မျိုး ပြောတာကို ပြနိုင်စရာ ပုဂံ စလေ ခင်မွန် ဆိုတဲ့ နေရာတွေက ကူးထားတဲ့ နံရံမင်စာတွေ အများကြီးရှိပါတယ် လို့ သမိုင်းပညာရှင် ဒေါက်တာသန်းထွန်းက ပုဂံလက်သစ် စာတမ်းမှာ ထည့်သွင်းရေးသားခဲ့တယ်။ ပုဂံကို ဘယ်သူ တည်သလဲ မေးရင် ဖြေဖို့ မလွယ်ပါ။ ပုဂံ ဘယ်သူဖျက်သလဲ မေးရင် ခြေရာလမ်းစ ရှာပြီး ဖြေဖို့ မခက်လှပါတဲ့။

ပုဂံငလျင်ကတော့ လှုပ်ခတ်ခဲ့ပြီးပါပြီ။ မြေအုတ်တို့ ပြိုလေရာ (ပညာရှင်တွေရဲ့ အကြံပြုချက်နဲ့ အညီ) ပြိုကျခဲ့တဲ့ မြေအုတ်တို့ဖြင့်သာ ပြန်လည် တည်ဆောက်စေချင်ပါတယ်။ ပိုပြီး ခိုင်ခံ့စေချင်တဲ့ စေတနာနဲ့ ကျောက်အုတ်တွေနဲ့ အစားမထိုးဖို့ မေတ္တာရပ်ခံပါရစေ။ ပုဂံဟာ မြန်မာတို့အတွက် ရှေးဟောင်းတန်ဖိုးပါ။ အနုပညာတန်ဖိုးလည်း ဖြစ်သလို ယဉ်ကျေးမှုတန်ဖိုးလည်း ဖြစ်ပါတယ်။ သတင်းစာဆရာမကြီး လူထုဒေါ်အမာက ပုဂံနဲ့ ပတ်သတ်လို့ အခုလိုရေးခဲ့ပါတယ်။

ပုဂံမပျက်သမျှ ဗမာမပျက်နိုင်။
ပုဂံတည်တံ့သမျှ ဗမာတည်တံ့ပါ့မယ်။
ပုဂံတင့်တယ်သမျှ ဗမာလည်း တင့်တယ်ပါတယ်။         ။

(သန်းနိုင်ဦးသည် မန္တလေးအခြေစိုက် သတင်းစာဆရာဖြစ်သည်)

Did you find apk for android? You can find new Free Android Games and apps.
Loading