သြဂုတ်လ ၃၁ ရက်နေ့တွင် မြန်မာနိုင်ငံ၏ ရှည်လျှားလှသော ငြိမ်းချမ်းရေးလုပ်ငန်းစဉ်၏ နောက်ဆုံး အဆင့်ဖြစ်သော ၂၁ ရာစုပင်လုံညီလာခံကို ကျင်းပမည်ဖြစ်သည်။ ၎င်းသည် အားတက်ကြွဖွယ် သင်္ကေတများနှင့် ပြည့်နေသော ကာလဖြစ်သည်။
၁၉၄၇ ခုနှစ်တွင်ဒေါ်အောင်ဆန်းစုကြည်၏ ဖခင်ဗိုလ်ချုပ်အောင်ဆန်းသည် လက်နက်ကိုင်အဖွဲ့အစည်း ၃ ခု နှင့် အရေးပါသော သဘောတူညီမှုရခဲ့ပြီး ပထမပင်လုံညီလာခံ၏ ဗမာကိုယ်စားလှယ်အဖွဲ့ကို ခေါင်းဆောင်ခဲ့သည်ကို လူအများ ယနေ့တိုင် မှတ်မိနေဆဲဖြစ်သည်။ ယခု ပင်လုံညီလာခံတွင် မရေမရာမှုများစွာ ဖြစ်နေသည်။ မြန်မာနို်င်ငံတွင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ယေဘုယျပြောရပါက မြန်မာပြည်သူတို့ ဆယ်စုနှစ်များစွာ လိုလားခဲ့သော အပြောင်းအလဲဖြစ်သည်။ သို့သော် ထိုသို့လုပ်ရန် အားလုံး အပြည့်အဝ ပါဝင်ခွင့်ရရှိရမည် ဖြစ်သည်။
တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း အားလုံးဆွေးနွေးရေး စားပွဲဝိုင်းသို့ ရောက်ရှိရေးမှာပင် အဓိက စိန်ခေါ်မှုဖြစ်သည်။ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်မှ ဖယ်ထုတ်ခံရပြီး တက်ကြွစွာ စစ်ဆင်လှုပ်ရှားနေဆဲဖြစ်သော လက်နက်ကိုင်အဖွဲ့အစည်း ၃ ခု ကျန်နေ၍ ၎င်းတို့ မည်သို့မည်ပုံ ပင်လုံညီလာခံတွင် ပါဝင်ရမည်မှာ ရှုပ်ထွေးနေဆဲဖြစ်သည်။ ယင်းအဖွဲ့အစည်း ၃ ခု ကို ထည့်သွင်းရေး အထူးအာရုံစိုက်ခဲ့ကြပြီး အထူးသဖြင့် ပဋိပက္ခများ ဆက်လက်ဖြစ်ပွားနေသော ဒေသများတွင် လူ့အခွင့်အရေးချိုးဖောက်မှုများကို အာရုံစိုက်ရန်မှာလည်း အရေးကြီးပါသည်။
သို့သော် အားလုံးပါဝင်နိုင်ရေးမှာ နိုင်ငံရေးသမားများ သက်သက််သာမက သက်ဆိုင်သူ အားလုံးနှင့် ပတ်သက်နေ၍ ကြီးမားသောကိစ္စ ဖြစ်သည်။ အခြားနိုင်ငံများ၏ အတွေအကြုံများကမူ အမျိုးသမီးများတန်းတူ အဆင့်အတန်းမှ ပါဝင်ရေး၊ အောက်ခြေ အဖွဲ့အစည်းများနှင့် လူမှုအခြေပြု အဖွဲ့အစည်းများ ခိုင်မာသော ပြောရေးဆိုခွင့်ရရေးနှင့် ဖြစ်ပေါ်တိုးတက်မှုများကို လေ့လာနေသောပြည်သူများ သတင်းအချက်အလက် လွတ်လပ်စွာရရှိရှေး တို့မှာ လ်ိုအပ်ကြောင်း အကြိမ်ကြိမ်ပြသခဲ့ပြီး ဖြစ်သည်။ ၎င်းတို့သည် အောင်မြင်ကြွယ်ဝသော အနာဂတ်သို့ နိုင်ငံကို တွန်းပို့ပေးနိုင်သော အားလုံးပါဝင်သည့် ရေရှည်လုပ်ငန်းစဉ်တခု၏ အစိတ်အပိုင်းများ ဖြစ်သည်။
ကံမကောင်းစွာနှင့် ကျမ၏ မကြာသေးမီက မြန်မာနိုင်ငံခရီးစဉ်တွင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်၌ ဤအခြေခံ သွင်ပြင်လက္ခဏာများအား လျစ်လျူရှုထားသည့် လက္ခဏာများကို တွေ့ခဲ့ရသည်။ မြန်မာနိုင်ငံ သည် ဤအရေးပါသော ပြဿနာများကို ကိုင်တွယ်ဖြေရှင်းရန် အလျင်အမြန် ပြောင်းလဲသင့်သည်။
ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် အမျိုးသမီးများပါဝင်ခြင်းသည် သဘောတူညီချက်များ ရေရှည်ရေး အလားအလာကို မြင့်မားစေကြောင်း ပြသပြီး ဖြစ်သည်။ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်တွင် အမျိုးသမီးများနှင့် ပတ်သက်၍ အရေးပါသော အချက်များစွာ ပါဝင်သော်လည်း ဆွေးနွေးပွဲ၏ အဆင့်မြင့်ကိုယ်စားများတွင် အမျိုးသမီး ၁၆ ရာခိုင်နှုန်းသာပါဝင်ပြီး ယေဘုယျအားဖြင့် ဤအချက်တွင် အမှတ်မရလှပေ။ ဆိုးသည်မှာ မြန်မာအစိုးရသစ်သည် ယခင်အစိုးရ၏ ကတိကဝတ်ဖြစ်သော အမျိုးသမီး ကိုယ်စားလှယ် ၃၀ ရာခိုင်နှုန်း ထည့်သွင်းရေး အာမခံခြင်းကို အတည်မပြုသေးသဖြင့် ဤအချက်နှင့်ပတ်သက်၍ တိုးတက်လာမည့်လက္ခဏာလည်း ယခုထိ သိပ်မရှိလှပေ။
အစိုးရများသည် တက်လိုက် ဆင်းလိုက်သာ ဖြစ်သည်။ အားလုံးမှာ ဦးစားပေးများလုပ်ငန်းများ၊ အစီအစဉ်များသာ ဖြစ်သည်။ လူမှုအခြေပြုအဖွဲ့အစည်းများ CSOs များနှင့် အောက်ခြေလူထု အဖွဲ့အစည်းများကသာ လူ့အသိုင်းအဝန်းတခု၏ လက်တွေ့အခြေအနေကို တွေ့မြင်ခံစားရသော ရှေ့တန်းတွင်ရှိသဖြင့် ၎င်းတို့သည် ပြဿနာ၏ သမိုင်းဆိုင်ရာ အခြေအနေများကို သိရှိပြီး ကိုင်တွယ်ဖြေရှင်းရန် နည်းလမ်း အမျိုးမျိုးလည်း ရှိကြသည်။
၎င်းတို့သည်သာ အစိုးရက ဖြေရှင်းပေးရန် ရှောင်ရှားသော သို့မဟုတ် ပျက်ကွက်သော သို့မဟုတ် တခါတရံ လက်ရှိ အလွန်အရေးကြီးသည် ့လူ့အခွင့်အရေးပြဿနာများကို ဖြေရှင်းရန် အစိုးရတွင် စွမ်းရည် သို့မဟုတ် ဆန္ဒ မရှိသော ပင်မလူ့အဖွဲ့အစည်းနှင့် စွန့်ပယ်ခံလူ့အဖွဲ့အစည်းများ၏ အရေးပါသော ပြဿနာများကို ထုတ်ဖော်ပြောဆိုသော အဖွဲ့အစည်းများ ဖြစ်ကြသည်။ ထို့ကြောင့် တက်ကြွလှုပ်ရှားသော လူမှုအခြေပြုအဖွဲ့အစည်းများ အောင်မြင်ကြီးထွားနိုင်သည့် ပတ်ဝန်းကျင် ထူထောင်ရန် အလွန်အရေးကြီးသည်။
မြန်မာနို်င်ငံမှ CSO များသည် ပြည်သူများကို ပ့ံပိုး၊ စွမ်းရည်မြှင့်တင် ကူညီကြပြီး ပဋိပက္ခဒေသများတွင်အရေးပါသောအခန်းကဏ္ဏမှ ပါဝင်ကြသဖြင့် ၎င်းတို့တွင် ထူးခြားသော ထိုးထွင်းသိမြင်မှုရှိကြပြီး ငြိမ်း ချမ်းရေးလုပ်ငန်းစဉ်၏ သွင်ပြင်အားလုံးတွင် ပါဝင်ခွင့်ပေးရမည် ဖြစ်သည်။ လူ့အခွင့်အရေး ပြဿနာများနှင့် တိုက်ရိုက်ဆက်စပ်မှု ရှိသော်လည်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်၏ နိုင်ငံရေး ပြဿနာဟု ယူဆသော ကိစ္စများတွင် CSO များ ပါဝင်ခွင့် မပေးလိုကြကြောင်း မကြာသေးမီက မြန်မာနိင်ငံခရီးစဉ်အတွင်း CSOs များက ပြောကြသည်။ ထိုလုပ်ငန်းစဉ်တွင် CSOs များ အဓိက အခန်းမှ ပါဝင်ရမည်ဟု Civil Society Organisations Peace Forum တခု ကျင်းပပေးမည်ဟု အာမခံချက်ရရှိသော်လည်း ထိုလုပ်ငန်းစဉ်မှာ ရှင်းရှင်းလင်းလင်း မရှိလှပေ။ ဤနယ်ပယ်များတွင် CSO များ ပါဝင်ခွင့်ပြုရန် အရေးကြီးပါသည်။
အခြားတဘက်တွင်လည်း မကြာသေးမီက ရွေးကောက်ပွဲတွင် ကိုယ်စားလှယ်နေရာ အနိုင်မရသော နိုင်ငံရေးပါတီများသည် CSOs forum ၏ အစိတ်အပိုင်းသာဖြစ်လာပြီး ညီလာခံနှင့်မသက်ဆိုင်ဟုကြေညာထားသည်။ CSOs များနှင့် နိုင်ငံရေးပါတီများသည် အခြေခံအားဖြင့် ကွဲပြားခြားနားသော အဖွဲ့အစည်းများ ဖြစ်ကြသည်။ ထိုကဲ့သို့ မှုန်ဝါးစေခြင်းသည် နှစ်ဖွဲ့စလုံးက ပါဝင်နေသည့် အရေးပါသောအခန်းကဏ္ဏကို ချည့်နဲ့စေသည်။
နိုင်ငံ၏ အနာဂတ်အနေဖြင့် လူငယ်များသည်လည်း အခန်းကဏ္ဏတခုမှ ပါဝင်ရမည် ဖြစ်သော်လည်း မကြာသေးမီက ကျင်းပသည့် တိုင်းရင်းသား လူငယ်ညီလာခံ၏ ရလဒ်များကို ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ထည့်သွင်းစဉ်းစားမည် မဟုတ်ကြောင်း အဆင့်မြင့်အရာရှိများက ပြောသည်ကို ကြားရသဖြင့် စိတ်ပျက်မိသည်။ သို့သော် တိုင်းရင်းသား လက်နက်ကိုင်ဒေသများမှသာမက လူ့အသိုင်းအဝိုင်းအားလုံးမှ လူငယ်များ ကိုယ်တိုင်ပင် အားလုံးပါဝင်မှု၏ အရေးပါပုံကို သိရှိရမည်။
ပဋိပက္ခ ဆယ်စုနှစ်များစွာ၏ နောက်ကွယ်တွင် ခွဲခြားဆက်ဆံမှုနှင့် တိုင်းရင်းသား အခွင့်အရေး၊မြေယာပိုင်ဆိုင်ခွင့်နှင့် အခြားပြဿနာ အများအပြားတို့နှင့် ဆက်စပ်သော အခြေခံလူ့အခွင့်အရေးပြဿနာများ ရှိသည်။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ဤပြဿနာများကို ဖြေရှင်းခြင်းက မြန်မာနိုင်ငံသစ် တည်ဆောက်ရေးအတွက် သော့ချက်ဖြစ်လိမ့်မည်။ သို့သော် ဤအဓိကပြဿနာများ ဆွေးနွေးရာတွင် မည်မျှအတိုင်းအတာအထိ ပါဝင်မည်ကို ရှင်းရှင်းလင်းလင်း မရှိလှပေ။
ယခုချိန်ထိ ပင်လုံညီလာခံ နီးကပ်လာသောအခါ လုပ်ဆောင်မည့် အစီအစဉ်မှာလည်း ရှင်းလင်း တိကျမှု မရှိသေးပေ။ အရေးကြီးသည်မှာ ထိခိုက်နစ်နာသော လူ့အသိုင်းအဝန်းများကို အသ်ိပေးရန် ပျက်ကွက်နေခြင်းဖြစ်သည်။
ပင်လုံညီလာခံသည် ပထမဆုံးခြေလှမ်းသာ ဖြစ်သော်လည်း အရေးပါသော ခြေလှမ်းဖြစ်သည်။ ထို့ကြောင့် လူ့အခွင့်အရေး စိုးရိမ်မှုများကို ဆွေးနွေးပွဲများတွင်သာမက ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဖွဲ့စည်းတည်ဆောက်ပုံတွင် အပြည့်အဝ ထည့်သွင်းရမည် ဖြစ်သည်။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တခုကို မည်သို့ လုပ်ဆောင်သင့်သည်ကို နမူနာပြရန် မြန်မာနိုင်ငံတွင် အခွင့်အလမ်းရှိပြီး ၂၁ ရာစု ပင်လုံညီလာခံ မတိုင်မီီ ဤအရေးပါသော နယ်ပယ်များတွင် ပြုပြင်ခြင်းက ကောင်းမွန်သောကိစ္စဖြစ်သည်သာမက အနာဂတ်တိုးတက်မှုအတွက်လည်း အကျိုးအမြတ်ပေးလိမ့်မည်ဖြစ်သည်။
(ယန်ဟီးလီသည် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ်ဖြစ်ပြီး Bangkok Post သတင်းစာပါ သူ၏ Peace talks must focus on rights ဆောင်းပါးကို ဘာသာပြန်ဆိုသည်)