ငြိမ်းချမ်းရေး အလွန် မြန်မာပြည်

သန့်မြင့်ဦး
ရန်ကုန်မြို့တွင် ပြုလုပ်သော ၂၁ ရာစု ပင်လုံညီလာခံ ထောက်ခံကြိုဆို စုရုံးပွဲ တက်ရောက်သူတဦး / မျိုးမင်းစိုး / ဧရာဝတီ
Want create site? Find Free WordPress Themes and plugins.

နေပြည်တော်တွင် သြဂုတ်လ ၃၁ ရက်နေ့၌ ကျင်းပမည့် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံဟု သိကြသော မြန်မာနိုင်ငံ၏ အမျိုးသားအဆင့် ငြိမ်းချမ်းရေး ဆွေးနွေးမှုများကေ မှတ်ကျောက်တင်နိုင်မည့် အောင်မြင်မှုတခု ဖြစ်လာမည်မှာ သေချာသလောက်နီးပါး ဖြစ်ပါသည်။ ပြီးခဲ့သည့်နှစ် အောက်တိုဘာလက လက်မှတ်ရေးထိုးခဲ့သော တနိုင်ငံလုံး အတိုင်းအတာဖြင့် အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် (NCA) တွင် လက်မှတ်ရေးထိုးခဲ့သော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ နှင့် လက်မှတ်မထိုးခဲ့သည့် အဖွဲ့များအပါအဝင် မြန်မာနိုင်ငံရှိ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အားလုံး နီးပါး တက်ရောက် ကြမည် ဖြစ်သည်။

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သာမက ညီလာခံကို အဓိက ဖော်ဆောင်ခဲ့သူ ဖြစ်သော အစိုးရသစ်၏ ခေါင်းဆောင် နိုင်ငံတော်၏ အကြံပေးပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်လည်း တက်ရောက်မည် ဖြစ်သည်။ မြန်မာ့နိုင်ငံရေး အသိုင်းအဝိုင်း နှင့် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း (Ban Ki-Moon) အပါအဝင် အရေးပါသည့်သူများလည်း ရာနှင့်ချီ၍ တက်ရောက်ကြပါလိမ့်မည်။

၅ ရက်ကြာ ကျင်းပရန် စီစဉ်ထားသည့် ညီလာခံက ကြီးမားသော ပြောင်းလဲမှုတခု ဖြစ်လာလိမ့်မည်ဟု မည်သူကမျှ မျှောလင့်မထားကြပါ။ သို့သော်လည်း ကျင်းပနိုင်ခြင်း ကိုယ်တိုင်က အရေးပါသည့် သင်္ကေတ တခုဖြစ်သလို ဆယ်စုနှစ် ရ နှစ်နီးပါး ကြာမြင့်ခဲ့သော အကြမ်းဖက် ပဋိပက္ခများ နောက်ပိုင်းတွင် ငြိမ်းချမ်းစွာ အခြေတကျ ရှိမည့် အနေအထားတခုကို ဘက်အားလုံး အမှန်တကယ် ဆန္ဒရှိနေကြောင်း ဖော်ပြနေသည်။ မည်သည့်တိုင်းရင်းသား ခေါင်းဆောင်ကမျှ ခွဲထွက်ရေးကို တောင်းဆို နေခြင်း မရှိပါ။ တိုင်းရင်းသား ခေါင်းဆောင်များက ကာလကြာရှည်စွာ တောင်းဆိုခဲ့ကြသော ဖက်ဒရယ်စနစ် အစိုးရတခု ဖွဲ့စည်းရေးတွင်လည်း အပူတပြင်း ခုခံပြောဆိုမှုများ မရှိတော့ပါ။ ဒေါ်အောင်ဆန်းစုကြည်ကို  ပြည်တွင်းနှင့် နိုင်ငံတကာမှ လေးစားကြခြင်းက မည်သည့် လုပ်ငန်းစဉ်မှန်သမျှကိုမဆို ရှေ့ဆက်သွားစေနိုင်မည့် အရည်အချင်းကြောင့် ဖြစ်သည်။ ယခုအချိန်က ငြိမ်းချမ်းရေးကို ရယူ ခူးဆွတ်ရမည့် အချိန်ဖြစ်ပါသည်။

သို့သော်လည်း နောက်ပိုင်းတွင် ဖြစ်လာမည့် အကြောင်းအရာများက အရေးအကြီးဆုံး ဖြစ်ပါလိမ့်မည်။ လိုအပ်သည့် အချက်မှာ ထောင့်စုံသည့် နည်းဗျူဟာတခုနှင့် ရှုပ်ထွေးသော အကြောင်းအရာ အစုအဝေးများကို ဆက်သွယ်ပေးမည့် သံခင်းတမန်ခင်း ဖြစ်သည်။ အဆိုပါ ကိစ္စများမှာ (၁) မြန်မာနိုင်ငံကဲ့သို့ တိုင်းရင်းသားလူမျိုး စုံလင်သည့် နိုင်ငံတခု၏ အနာဂတ်၊ (၂) ကျယ်ပြန့်သော ဒီမိုကရေစီ အသွင်ကူးပြောင်းရေး၊ (၃) ပဋိပက္ခကြောင့် အမှန်တကယ် ထိခိုက် ခံစားနေရသည့် နေရာများတွင် ငြိမ်းချမ်းရေး ဖော်ဆောင်ရေးနှင့် တည်ဆောက်ရေး၊ (၄) တရုတ်နိုင်ငံ၏ အကျိုးစီးပွားနှင့် မြန်မာနိုင်ငံအပေါ် သြဇာလွှမ်းမိုးမှုနှင့် (၅) နိုင်ငံ၏ စီးပွားရေးတို့ ဖြစ်သည်။

တိုင်းရင်းသားစုံ ဒီမိုကရေစီ မြန်မာပြည်

ဗြိတိသျှတို့ထံမှ လွတ်လပ်ရေး ရရှိခဲ့သည့် ၁၉၄၈ ခုနှစ်ကတည်းက မြန်မာနိုင်ငံတွင် အခြေခံကျသည့် စိန်ခေါ်မှုများထဲမှ တခုမှာ များပြားစုံလင်သည့် တိုင်းရင်းသား လူမျိုးစု အသိုင်းအဝိုင်း အားလုံးက လက်ခံနိုင်သည့် အစိုးရတခု ဖွဲ့စည်းရေး ဖြစ်သည်။

ယခုအခါတွင် ဘဏ္ဍာရေးဆိုင်ရာ လုပ်ပိုင်ခွင့် အပါအဝင် လုပ်ပိုင်ခွင့် အများအပြားကို ပြည်နယ်နှင့် တိုင်း အစိုးရများသို့ ခွဲဝေချထားပေးရေးကို သဘောမတူညီသူ အနည်းငယ်သာ ရှိပါသည်။ အသေးစိတ် အကြောင်းအရာများ နှင့် ပတ်သက်၍မူ အခက်အခဲများ ရှိပါလိမ့်မည်။

အမြင်ကျယ်ကျယ်ဖြင့် စဉ်းစားကြရန်လည်း လိုအပ်ပါသည်။ မြန်မာနိုင်ငံမှ သန်းပေါင်းများစွာသော ပြည်သူများ (ကျနော်၏ မိသားစုနှင့် ကျနော်သိသောသူ အများစု အပါအဝင်) မှာ တိုင်းရင်းသား သွေး ရောယှက်နေသူများ ဖြစ်သည်။ ရွှေ့ပြောင်း အခြေချခြင်း၊ မြို့ပြများ ဖွံ့ဖြိုးကျယ်ပြန့်လာခြင်း နှင့် ဆက်သွယ်ရေးစနစ် တိုးတက်လာမှုက တိုင်းပြည်ကို ပြန်လည် ပုံဖော်နေသည့်အပြင် တိုင်းရင်းသားတို့၏ စရိုက်လက္ခဏာကိုလည်း ပြန်လည်ပုံဖော်နိုင်ဖွယ်ရှိပါသည်။ ဓလေ့စရိုက် လက္ခဏာများကိုလည်း ပြန်လည်ပုံဖော်ဖွယ်ရာ ရှိနေသည်။ ဘာသာစကားဆိုင်ရာ  မူဝါဒများက သတိထား၍ ပြန်လည် သုံးသပ်ရန် လိုအပ်လာပါလိမ့်မည်။ ဒေသဆိုင်ရာ အုပ်ချုပ်ခွင့်သည် ၁၉၅၀ နှစ်များက အဖြေတခု ဖြစ်ခဲ့နိုင်သော်လည်း ယခုအချိန်တွင် အာဏာခွဲဝေပေးရေးက အဖြေ၏ တစိတ်တပိုင်းသာ ဖြစ်နိုင်ပါသည်။ အဆင့်အမီဆုံး ဒီမိုကရေစီများတွင်မှာပင် ကျနော်တို့ မြင်ခဲ့ရသလို အဖြေမှန်သမျှက အဆင့်အလိုက် အချိန်ယူဖော် ဆောင်ရမည့် ကိစ္စတခု ဖြစ်နိုင်ပါသည်။

တန်းတူညီမျှရေး ရည်မှန်းချက်ဖြင့် ရှေ့ဆက်သွားရန် များစွာ ရှိနေပါသည်။ ခွဲခြားကန့်သတ်မှုပုံစံ အားလုံးကို အဆုံးသတ် နိုင်ရန်၊ ရဲတပ်ဖွဲ့၊ တရားစီရင်ရေးနှင့် အရပ်ဘက်ဌာနများ အပါအဝင် အစိုးရအဖွဲ့အစည်းများ ပိုမိုပါ၀င်လာအောင် ပြုလုပ်ရေး နှင့် တိုင်းပြည်တလွှားတွင် မျှတသည့် စီးပွားရေး အခွင့်အလမ်းများ ပိုမိုဖန်တီးနိုင်ရေးတို့ကို အမြင့်ဆုံး အရှိန်ဖြင့် အကောင်အထည် မဖော်မီ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တခုကို စောင့်ဆိုင်းနေစရာ မလိုပါ။

ဒုတိယ အချက်မှာ မြန်မာနိုင်ငံ၏ အလုံးစုံ နိုင်ငံရေး အသွင်ကူးပြောင်းမှု ဖြစ်သည်။ တိုင်းပြည်၏ ဒီမိုကရေစီ အနာဂတ်နှင့် ပတ်သက်၍ ကျယ်ကျယ်ပြန့်ပြန့် အချေအတင် ဆွေးမှုများမှတဆင့် ငြိမ်းချမ်းရေး ဆွေးနွေးမှုမပါ၀င်ခဲ့လျှင် အမျှော်အမြင် နည်းရာကျပြီး ဖြစ်လည်း မဖြစ်နိုင်ပါ။ ထပ်ပြောရလျှင် စိန်ခေါ်မှုများစွာ အတွဲလိုက်ရှိနေပါသည်။

နိုင်ငံသားဖြစ်မှုဆိုင်ရာ သဘောတရား အသစ်တရပ်နှင့် အင်အားကောင်းသည့် လွတ်လပ်သော အဖွဲ့အစည်းများ မပါ၀င်ခဲ့လျှင်  ဒီမိုကရေစီက လူဦးရေများပြားသည့် ဗမာလူမျိုး အများစုက လွှမ်းမိုးသည့် ဒီမိုကရေစီ အဖြစ်သို့ အလွယ်တကူ ရွေ့လျားသွားနိုင်သည်။ ဒီမိုကရေစီနှင့် လုပ်ပိုင်ခွင့် ခွဲဝေချထားရေးသို့ သတိထား၍ ပြောင်းရွှေ့ရန် အရေးကြီးပါလိမ့်မည်။ ပြည်သူလူထု၏ ထင်မြင်ယူဆချက်နှင့် အရပ်ဘက် အဖွဲ့အစည်းများကလည်း မရှိမဖြစ် လိုအပ်ပါသည်။

တတိယ အချက်မှာ ပဋိပက္ခကြောင့် ထိခိုက်ခံစားခဲ့ရသည့် ဒေသများတွင် ငြိမ်းချမ်းမှု ဖော်ဆောင်ရေး၊ ငြိမ်းချမ်းရေး တည်ဆောက်ရေး နှင့် ပတ်သက်သော ကိစ္စများ ဖြစ်ပါသည်။ မြန်မာနိုင်ငံတွင် ပြည်တွင်းစစ် ဖြစ်ခဲ့သည်မှာ မျိုးဆက်များစွာ ကြာခဲ့ပြီဖြစ်သည်။ တချိန်က တိုက်ပွဲများတွင် ကွန်မြူနစ်များ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ ပါ၀င်ခဲ့ကြသည်။ လက်ရှိ အခြေအနေမှာမူ ပြင်းထန်သော ပြည်တွင်းစစ် အနေအထားမဟုတ်ပါ။ ပြီးခဲ့သည့် နှစ် အနည်းငယ် အတွင်းက ပေါ်ပေါက်ခဲ့သည့် စစ်ပွဲများအပါအဝင် ကြီးမားသော တိုက်ပွဲများ ရှိခဲ့ပါသည်။ သို့သော်လည်း ယေဘုယျအားဖြင့် ထိပ်တိုက်ရင်ဆိုင်မှုများမှာ ပြင်းထန်ခြင်းမရှိဘဲ မြန်မာနိုင်ငံ မြောက်ပိုင်း တရုတ်နယ်စပ် တလျှောက်တွင် ဒါဇင်နှင့် ချီသောတိုက်ပွဲငယ်များ လတိုင်း ဖြစ်ပွားနေသည်။ စစ်တပ်ပုံစံသွင်းခြင်း၊ မတည်ငြိမ်ခြင်း၊ အိမ်ရာစွန့်ခွာ ထွက်ပြေးရခြင်းနှင့် ဆယ်စုနှစ် ရ ခုမျှ အတွင်း အခါအားလျှော်စွာ တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းတို့ကြောင့် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ သက်ရောက်မှုများကလည်း ကြီးမားခဲ့သည်။

အဆိုပါဒေသသည် ရှေ့တန်းနယ်နိမိတ် တိကျသေချာမှု မရှိဘဲ မြန်မာ့တပ်မတော်၊ နယ်ခြားစောင့်တပ်ဟု ခေါ်သည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၊ ရာနှင့်ချီသော ပြည်သူ့စစ် အဖွဲ့ငယ်များ အတူတကွ တပ်ချထားသည့် နေရာဖြစ်ပြီး သေနတ်ကိုင်ထားသည့်သူများ မျက်နှာချင်း ဆိုင်နေကြသည့် နေရာဖြစ်သည် ။ တခါတရံ သူတို့ အတူတွဲ၍ စီးပွားရေး လုပ်ကြသည်။ တခါတရံ သူတို့၏ ပိုင်နက် နယ်မြေကို ချဲ့ထွင်ကြသည်။ တခါတရံ တိုက်ခိုက်ကြသည်။

အရေးကြီးသည်မှာ အထက်တွင် ဖော်ပြခဲ့သော ကျယ်ပြန့်သည့် နိုင်ငံရေး ရည်မှန်းချက်များကို ဆွေးနွေးခြင်းက အသေးစိတ် လက်တွေ့ ညှိနှိုင်းမှုများအတွက် အစားထိုးမှုတခု ဖြစ်လာမည် မဟုတ်ပါ။ တိုက်ပွဲများကို အဆုံးသတ်နိုင်ရေးအတွက် ယုံကြည်မှု တည်ဆောက်ခြင်းများ လိုအပ်ပါသည်။ တိုင်းပြည်၏ နိုင်ငံရေး အနာဂတ်နှင့် ပတ်သက်၍ ဆွေးနွေးရာတွင် ပွင့်လင်းမှု၊ အားလုံးပါ၀င်မှု နှင့် ဒီမိုကရေစီနည်းကျ လိုက်နာ ကျင့်သုံးမှုများ ရှိသင့်ပါသည်။ သို့သော်လည်း အရှေ့မြောက်ပိုင်းမှ တိုက်ပွဲများ အမှန်တကယ် အဆုံးသတ်ရေး အတွက် မည်သည့် ညှိနှိုင်းဆွေးနွေးမှုတွင် မဆို အဓိကျသည့် တပ်ဖွဲ့များ ဖြစ်သည့် အစိုးရတပ်များ၊ တိုင်းရင်သား လက်နက်ကိုင် အဖွဲ့များ နှင့် ပြည်သူစစ်များကို အာရုံစိုက်ရန် လိုအပ်မည်ဖြစ်ပါသည်။

ပဋိပက္ခတွင် ပါ၀င်နေသော အဖွဲ့အစည်း အလွန်များပြားသည့် အတွက် ပိုမို၍ ကျယ်ပြန့်သည့် ချဉ်းကပ်မှုတခုနှင့် အတူ ဒေသတွင်းတွင် ဖော်ဆောင်သည့် အဖြေများကို ဟန်ချက်ညီမျှအောင် ဆောင်ရွက်ရန် ခက်ခဲ့ပါလိမ့်မည်။ သွေးခွဲ အုပ်ချုပ်သည့် နည်းလမ်းကို ဆန့်ကျင်ခြင်းက နားလည်ပေးနိုင်စရာ ဖြစ်သည်။ သို့သော်လည်း ဘုံပိုင်းခြေ အနည်းဆုံးဖြင့် ချဉ်းကပ်မှုကို ငြင်းပယ်ရန် လိုအပ်ပါသည်။

ပေါက်ဖော် အရေး

စတုတ္ထမြောက်မှာ ပြဿနာအစုအဝေးများနှင့် ဆက်စပ်နေပြီး အရေးအကြီးဆုံး ဖြစ်သလောက် မည်သူမျှ မဆွေးနွေးချင်သည့် ကိစ္စဖြစ်သည်။ တရုတ်နိုင်ငံအရေး ဖြစ်သည်။ မြန်မာနိုင်ငံ၏ လက်နက်ကိုင် ပဋိပက္ခများမှာ တချိန်က တပြည်လုံးသို့ ပျံ့နှံခဲ့သည်။ ယခုအချိန်တွင် တရုတ်နိုင်ငံနှင့် နီးကပ်သည့် နေရာများတွင်သာ အဓိက ရှိနေပြီး အများစုမှာ တချိန်က တရုတ်အစိုးရ၏ ထောက်ပံ့မှုကို ရရှိခဲ့သော ကွန်မြူနစ်ပါတီကို ဆက်ခံသည့် ‘၀’ ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) ကဲ့သို့ အဖွဲ့များ ရှိနေသည်။ တရုတ်နိုင်ငံ (သို့မဟုတ် အခြားမည့်သည့် နိုင်ငံဖြစ်စေ) တိုင်းပြည်၏ အနာဂတ်အတွက် အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးမှုများတွင် မပါ၀င်သင့်ပါ။ သို့သော်လည်း နယ်စပ်တလျှောက်တွင် ငြိမ်းချမ်းရေးကို ရည်ရွယ်သည့် သံတမန်ရေးရာ ကိစ္စများတွင် မိတ်ဖက်တခု ရှိရမည် ဖြစ်သည်။

အများစု၏ အာရုံစိုက်ခြင်းခံရသည့် မြစ်ဆုံ၏ အနာဂတ်သည်လည်း တခုအပါအဝင်ဖြစ်ပါသည်။ တရုတ်နိုင်ငံက တည်ဆောက်မည့် အမေရိကန်ဒေါ်လာ ၃ ဒသမ ၆ ဘီလီယံတန်ဖိုးရှိ ကချင်ပြည်နယ်မှ ရေအားလျှပ်စစ် စီမံကိန်းကို ယခင်အစိုးရ လက်ထက်တွင် ရပ်ဆိုင်းခဲ့သည်။ သို့သော်လည်း မြစ်ဆုံဆည်က တရုတ်အစိုးရ၏ အဓိက အာရုံစိုက်မှုတခု မဟုတ်သလောက်ပင် ဖြစ်သည်။ ယခုအခါတွင် တရုတ်နိုင်ငံတောင်ပိုင်းမှ ယူနန်ပြည်နယ်သည် လျှပ်စစ်စွမ်းအင်အတွက် လုံလောက်သည်ထက် ပိုလျှံနေပြီး ယေဘုယျအားဖြင့် မြန်မာနိုင်ငံရှိ စီးပွားရေး စီမံကိန်းများမှ ရရှိသည့် အကျိုးအမြတ် မှန်သမျှမှာလည်း အမေရိကန်ဒေါ်လာ ၁၀ ထရီလီယံ ရှိသည့် တရုတ်နိုင်ငံ၏ စီးပွားရေးတွင် သေးငယ်သော အစိတ်အပိုင်း တခုသာ ဖြစ်သည်။ မြန်မာနိုင်ငံတွင် ရှိနေသော တရုတ်နိုင်ငံ၏ ဗျူဟာမြောက် အကျိုးစီးပွားတခုမှာ အိန္ဒိယ သမုဒ္ဒရာသို့ ဆက်သွယ်မည့် လမ်းကြောင်းတခု အနေဖြင့်ဖြစ်သည်။ ၎င်းတို့ အဆိုပြုထားသော မြန်မာနိုင်ငံ အနောက်ပိုင်းကမ်းခြေရှိ ကျောက်ဖြူရေနက် ဆိပ်ကမ်း တိုးတက်ရေးကို ပိုမို၍ ဦးစားပေးဖွယ်ရာ ရှိနေသည်။

ပို၍ အခြေခံကျစွာ ဆိုရလျှင် တရုတ်အစိုးရက မြန်မာနိုင်ငံသည် သူတို့ အားထားရသည့် မိတ်ဆွေ တဦး အမြဲတမ်း ဖြစ်မနေလျှင်ပင် ခြိမ်းခြောက်မှုတခု ဖြစ်မလာစေရန် သေချာစေရေး စိတ်အားထက်သန်နေပါသည်။ တရုတ်နိုင်ငံ အနေဖြင့် နယ်စပ်တလျှောက်တွင် ငြိမ်းချမ်းရေးကို သဘောကျမည် ဖြစ်သော်လည်း နိုင်ငံတကာ၏ သြဇာလွှမ်းမိုးနိုင်သော အခန်းကဏ္ဍကို ထိန်းသိမ်းရင်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ရှေ့ဆက်သွားသည် နှင့်အမျှ ပုံဖော်ပေးချင်နေသည်။ တရုတ်နိုင်ငံက တိုင်းရင်းသား လက်နက်ကိုင် တချို့နှင့် နက်ရှိုင်းသော ဆက်သွယ်မှုရှိနေပြီး အဆိုပါ ဆက်သွယ်မှုများကိုလည်း အလွယ်တကူ စွန့်လွှတ်လိမ့်မည် မဟုတ်ပါ။ တရုတ်နိုင်ငံအတွက် အဆိုးဆုံး အိပ်မက်မှာ မတည်ငြိမ်သေးသော နယ်စပ်ဒေသအပေါ် ထိန်းချုပ်နိုင်မှုများ လျော့ကျပြီး အနောက်တိုင်း၊ သို့မဟုတ် ဂျပန်နိုင်ငံ၏ အကျိုးစီးပွားများ အစားထိုးဝင်ရောက် လာသည်ကို မြင်ရမည်ကို စိုးရိမ်နေခြင်း ဖြစ်သည်။

မကြာသေးမီက သွားရောက်ခဲ့သော ဒေါ်အောင်ဆန်းစုကြည်၏ တရုတ်နိုင်ငံခရီးစဉ်က တရုတ်အစိုးရ၏ စိုးရိမ်ပူပန်မှုများကို သက်သာစေခဲ့ပါလိမ့်မည်။ မြန်မာနိုင်ငံ၏ အချုပ်အခြာ အာဏာကို ကာကွယ်နေစဉ် တရုတ်နိုင်ငံ အနေဖြင့် ၎င်း၏ သြဇာလွှမ်းမိုးမှုကို မြှင့်တင်ရင်း ၎င်း၏ မှန်ကန်သောနေရာကို တွေ့ရှိရန် အလွန်အရေးပါ လာပါလိမ့်မည်။ နှစ်ဘက်လုံး အဆင်ပြေနိုင်သည့် အလားအလာများလည်း ရှိနေပါသည်။

မြန်မာနိုင်ငံမှ လက်နက်ကိုင် ပဋိပက္ခများက အာရှ၏ အဆင်းရဲဆုံး ဒေသများထဲမှ တခုတွင် ရှိနေခြင်း ဖြစ်သော်လည်း အကြီးကျယ်ဆုံးသော စက်မှုတော်လှန်ရေးတခု၏ ဘေးတွင်လည်း ကပ်လျက် ရှိနေသည်။

မြန်မာ့စီးပွားရေး

ပဥ္စမမြောက် ဖြစ်သလို အခြားကိစ္စများနှင့် တန်းတူအရေးကြီးသော အချက်မှာ စီးပွားရေးနှင့် ဆိုင်သော ကိစ္စများဖြစ်သည်။ ပြီးခဲ့သည့် နှစ်များအတွင်းက ပြုလုပ်ခဲ့သော ငြိမ်းချမ်းရေး ဆွေးနွေးပွဲများတွင် စီးပွားရေးကို လုံးဝနီးပါး ချန်လှပ်ထားခဲ့သည်။ ထိုသို့ ကျန်နေရခြင်း အကြောင်း တစိတ်တပိုင်းမှာ တချို့က အထူးသဖြင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ ကြားတွင် ၎င်းတို့ကို အစိုးရက ၀ယ်ယူရန် ကြိုးစားမည်ကို စိုးရိမ်နေခဲ့ကြခြင်းကြောင့် ဖြစ်သည်။ ကမ်းလှမ်းလာမည့် အကူအညီများ သို့မဟုတ် စီးပွားရေး ရင်း နှီးမြှုပ်နှံမှုများက သူတို့၏ နိုင်ငံရေး အစီအစဉ်များကို အားလျော့သွားစေမည်ကို စိုးရိမ်ကြခြင်းဖြစ်သည်။ ပြီးခဲ့သည့် နောက်ကြောင်းများအရ ကြည့်မည်ဆိုလျှင် သူတို့၏ စိုးရိမ်မှုကို နားလည်နိုင်မည်ဖြစ်သည်။

တချိန်တည်းမှာပင် စီးပွားရေး ကိစ္စများနှင့် ပတ်သက်၍ ပွင့်လင်းမြင်သာသော ဆွေးနွေးမှု မရှိခြင်းက နောက်ကွယ်တွင် ပြုလုပ်သော သဘောတူညီချက်များ၊ စစ်ပြီးကာလနေရာများတွင် မိမိကိုယ်ကျိုးအတွက်သာ လာမည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကိုသာ ဖြစ်လာစေခဲ့ပြီး ဒေသခံ အသိုင်းအဝိုင်းမှာ သူတို့၏ ဘဝကို ပြောင်းလဲပေးမည့် စီးပွားရေးနှင့် ပတ်သက်၍ အနည်းငယ်မျှသာ ပြောဆိုနိုင်တော့သည်။

ထို့အပြင် စီးပွားရေး ရှုထောင့်ကို ချန်လှပ်ခဲ့ခြင်းကြောင့် ငြိမ်းချမ်းရေးအတွက် အလားအလာ အကောင်းဆုံး အထောက်အကူ အများစု ကျန်ရစ်စေခဲ့လိမ့်မည် ဖြစ်သည်။ မြန်မာနိုင်ငံတွင် ငြိမ်းချမ်းရေး ဆွေးနွေးမှုကို ဆယ်စုနှစ် ရ ခု နီးပါး ပြုလုပ်ခဲ့ပြီး ဆယ်စုနှစ်များစွာ ရှိခဲ့သည့် အပစ်အခတ် ရပ်စဲရေးမှာလည်း အလုပ်မဖြစ်ခဲ့ပါ။ ယနေ့အချိန်၏ ကွဲပြားခြားနားမှုမှာ တိုင်းပြည်ကို အလျှင်မြန်ဆုံး အသွင်ကူးပြောင်းပေးနိုင်မည့် စီးပွားရေး အခွင့်အလမ်းများ ရှိနေခြင်း ဖြစ်သည်။ အဆိုပါ စွမ်းအင်ကို ထိရောက်စွာ အသုံးပြုခြင်းက ငြိမ်းချမ်းရေး တည်ဆောက်ရာတွင် အရေးပါသည့် နည်းလမ်းတခု ဖြစ်သည်။

ပျောက်ဆုံးနေသည်မှာ နောက်လာမည့် ၁၀ နှစ် သို့မဟုတ် နှစ် ၂၀ အတွင်းတွင် ဒေသတွင်း စီးပွားရေးက မည်သို့ ဖြစ်လာမည်ကို ပြောနိုင်မည့် လေ့လာဆန်းစစ်မှု ဖြစ်သည်။ ကွဲပြားခြားနားသည့် (ကြီးထွားလာသော ဗဟို စီးပွားရေးတခု နှင့် နယ်စပ်ဖြတ်ကျော် ဆက်သွယ်မှုများ ၂ ခုလုံးနှင့် အချိတ်အဆက်ရှိသော) ဒေသတွင်း စီးပွားရေးများ အတွက် ရွေးချယ် စရာများက စေ့စပ်ညှိနှိုင်းသူများကို လက်ရှိအနေအထားအား ပိုင်းခြားခွဲဝေခြင်းကို အာရုံစိုက်ခြင်းမှ ကင်းဝေးအောင် အထောက်အကူ ပေးနိုင်လိမ့်မည် ဖြစ်သည်။

ပြီးခဲ့သည့်နှစ် အောက်တိုဘာလက လက်မှတ်ရေးထိုးခဲ့သည့် တနိုင်ငံလုံး အတိုင်းအတာဖြင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် (NCA) တွင် သာမန်ပြည်သူတို့၏ ဘဝတိုးတက် ကောင်းမွန်ရေးအတွက် ပူးပေါင်းဆောင်ရွက်ရန် ပုံမှန် မဟုတ်သည့် ကတိကဝတ်များ ပါ၀င်နေခဲ့သည်။ အဆိုပါ ကြားကာဆောင်ရွက်မှုများကို အကောင်အထည် ဖော်ရန် အားထုတ်မှုများက စနိုင်သည် ဆိုရုံလေးမျှသာဖြစ်သည်။ အပစ်အခတ်ရပ်စဲရေးကို ကောင်းမွန်စွာ ထိန်းသိမ်းထားနိုင်သော မြန်မာနိုင်ငံ၏ အရှေ့တောင်ပိုင်းတွင် ရှေ့သို့တဆင့် တက်နိုင်ရေးအတွက် အရေးကြီးသည့် အချက်မှာ စီးပွားရေး အစီအစဉ်များနှင့် ပတ်သက်၍ အပြန်အလှန် သဘောတူညီမှုများ ရှိသင့်ပါသည်။ ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံတကာ၏ အကူအညီများ ပူးပေါင်းထားသည့် အဆိုပါ အစီအစဉ်များက ဒေသခံပြည်သူများ၏ အကျိုးစီးပွားကို မြှင့်တင်နိုင်သလို လက်နက်ကိုင် တပ်ဖွဲ့များ ကြားတွင်လည်း ယုံကြည်မှုကို တည်ဆောက်နိုင်မည် ဖြစ်သည်။

ယခုအခါ မြန်မာနိုင်ငံသည် လွတ်လပ်ရေး ရရှိခဲ့သည့် ၁၉၄၈ ခုနှစ်နောက်ပိုင်းတွင် ငြိမ်းချမ်းရေး ရရှိရန် မည်သည့် အချိန်ထက်မဆို ပိုမိုနီးကပ်သည့် အခြေအနေတွင် ရှိနေပါသည်။ ရေရှည်အမြင်နှင့် လာမည့်လ အတွင်းတွင် ရှိလာမည့် ကွဲပြားခြားနားသည့် သံတမန်နည်းလမ်းများ (အကယ်၍ ရရှိနိုင်ခဲ့လျှင်) က ပြောင်းလဲမှု အားလုံးကို ပြုလုပ်ပေးပါလိမ့်မည်။

(သြဂုတ်လ ၂၈ ရက်နေ့က Nikkei Asian Review တွင် ဖော်ပြထားသော သန့်မြင့်ဦး၏ Thant Myint-U – Myanmar beyond the peace process ကို နိုင်မင်းသွင် ဘာသာပြန်ဆိုသည်။ သန့်မြင့်ဦးသည် သမိုင်းပညာရှင် စာရေးဆရာ တယောက်ဖြစ်ပြီး နောက်ဆုံး ရေးသားခဲ့သော စာအုပ်မှာ ၂၀၁၄ ခု နှစ်က ထုတ်ဝေခဲ့သည့် Where China Meets India: Burma and the New Crossroads of Asia ဖြစ်သည်။)

Did you find apk for android? You can find new Free Android Games and apps.
Loading