မြန်မာနိုင်ငံ၏ အနာဂတ်နှင့် ပတ်သက်၍ အကောင်းမြင်ပေးရန် အကြောင်းရင်း အမြောက်အများရှိပါသည်။ ၂၀၁၅ ခုနှစ် နိုဝင်ဘာလက ပြုလုပ်ခဲ့သော ရွေးကောက်ပွဲက ဆယ်စုနှစ်များစွာအတွင်း ပထမဆုံးသော ဒီမိုကရေစီ အစိုးရကို ဆောင်ကျဉ်းပေးခဲ့သည်။ ပြီးခဲ့သည့် နှစ်က ဒါဇင်ပေါင်းများစွာသော နိုင်ငံရေးအကျဉ်းသားများ လွတ်ငြိမ်းချမ်းသာခွင့်နှင့် ပြန်လည် လွတ်မြောက်လာခဲ့သည်။ နိုင်ငံရေး လွတ်လပ်ခွင့်များဖြစ်သည့် လွတ်လပ်စွာ ပြောဆိုခွင့်၊ အဖွဲ့အစည်းဖွဲ့စည်းခွင့် နှင့် စုဝေးခွင့်များကို ထိန်းချုပ် ကန့်သတ်ထားသည့် ဥပဒေများကိုလည်း ဖြေလျှော့ပေးခဲ့သည်။
သို့သော်လည်း မြန်မာအစိုးရကရော နိုင်ငံတကာ အသိုင်းအဝိုင်းကပါ ဆောင်ရွက်ရန် ကျန်နေသေးသည့် ကြီးမားသော ကိစ္စတခု ကျန်နေပါသေးသည်။ ထိုကိစ္စမှာ အလွန်အရေးပါသလို နိုင်ငံတကာ အသိုင်းအဝိုင်းကလည်း တတ်နိုင်သမျှ နည်းလမ်းများ အားလုံးဖြင့် ဆက်လက်ဆောင်ရွက်နေသည့် မြန်မာနိုင်ငံသစ်တွင် လူ့အခွင့်အရေးနှင့် အခြေခံ လွတ်လပ်ခွင့် များကို လေးစားရေးအား အားပေးရန် ဖြစ်သည်။ လတ်တလော အနေဖြင့် ကျန်ရှိနေသေးသော နိုင်ငံရေး အကျဉ်းသားများ အားလုံး ပြန်လွှတ်ပေးရန် နိုင်ငံတကာ အသိုင်းက ဆက်လက်ဖိအား ပေးရမည် ဖြစ်သည်။
နိုဝင်ဘာလ ရွေးကောက်ပွဲက မြန်မာနိုင်ငံအတွက် သမိုင်းမှတ်တိုင် ဖြစ်ခဲ့သော်လည်း ကျနော်တို့ အနေဖြင့် ဒီမိုကရေစီ နည်းကျ ရွေးချယ်တင်မြှောက် ခံထားရသည့် အစိုးရ၏ လက်ထဲတွင် မည်မျှအထိ အာဏာရှိမည်ဆိုခြင်းနှင့် ပတ်သက်၍ ယုံကြည်မှု မလွန်ကဲသင့်ပါ။ သူတို့၏ လွှတ်တော်နှင့် အစိုးရကို ထိန်းချုပ်နိုင်မှုကို စစ်တပ်ကရေးဆွဲခဲ့သော ၂၀၀၈ ခုနှစ် အခြေခံ ဥပဒေက ကန့်သတ်ထားသည်။
ကျနော်တို့ နိုင်ငံ၏ ဥပဒေပြု အဖွဲ့အစည်းဖြစ်သည့် ပြည်ထောင်စုလွှတ်တော်တွင် ရ၅ ရာခိုင်နှုန်းသော ကိုယ်စားလှယ်များသာ ဒီမိုကရေစီနည်းကျ ရွေးချယ်တင်မြှောက်ခံသူများ ဖြစ်သည်။ တခြား ၂၅ ရာခိုင်နှုန်းမှာ ကာကွယ်ရေး ဦးစီးချုပ်က ခန့်အပ်သည့် စစ်တပ်မှ ကိုယ်စားလှယ်များ ဖြစ်သည်။ အလားတူပင် ပြည်နယ်နှင့် တိုင်းလွှတ်တော်များတွင်လည်း စစ်ဘက် ကိုယ်စားလှယ်များအတွက် နေရာများရှိနေသည်။ ၂၀၀၈ ခုနှစ် အခြေခံ ဥပဒေကို ကိုယ်စားလှယ် ရ၅ ရာခိုင်နှုန်းကျော်က ထောက်ခံမှ ပြင်ဆင်နိုင်မည် ဖြစ်သည်။ ထို့ကြောင့် စစ်ဘက်ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းကို ဖယ်ထုတ်နိုင်ရန် အတွက် စစ်ဘက်ကိုယ်စားလှယ် တချို့က သူတို့၏ အာဏာကို စွန့်လွှတ်ရန် မဲပေးမှသာ ဖြစ်နိုင်ပါမည်။
အခြေခံဥပဒေတွင် သမ္မတအနေဖြင့် ကာကွယ်ရေး၊ ပြည်ထဲရေး နှင့် နယ်စပ်ရေးရာ ၀န်ကြီးများကို အဆင့်မြင့် စစ်အရာရှိကြီးများကို ခန့်အပ်ရန် ပြဌာန်းထားသည်။ သမ္မတနှင့် သီးခြားရပ်တည်သည့် ကာကွယ်ရေး ဦးစီးချုပ်က ၎င်းတို့ကို အမည်စာရင်း တင်သွင်းမည် ဖြစ်သည်။ အဆိုပါ ၀န်ကြီးဌာနများက တရားဥပဒေ ဖော်ဆောင်မှု ယန္တရားများ အားလုံးကို ထိန်းချုပ်ထားသည်။ ရဲတပ်ဖွဲ့က ပြည်ထဲရေး ၀န်ကြီးဌာန လက်အောက်တွင် ရှိပြီး ကာကွယ်ရေးဝန်ကြီးဌာနက နယ်ခြားစောင့် တပ်များကို ထိန်းချုပ်သည်။
ထို့အပြင် ခေတ်မီနိုင်ငံကို စီမံခန့်ခွဲရမည့် အစိုးရအရာရှိ အများအပြားမှာလည်း သူတို့၏ ဘဝရပ်တည်ရေးအတွက် စစ်အစိုးရကို သစ္စာစောင့်သိခဲ့သူများ ဖြစ်ကြသည်။ အားလုံး မဟုတ်သော်လည်း အားလုံးနီးပါးသော အရပ်ဘက် စီမံခန့်ခွဲရေးပိုင်းမှ အရာရှိများမှာ စစ်အရာရှိဟောင်းများ ဖြစ်ကြသည်။ သူတို့ထဲမှာ တချို့က သူတို့၏ ရာထူးနေရာမှာ စစ်ဘက်တွင် တာဝန် ထမ်းဆောင်ခဲ့သည့်အတွက် ပေးအပ်ခြင်း ဖြစ်သည်ဟု ယူဆထားကြသည်။
အာဏာရှင်ကို ထောက်ခံသည့် အရပ်ဘက် ဝန်ထမ်းများနှင့် ဒီမိုကရေစီ အစိုးရသစ်တခုတို့ ပြန်လည်သင့်မြတ်ရေးမှာ နိုင်ငံတိုင်း၏ အသွင်ကူးပြောင်းရေးတိုင်းတွင် ရင်ဆိုင်ရသည့် စိန်ခေါ်မှုတခု ဖြစ်သည်။ အောင်မြင်မှု အတိုင်းအတာကလည်း အမျိုးမျိုး ကွဲပြားသည်။ ဥပမာအားဖြင့် အီရတ်နိုင်ငံတွင် de-Ba’athification မူဝါဒ (ဆဒမ်ဟူစိန်၏ Ba’ath ပါတီ၏ လွှမ်းမိုးမှုကို နိုင်ငံရေး စနစ်အတွင်းမှ ဖယ်ထုတ်ရန် အီရတ် အစိုးရသစ်က အကောင်အထည် ဖော်ခဲ့သည့် မူဝါဒ) ကြောင့် ထောင် နှင့်ချီသော အစိုးရအရာရှိများကို ရာထူးမှ ဖယ်ရှားလိုက်ချိန်တွင် အလုပ်လက်မဲ့ ပြဿနာ ကျယ်ပြန့်လာသလို အစိုးရ အနေဖြင့်လည်း ပြည်သူများကို အခြေခံ ၀န်ဆောင်မှုများ မပေးနိုင်ခြင်းနှင့် ကြုံတွေ့ခဲ့ရသည်။
တဘက်မှ ကြည့်ပြန်လျှင် လက်ရှိ အရပ်ဘက် ၀န်ထမ်းများကို ဆက်လက် အာဏာပေးထားခြင်းက ရွေးကောက်ခံ ခေါင်းဆောင်များ ချမှတ်သည့် ဆုံးဖြတ်ချက်များမှာ ၎င်းတို့ကို အကောင်အထည် ဖော်ပေးရမည့် သူများ၏ တားဆီးမှုနှင့် ရင်ဆိုင်နေရသည်။ အဆိုပါ အရာရှိများက အရပ်သားအစိုးရနှင့် ပူးပေါင်းဆောင်ရွက်ရန် ဆန္ဒရှိသည်ဟု ယူဆကြည့်လျှင်ပင် အရပ်သား တက်ကြွလှုပ်ရှားသူများ နှင့် စစ်အရာရှိဟောင်းများ၏ စီမံခန့်ခွဲမှုနှင့် အလုပ်လုပ်သည့် ပုံစံက တူညီလိမ့်မည် မဟုတ်ပါ။
ယခုနှစ် ဧပြီလတွင် ဒီမိုကရေစီနည်းကျ ရွေးချယ်ခံရသည့် အစိုးရ အာဏာ ရယူပြီးနောက် နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေးကို ထိပ်တန်းဦးစားပေးအဖြစ် ထားရှိမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။ ကျနော်၏ အဖွဲ့အစည်းဖြစ်သော နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့ (AAPP) ၏ မှတ်တမ်းများအရ တရားစီရင်မှုကို စောင့်ဆိုင်းနေရသော တက်ကြွလှုပ်ရှားသူ ၁၆၃ ဦး၊ ရုံးမတင်မီ ဖမ်းဆီးထိန်းသိမ်း ခံထားရသူ ၁၁၅ ဦး နှင့် နိုင်ငံရေး အမှုဖြင့် ဖမ်းဆီး ထောင်ချခြင်းခံထားရသူ ရ၀ ဦးတို့ ပြန်လည်လွတ်မြောက်ခဲ့ပြီး ဖြစ်သည်။
သို့သော်လည်း မလွတ်မြောက်သေးသည့် အကျဉ်းသားများနှင့် ပြီးခဲ့သည့် ၃ လ အတွင်း အသစ်ဖမ်းဆီး ထောင်ချခြင်း ခံရသူ စုစုပေါင်း ၂၈၅ ဦး မြန်မာနိုင်ငံ အကျဉ်းထောင်များတွင် ရှိနေသေးခြင်းက လက်မခံနိုင်ဖွယ်ရာ ဖြစ်သည်။
နိုင်ငံရေး အကျဉ်းသားများ ဆက်လက်၍ ရှိနေခြင်းမှာ မြန်မာနိုင်ငံမှ စာအုပ်များထဲတွင် လွတ်လပ်သော လူ့အဖွဲ့အစည်း တခုအတွက် အရေးပါသည့် လွတ်လပ်စွာ ပြောဆိုခွင့်၊ စုဝေးခွင့် နှင့် ဖွဲ့စည်းခွင့်များကို ကန့်သတ်ထားသည့် ဥပဒေများက ဆက်လက် ရှိနေသောကြောင့်လည်း တပိုင်းဖြစ်သည်။ အဖွဲ့အစည်းများ အစိုးရထံတွင် မှတ်ပုံတင်ရန် လိုအပ်သည့် ဥပဒေ များကို ဖြေလျှော့ပေးခဲ့ပြီး ဖြစ်သော်လည်း လုံးဝ ပယ်ဖျက်ရခြင်း မရှိသေးပါ။
ပြောဆိုခွင့်အတွက်လည်း ကန့်သတ်မှုများ ကျန်ရှိနေဆဲ ဖြစ်သည်။ ဆက်သွယ်ရေး ကဏ္ဍကို ထိန်းချုပ်ရန် ရည်ရွယ်ထားသည့် ဥပဒေများတွင် “နိုင်ငံတော်၏ လုံခြံုရေး သို့မဟုတ် တရားဥပဒေစိုးမိုးရေး သို့မဟုတ် တည်ငြိမ် အေးချမ်းရေး သို့မဟုတ် စည်းလုံး ညီညွတ်ရေး သို့မဟုတ် နိုင်ငံတော်၏ စီးပွားရေး သို့မဟုတ် ယဉ်ကျေးမှုတို့ကို ထိခိုက်ပျက်ပြားစေမည့် ဆောင်ရွက်မှုများကို” တားမြစ်ကြောင်း ဖော်ပြထားသည်။ ကျယ်ပြန့်ပြီး အဓိပ္ပာယ်မရေရာသည့် အဆိုပါတားမြစ်ချက်များကို အီလက်ထရောနစ် နည်းပညာကို အသုံးပြု၍ မိမိတို့၏ အမြင်များကို ဖော်ပြသည့် တက်ကြွ လှုပ်ရှားသူများအား ဖမ်းဆီး ထောင်ချရန်အတွက် အသုံးပြုခဲ့သည်။ လွတ်လပ်စွာ စုဝေးခွင့် အတွက်လည်း ဆန္ဒပြသူများသည် ဆန္ဒပြခြင်း မပြုမီ သက်ဆိုင်ရာ အာဏာပိုင်များ၏ ခွင့်ပြုချက်ကို ကြိုတင်ရရှိရန် လိုအပ်သည့် ဥပဒေများဖြင့် ကန့်သတ်ထားသည်။
နိုင်ငံရေး လှုပ်ရှားမှုများအပေါ် ထိုသို့ ထိန်းချုပ်ကန့်သတ်ခြင်းများက လွတ်လပ်သော လူ့အဖွဲ့အစည်း တခုအတွက် မလိုလားအပ်သည့် အရာဖြစ်သည်။ ပြုပြင်ပြောင်လဲရေး လိုအပ်ပါသည်။ ပြုပြင်ပြောင်းလဲရေးများကို အကောင်အထည် ဖော်နိုင်သည့် အချိန်ရောက်မှသာ အဆိုပါ ဥပဒေများဖြင့် ဖမ်းဆီး တရားစွဲဆို ထောင်ချခြင်းများ ရပ်တန့်သွားနိုင်မည် ဖြစ်သည်။
အောင်မြင်သော ဇာတ်လမ်းတပုဒ်ကို လူတိုင်းသဘောကျပါသည်။ ကြီးမားသော တိုးတက်မှုများကို မြင်တွေ့ နေရသော်လည်း မြန်မာနိုင်ငံက မအောင်မြင်သေးပါ။ စိန်ခေါ်မှုများစွာ ကျန်ရှိနေဆဲ ဖြစ်ပါသည်။ အခြေခံဥပဒေက စစ်တပ်ကို အာဏာ ကြီးမားစွာ အပ်နှင်းထားဆဲဖြစ်သည်။ ဥပဒေများကလည်း ဆန္ဒပြသူများနှင့် တက်ကြွလှုပ်ရှားသူများကို ဖမ်းဆီးရန် လုံခြံုရေး အဖွဲ့များအား အခွင့်အာဏာ ပေးအပ်ထားဆဲ ဖြစ်သည်။ မိမိတို့၏ ယုံကြည်ချက်ကြောင့် ပြည်သူများ ထောင်ကျနေကြဆဲ ဖြစ်သည်။ မြန်မာနိုင်ငံတွင် နိုင်ငံရေး အကျဉ်းသား ၂၈၅ ဦးရှိပါသည်။ အစိုးရဟောင်းမှ အမြစ်တွယ်ကျန်နေသော အစိတ်အပိုင်းများ အပေါ်ဖိအားပေးခြင်းကို လျှော့ချပေးရန်ကလည်း စောလွန်းနေပါသေးသည်။
အဆိုပါ စိန်ခေါ်မှု အများစုကို ချက်ချင်းတော့ ဖြေရှင်းနိုင်မည် မဟုတ်ပါ။ ဗျူရိုကရေစီ ယန္တယားအတွင်းမှ စစ်တပ်၏ သြဇာ လွှမ်းမိုးမှုကို ဖယ်ရှားရန် အချိန်များစွာ ယူရပါလိမ့်မည်။ လွှတ်တော် အတွင်းမှ စစ်တပ်၏ သြဇာလွှမ်းမိုးမှုကို ဖယ်ရှားရန်ကလည်း ပုံမှန်မဟုတ်သည့် အဖြေတခု လိုအပ်နေပါသည်။ သို့သော်လည်း လက်ရှိ နိုင်ငံရေး အကျဉ်းသားများ၏ အခြေအနေကိုမူ ဘောလ်ပင် တချက်လှုပ်ရုံနှင့် ဖြေရှင်းနိုင်ပါသည်။ နိုင်ငံတကာ အသိုင်းအဝိုင်း အနေဖြင့် လူအများအပြား၏ ဘဝ တိုးတက်ကောင်းမွန်လာစေပြီး လွတ်လပ်သည့် မြန်မာနိုင်ငံအဖြစ် ဆက်လက် တိုးတက်သွားစေနိုင်သော လက်ငင်း လုပ်ရမည့် အဆိုပါ အပြောင်းအလဲအတွက် ဖိအားပေးရမည် ဖြစ်ပါသည်။
(ဘိုကြည်သည် နိုင်ငံရေး အကျဉ်းသား ဟောင်းတဦး ဖြစ်ပြီး ၂၀၀၀ ခုနှစ်မှ စ၍ နို်င်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေး ဆောင်ရွက်နေသော နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့ (AAPP) ကို ထူထောင်သူ တဦး ဖြစ်သည်။)