အစိုးရသစ်ရဲ့ပျားရည်ဆမ်းကာလ ရက် ၁၀၀ ကို လွန်မြောက်ခဲ့ပါပြီ။ အခုချိန်က ရက် ၁၀၀ ကာလအတွင်း မှားခဲ့တာတွေရှိခဲ့ရင် ပြန်လည် ပြုပြင်ကြရမယ့် အချိန်ကောင်းဖြစ်တယ်။ ပြည်သူ့ဘဝတွေ လုံခြုံအေးချမ်းအောင် တိုင်းပြည်ဖွံ့ဖြိုး တိုးတက်အောင် အားသွန်ခွန်စိုက် ကြိုးစားရမယ့်အချိန်လည်း ဖြစ်ပါတယ်။
လက်ရှိအစိုးရက ရွေးကောက်ပွဲကာလမှာ ပြောင်းလဲချိန်တန်ပြီဆိုတဲ့ ကြွေးကြော်သံနဲ့ ရွေးကောက်ပွဲ ၀င်ရောက်ယှဉ်ပြိုင်ခဲ့ တဲ့ ပါတီဖြစ်ပါတယ်။ ပြည်သူတွေကလည်း အပြောင်းအလဲကို လိုချင်လို့ လက်သန်း မင်စွန်းခံပြီး ပုံအောမဲပေးခဲ့ကြပါတယ်။
လက်တွေ့ဘဝမှာ တိုးတက်တဲ့ အပြောင်းအလဲတွေကို ပြည်သူအများစု မခံစားကြရသေးပါဘူး။ အစိုးရယန္တရားရဲ့ထိပ်ပိုင်း မှာ ပြုပြင်ပြောင်းလဲမှုတွေ လုပ်နေတယ်ဆိုပေမယ့် အောက်ခြေမှာက ဒုံရင်းအတိုင်းသာ ရှိနေသေးတယ်။
အစိုးရအဖွဲ့ဆိုတာ ရာထူးကြီးကြီးယူထားတဲ့ ညွှန်ချုပ်၊ ညွှန်မှူး၊ ဒုညွှန်၊ လက်ထောက်ညွှန် စတဲ့ ထိပ်ပိုင်းခေါင်းဆောင်တွေ ကိုသာ ရည်ညွှန်းပြောဆိုတာ မဟုတ်ပါဘူး။ အောက်ခြေအဆင့်က ဌာနစုမှူး၊ လက်ထောက် ကြီးကြပ်ရေးမှူး၊ ဌာနခွဲစာရေး စတဲ့ အရာထမ်းအမှုထမ်းတွေကလည်း အစိုးရအဖွဲ့ ယန္တရား ကောင်းမွန်စွာ လည်ပတ်နိုင်စေဖို့ ဆောင်ရွက်ပေးနေရတဲ့ ခွေး သွားစိတ်တွေအဖြစ် ပါ၀င်နေကြသူတွေဖြစ်တယ်။
ရွေးကောက်ပွဲနဲ့ တက်လာတဲ့ အစိုးရဆိုတာ သက်တမ်း ၅ နှစ် သာဖြစ်တယ်။ အစိုးရရဲ့လုပ်ပုံကိုင်ပုံ ချွတ်ချော်တိမ်းစောင်း ရင် လာမယ့် ရွေးကောက်ပွဲတွေမှာ မဲမပေးဘဲ ပြည်သူက ဒဏ်ခတ်မှာဖြစ်ပါတယ်။ ပြည်သူကတော့ နေ့စဉ်ထိတွေ့ ဆက် ဆံနေရတာ ဖြစ်လို့ သက်ပြည့်ပင်စင်ယူပြီး နောက်ပိုင်းအထိလည်း နေ့စဉ်ဆက်ဆံရမှာက ပြည်သူပဲမဟုတ်ပါလား။
အောက်ခြေက ပြည်သူလူထုတွေရဲ့နေ့စဉ်ဘဝမှာ အောက်ခြေဝန်ထမ်းတွေနဲ့သာ အမြဲထိတွေ့ ဆက်ဆံနေရတာဖြစ်ပါ တယ်။ ၀န်ထမ်းဆိုးနဲ့ ဆက်ဆံနေရသူက အစိုးရမကောင်းဘူးပြောဖို့ ၀န်လေးမှာ မဟုတ်သလို ၀န်ထမ်းကောင်းနဲ့ ဆက်ဆံခဲ့ရသူကလည်း အစိုးရကောင်းလာပြီလို့ အခမဲ့ကြော်ငြာပေးမှာပဲဖြစ်တယ်။
အောက်ခြေဝန်ထမ်းအချို့က အခုချိန်ထိ ပြည်သူသာအမိ ပြည်သူသာအဖဖြစ်တယ်ဆိုတာ မေ့နေကြတယ်။ သူတို့က အ ပြောင်းအလဲကို မလိုချင်ကြဘူး။ ရုံးတရုံးနဲ့ အာဏာရှင်ဆန်ဆန် အုပ်ချုပ် မင်းလုပ်ချင်ကြတဲ့ ၀န်ထမ်းဆိုးတွေ ရှိနေဆဲ ဖြစ်ပါ တယ်။
ဘာကိစ္စဖြစ်ဖြစ် ရေလောင်းပေးမှ လုပ်ချင်ကြတဲ့ ၀န်ထမ်းဆိုးတွေကို ပြတ်ပြတ်သားသား အရေးယူကြရမယ့် အချိန်လည်း ဖြစ်ပါတယ်။ တချို့ဝန်ထမ်းတွေက မလုပ်၊ မရှုပ်၊ မပြုတ်ဆိုတဲ့ မူကို ဆုပ်ကိုင်ထားဆဲဖြစ်ပြီး အပြောင်းအလဲမှာ အသာတ ကြည် မလိုက်ပါဘဲ ဒရွတ်တိုက်လိုက်ပါနေကြတယ်။ အဲဒီလို ၀န်ထမ်းဆိုးတွေကြောင့် နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးမှာ ခရီးဖင့် ရပါတယ်။
သူတို့ကိုလည်း ထိုက်သင့်တဲ့ အချိန်ပေးပြီးပြီဖြစ်လို့ ပြတ်ပြတ်သားသား ကိုင်တွယ်ကြဖို့ အချိန်တန်ပါပြီ။ အဲဒီလို အရေးယူ ရာမှာ ကံဆိုးသူမောင်ရှင်ကိုသာ ကွက်ကြားမိုးနဲ့ ခံစေတာ မဟုတ်ဘဲ ၀န်ထမ်းဆိုးတွေကို သတိပေးသင့်သူကို သတိပေးပြီး အရေးယူသင့်သူကို ထိထိရောက်ရောက် အရေးယူဖို့လိုပါတယ်။
၀န်ထမ်းဆိုးတွေကို အရေးယူသလို ၀န်ထမ်းကောင်းတွေကိုလည်း ချီးမြှောက်ကြရမှာ ဖြစ်ပါတယ်။ ၀န်ထမ်းတွေဆိုတာ အစိုးရရဲ့ မူဝါဒတွေကို လုပ်ထုံးလုပ်နည်းနဲ့အညီ အကောင်အထည်ဖော်ကြရသူတွေသာ ဖြစ်တယ်။ ပြည်သူ့ဝန်ထမ်းတွေ အနေနဲ့ ပြည်သူတွေရဲ့အခွန်အတုပ်တွေနဲ့ လစာရိက္ခာ ခံစားထားကြသူတွေဖြစ်လို့ ပြည်သူတွေကိုသာ မျက်နှာမူကြဖို့ မေတ္တာရပ်ခံပါရစေ။
အစိုးရက သဘောကောင်းလွန်းလို့ သူတို့ရပိုင်ခွင့်ထဲက လစာရိက္ခာ ထောက်ပံ့ထားတာ မဟုတ်ကြောင်း ပြည်သူ့ဝန်ထမ်းများ သတိချပ်စေလိုပါတယ်။
အဂတိလိုက်စားမှု တိုက်ဖျက်ရေး လာဘ်ပေးလာဘ်ယူ ပပျောက်ရေးအတွက် ခေတ်အဆက်ဆက် အစိုးရမင်းတွေက တတ် နိုင်သလောက်လုပ်ခဲ့ကြပေမယ့် အရာမထင်ဖြစ်ခဲ့ရတယ်။ လက်ရှိအစိုးရလက်ထက်မှာပဲ မိတ္ထီလာမှာ ဒုရဲမှူးအဆင့်ရှိ စခန်း မှူးတယောက်နဲ့ ရဲအုပ်တယောက်ကို စုံစမ်းစစ်ဆေး အရေးယူထားရပါတယ်။
မန္တလေးမြို့ချမ်းအေးသာစံ အခွန်ရုံးမှာလည်း လာဘ်ပေးလာဘ်ယူမှုနဲ့ ပတ်သက်ပြီး အောက်ခြေအဆင့် စာရေးကြီး တ ယောက်ကို လာဘ်ငွေ ကျပ်သိန်း ၁၃၀၀ ယူဆောင်မှုနဲ့ ပတ်သက်ပြီး တရားရင်ဆိုင်နေရဆဲဖြစ်ပါတယ်။ အရင်အစိုးရ လက်ထက်မှာလည်း ဆက်သွယ်ရေးက ရာထူးကြီးကြီးရယူထားသူအချို့ကို စုံစမ်းစစ်ဆေးမှုတွေ လုပ်ခဲ့ရပါသေးတယ်။
ရခိုင်ပြည်နယ်ဘက်မှာလည်း ရဲတပ်ဖွဲ့ဝင် တပ်ကြပ်ကြီးတယောက်ကို မူးယစ်ဆေးဝါးတွေနဲ့ ဖမ်းဆီးရမိထားတယ်။ တရားဥပဒေစိုးမိုးရေးကို အကောင်အထည်ဖော်နေကြသူတွေ ကိုယ်တိုင်က ရာဇဝတ်မှုတွေမှာ ပါ၀င်ပတ်သက်နေတော့ ပြည်သူ တွေက ဘယ်သူ့ကို အားကိုးရမလဲ။
အစိုးရသစ်အနေနဲ့ လက်တွဲလုပ်ဖို့ အဆင်မပြေသူတွေကို လက်တွဲဖြုတ်ခဲ့ပါ။ အလုပ်မဖြစ်သူတွေကို ရာဇဝင်ထဲမှာ ထားခဲ့ပါ။ အလုပ်မဖြစ်သူတွေနဲ့ လက်တွဲလုပ်ဆောင်ရတဲ့အခါ ရှေ့ရောက်သင့်သလောက် မရောက်ဘူး။ အားလုံးတက်ညီလက်ညီလုပ်ကြရမယ့် အချိန်အခါကောင်းမှာ ကဖျက်ယဖျက် ဘယ်သူလုပ်သလဲဆိုတာ ရှင်ကြီးဝမ်းရော ရှင်ငယ်ဝမ်းပါ နေဖူးသူ ပြည်သူအများအဖို့ သိမြင်နေကြပါပြီ။
(သန်းနိုင်ဦးသည် မန္တလေးအခြေစိုက် သတင်းစာဆရာ ဖြစ်သည်)