၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီဖွဲ့ချုပ်က သမိုင်းဝင်အောင်ပွဲရပြီးနောက် နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ၎င်း၏ အမေရိကန်ပြည်ထောင်စုသို့ ပထမဆုံး ခရီးစဉ်အတွင်း အမေရိကန်စစ်တပ်နှင့် မြန်မာ စစ်တပ်တို့ အကြား ပူးပေါင်းဆောင်ရွက်မှု ပြန်လည်ထူထောင်ရန် နိုင်ငံတကာကျွမ်းကျင်သူ ပညာရှင်များနှင့် အမေရိကန် မူဝါဒ ချမှတ်သူများကို တောင်းဆိုခဲ့ကြသည်။
ယင်းသို့ စစ်ဘက်အချင်းချင်း ဆက်ဆံရေး ထောက်ခံအကြံပြုချက်မှာ အကြောင်းရင်း ၂ ခုပေါ်တွင် အခြေခံသည်။ ပထမအချက်မှာ အမေရိကန်စစ်တပ်၏ လမ်းညွှန်မှုသည် မြန်မာစစ်တပ်ကို စစ်တပ်ပီသသော တပ်ဖွဲ့ ဖြစ်သွားစေနိုင်ပြီး နိုင်ငံရေးမှ ဆုတ်ခွာသွားစေနိုင်သည်။ ဒုတိယအချက်မှာ အမေရိကန်နှင့် အခြားသော ဒီမိုကရက်တစ် မဟာမိတ်များ ထိတွေ့ ဆက်ဆံခြင်းသည် စစ်တပ်အပေါ် တရုတ်သြဇာ လွမ်းမိုးမှုကို လျော့ကျစေနိုင်သည် ဟူသော အချက်များ ဖြစ်သည်။
မြန်မာနိုင်ငံတွင် ပြုပြင်ပြောင်းလဲရေးမှာ ခရီးဆက်နေရဆဲသာ ဖြစ်သည်။ အရပ်သားအစိုးရ ဦးစီးဦးဆောင်ပြနေသည့် အနေအထားတွင် ရှိကောင်းရှိနေမည် ဖြစ်သော်လည်း စစ်တပ်သည် ကြီးမားသော အာဏာကို ရယူထားဆဲ ဖြစ်သည်။ အရပ်သားအစိုးရသည် စစ်ဘက်၏ သဘောတူညီမှု မပါဘဲ နဂိုကတည်းက ဒီမိုကရေစီမကျသော ၂၀၀၈ ဖွဲ့စည်းပုံကို မပြုပြင်နိုင်ပေ။
ပြည်ထောင်စုအဆင့်နှင့် ဒေသအဆင့် ၂ ခုစလုံး၌ပင် အနည်းဆုံး၂၅ ရာခိုင်နှုန်းသော လွှတ်တော်နေရာများကို စစ်တပ်ကိုယ်စားလှယ်များ အတွက် သီးခြား ထားပေးနေရသည်။ စစ်တပ်သည် ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထဲရေး ဝန်ကြီးဌာနနှင့် နယ်စပ်ရေးရာ ဝန်ကြီးဌာနသုံးခုတို့ကို တိုက်ရိုက် ထိန်းချုပ်ထားသည်။ စစ်အုပ်ချုပ်ရေး ကာလအတွင်း အရပ်ဘက် အုပ်ချုပ်ရေးကို အစားထိုးနေရာယူသည့် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနသည် စစ်တပ်၏ အမိန့်အာဏာအောက်တွင် ရှိနေဆဲ ဖြစ်ပြီး တိုင်းပြည်၏ နေရာအားလုံးမှ အသေးငယ်ဆုံး အုပ်ချုပ်ရေး ယူနစ် အတိုင်းအတာများကိုပင် ဆုုံးဖြတ်ချက် ချပိုင်ခွင့် ထိန်းချုပ်ထားသည်။
စစ်တပ်နှင့် တို်င်းရင်းသား လက်နက်ကိုင်အုပ်စုများ အကြား ပြင်းထန်သော တိုက်ပွဲများမှာ နိုင်ငံ၏ အလှမ်းကွာသောဒေသများတွင် ဆက်လက် ဖြစ်ပေါ်နေပြီး လွန်ခဲ့သော လကုန်က ကျင်းပခဲ့သည့် ဒေါ်အောင်ဆန်းစုကြည်၏ ၂၁ ရာစု ပင်လုံ ညီလာခံ အပါအဝင် မြန်မာနို်င်ငံ၏ ငြိမ်းချမ်ရေး လုပ်ငန်းစဉ်အပေါ် မရေရာမှုများ အကြီးအကျယ် လွှမ်းမိုးနေသည်။
စစ်ဘက်-အရပ်ဘက် ဆက်ဆံရေးနှင့် လူမျိုးစု-စစ်ဘက် ဆက်ဆံရေးမှာ မြန်မာနိုင်ငံ၏ အကူးအပြောင်း ကာလနိုင်ငံရေးတွင် အဓိက ပြဿနာများ ဖြစ်ကြသည်။ မြန်မာနိုင်ငံ အနေဖြင့် ဒီမိုကရေစီ အပြည့်အဝ ရရှိရန် စစ်ဘက်ဆက်ဆံရေးများကို ဒီမိုကရေစီ သဘောတရားများနှင့် အညီ ပြန်လည် ပြုပြင်တည်ဆောက်ရန် လိုသည်။
စစ်ဘက် ပြုပြင်ပြောင်လဲရေး လမ်းကို ပိတ်ဆို့နေသော အကြောင်းရင်းခံ ၃ ခု ရှိသည်။ သဘောတရားရေး သွတ်သွင်းခြင်း (indoctrination)၊ မဏ္ဍိုင် အဖွဲ့အစည်းဆိုင်ရာ စိန်ခေါ်မှုများ (institutional challenges) နှင့် နိုင်ငံရေးစိန်ခေါ်မှုများ (political challenges) တို့ဖြစ်သည်။
သဘောတရားရေးသွတ်သွင်းခြင်း
အာဏာရှင် စစ်အစိုးရက မြန်မာပြည်သူတို့၏ ကယ်တင်ရှင် ဖြစ်သည်ဟူသော အယူအဆကို တိုင်းရင်းသား လက်နက်ကိုင်အုပ်စုများ၏ ပြည်တွင်း ခြိမ်းခြောက်မှုနှင့် သမိုင်းဝင် ပြည်ပကျူးကျော်မှု (ဥပမာအားဖြင့် ကူမင်တန်) တို့မှ တဆင့် သွတ်သွင်း ထားသည်။ ဆ်ိုရှယ်လစ်ခေတ်တွင် မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီကို ဖွဲ့စည်းစဉ်နှင့် နောက်ပိုင်းတွင် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့၊ နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီတို့က စစ်တပ်ကို နိုင်ငံရေးဇာတ်သွင်းခဲ့သည်။ စစ်ဘက်မဏ္ဍိုင် အဖွဲ့အစည်းများနှင့် စစ်တက္ကသိုလ်များမှာ သဘောတရားရေး သွတ်သွင်းရာတွင် အရေးပါသည်။
မဏ္ဍိုင်အဖွဲ့အစည်းဆိုင်ရာ စိန်ခေါ်မှုများ
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ စံချိန်စံညွှန်းမီ တပ်မတော်အယူအဆ၏ လမ်းညွှန်မှုကြောင့် သိသာသော အတွင်းပိုင်း ပြုပြင်ပြောင်းလဲမှုများ ရှိစေကာမူ စစ်တပ်သည် စစ်တပ်မပီသဟု ကျယ်ကျယ်ပြန့်ပြန့် ယူဆကြပြီး အရပ်သားအုပ်ချုပ်မှုကို မထေမဲ့မြင် လုပ်ခြင်း၊ လျှော့ရဲသောကျင့်ဝတ်နှင့် လူ့အခွင့်အရေး ချိုးဖောက်မှုများ အတွက် ဝေဖန်ခံနေရသည်။ အထူးသဖြင့် တိုင်းရင်းသား လူမျိုးစုဒေသများတွင် အငြင်းပွားဖွယ်ရာ ဖမ်းဆီးမှုများနှင့် လူ့အခွင့်အရေး ချိုးဖောက်မှုများမှာ အထူး စိုးရိမ်စရာ ဖြစ်သည်။ မကြာသေးမီက အရပ်သားများကို သတ်ဖြတ်ခြင်း အတွက် အပြစ်ရှိသည် ဟု ဆုံးဖြတ်ပြီး လူသိရှင်ကြား ထောင်ဒဏ်ချမှတ်ခြင်းမှာ လွန်စွာ အပြုသဘောဆောင်သကဲ့သို့ လွန်စွာ ထူးကဲသော ကိစ္စလည်း ဖြစ်သည်။
နို်င်ငံရေး စိန်ခေါ်မှုများ
မြန်မာ့တပ်မတော်သည် ၎င်း၏ နိုင်ငံရေး အခန်းကဏ္ဍကို ဆက်လက် ကိုင်စွဲမည်ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က သူ၏ မိန့်ခွန်းများတွင် ထပ်မံ အတည်ပြု ပြောကြားနေသည်။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေသည်လည်း အုပ်ချုပ်ရေးတွင် စစ်တပ်၏ သြဇာကြီးလှသော အခန်းကဏ္ဍကို အာမခံချက် ပေးထားသည်။ စစ်တပ်သည် ယခင်စစ်အစိုးရက ဖွဲ့စည်းခဲ့သော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ တဆင့်နိုင်ငံရေး အရ လှုပ်ရှားနေသေးသည်။ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲ အကြိုကာလက စစ်ဘက်ထိပ်တန်း အရာရှိများသည် ထိုပါတီသို့ ဝင်ရန် အတွက် အနားယူချိန် မတိုင်မီ စစ်ဘက်မှ အငြိမ်းစား ယူခဲ့ကြသည်။ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီသည် စစ်ဘက်မှ အငြိမ်းစားအရာရှိများ အတွက်နေရာများ ချန်လှပ်ထားသည်ဟု မကြာသေးမီက သတင်းများတွင် ဖော်ပြကြသည်။
ဤပြဿနာများကို ဖြေရှင်းရန်နှင့် စစ်တပ်ကို ပြုပြင်ပြောင်းလဲရန် အတွက် ကျယ်ပြန့်သော ဗျူဟာနှင့် နိုင်ငံရေး အသိုင်းအဝန်း၊ လူမှုအခြေပြု အဖွဲ့အစည်းများနှင့် နိုင်ငံတကာ အသိုင်းအဝိုင်းတို့၏ ပူးပေါင်းဆောင်ရွက်မှု လိုသည်။ နိုင်ငံတကာ အသိုင်းအဝိုင်း အထူးသဖြင့် ဒီမိုကရေစီနိုင်ငံများသည် စစ်အာဏာရှင်စနစ်၏ အမွေအနှစ် ဝန်ထုပ်ဝန်ပိုးများကို ထမ်းနေရသော စစ်တပ်ကို စစ်တပ်စစ်စစ် ပီသစေရန် လုပ်ဆောင်ရာတွင် အရေးပါသည်။
စစ်ဘက်ချင်း ထိတွေ့ဆက်ဆံမှုသည် တခါက အထီးကျန်ဖြစ်ခဲ့သော မြန်မာစစ်တပ်ကို ဒီမိုကရေစီလူ့အဖွဲ့အစည်းတွင် စစ်တပ်၏ အခန်းကဏ္ဍ၊ ရပိုင်ခွင့်များနှင့် တာဝန်ဝတ္တရားများကို နားလည်စေရန် ပြုလုပ်ပေးနိုင်သော ကိရိယာများ အနက်တခုသာ ဖြစ်သည်။ သို့သော် ထိုကိရိယာမှာ ရွေးချယ်စရာ တခုသာ ဖြစ်ပြီး အထက်တွင် ဖော်ပြထားသကဲ့ သို့စစ်မှန်သော အပြောင်းအလဲများသည် ကြီးမားကျယ်ပြန့်သည့် ပြဿနာ၏ ဖြေများ မဟုတ်ကြပေ။
ယခင်ကမူ စစ်တပ်သည် အမေရိကန်စစ်ဘက်နှင့် ကောင်းမွန်သော ဆက်ဆံရေး ရှိကာ ဗိုလ်ချုပ်နေဝင်း အုပ်ချုပ်ရေးအောက်တွင် အကူအညီ အများအပြား ရရှိခဲ့သည်။ ထိုစစ်အစိုးရသည် ၁၉၈၈ ခုတွင် အပြစ်မဲ့ ပြည်သူများကို ရက်စက်ကြမ်းကြုတ်စွာ ဖြိုခွဲပြီး နိဂုံးချုပ်ခဲ့ကာ ပိုမို ရက်စက်ကြမ်းကြုတ်သော စစ်အစိုးရသို့ ဦးတည်စေခဲ့သည်။ ထိုင်း၊ အီဂျစ်နှင့် တူရကီမှ အာဏာသိမ်းပွဲများနှင့် အာဏာသိမ်းရန် အားထုတ်မှုများသည်လည်း အမေရိကန်၏ စစ်ဘက်ချင်း ဆက်ဆံရေး များ၏ အကြိမ်ကြိမ် ကျဆုံးမှုများကို မီးမောင်းထိုးပြနေသည်။ အကြိမ်ကြိမ် ပေါ်လာသော အကြောင်းအရာမှာ တောင့်တင်း ကြ့ံခိုင်သော အရပ်သား ကြီးကြပ်မှု ကင်းမဲ့နေခြင်း ဖြစ်နေသည်။
အကူးအပြောင်း ကာလ နိုင်ငံရေးတွင် စစ်ဘက် အရပ်ဘက် ဆက်ဆံရေးကို ပြန်လည် တည်ဆောက်ရေး အတွက်အဓိက ဦးတည်ချက်မှာ စစ်ဘက်အပေါ် အရပ်ဘက် ကြီးကြပ်မှု ထူထောင်ရေး ဖြစ်သည်။ သို့ဖြစ်၍ ကျွမ်းကျင်သူများ အနေဖြင့် စစ်ဘက်ဆက်ဆံရေးကို ပြန်လည် ထူထောင်ရန် အတွေးအခေါ်ကို အကြံပြုသော အခါတိုင်း စစ်ဘက်အမြင်ကို မျှသာမက အရပ်ဘက် အမြင်ကိုလည်း ထည့်သွင်း စဉ်းစားရန် လိုသည်။
ဤအချက်မှာ အရပ်ဘက် နိုင်ငံရေးနှင့် လူမှုအခြေပြု အသိုင်းအဝန်းများ အင်အားတောင့်တင်း အပေါ်စီးရရေးဟု အဓိပ္ပာယ်ရသည်။ ဤအချက်သည် မြန်မာနိုင်ငံကဲ့သို့သော အကူးအပြောင်းကာလထဲ ရောက်နေသောနိုင်ငံများအတွက် အထူးလိုသည်။ မြန်မာနိုင်ငံတွင် ထွန်းသစ်စ နိုင်ငံရေး အသိုင်းအဝန်းနှင့် ကာလရှည်ကြာစွာ ဖိနှိပ်ခံခဲ့ရသော လူမှုအခြေပြု အဖွဲ့အစည်းများသည် စစ်ဘက်၏ မဏ္ဍိုင် အဖွဲ့အစည်းများကို ကြီးကြပ်ရန် မဆိုထားနှင့် ယှဉ်ပြိုင်နိုင်ရန်ပင် စွမ်းရည် ကင်းမဲ့နေသည်။
ထို့ကြောင့် အမေရိကန်နှင့် မြန်မာ အကြား စစ်ဘက်ဆက်ဆံရေးသစ် အဆိုပြုချက်များမှာ ရွေးကောက်ခံ အရပ်သား အစိုးရမှ တဆင့်သွားရမည်။ ထို့ကြောင့် ထိုဆက်ဆံရေးကို ပြန်လည် စတင်ရန် အကောင်းဆုံုး နည်းလမ်းမှာ အစိုးရ၊ အရပ်သား နိုင်ငံရေးသမားများနှင့် လူမှုအခြေပြု အဖွဲ့အစည်းများနှင့် လူမျိုးစု အသိုင်းအဝန်းများနှင့် အသိတရား ရှိရှိ ညှိနှိုင်းဆွေးနွေးခြင်းများ လိုအပ်နေသည်။
ပထမအဆင့် ပူးပေါင်း ဆောင်ရွက်ခြင်းသည် ဒီမိုကရေစီ၊ လူ့အခွင့်အရေး လေးစားမှု၊ စစ်ဘက် တရားစီရင်ရေး၊ စစ်ဘက်အပေါ် အရပ်သား ထိန်းချုပ်မှုနှင့် လူသားချင်း စာနာမှုနှင့် ငြိမ်းချမ်းရေး ထိန်းသိမ်းမှု သင်တန်းများကို အာရုံစိုက်သင့်သည်။
ထိုလေ့ကျင့်သင်တန်းပေးမှုကို စစ်ဘက်အတွက် မျှသာ မရည်ရွယ်ဘဲ စစ်ဘက် အရပ်ဘက် စွမ်းရည်ညီမျှစေရန်နှင့် ကာကွယ်ရေးနှင့် လုံခြံုရေး ကိစ္စများတွင် အရပ်သားများ၏ ကျွမ်းကျင်မှု တိုးတက်စေရန် ရည်ရွယ်ပြီး ထိုအစီအစဉ်များတွင်စစ်ဘက်မှ ဝန်ထမ်းများနှင့် အတူ နိုင်ငံရေးနှင့် လူမှုအခြေပြု အဖွဲ့အစည်းဝင်များကိုလည်း ပါဝင်စေသင့်သည်။
အမေရိကန်နှင့် မြန်မာအကြား စစ်ဘက်ချင်း ဆက်ဆံရေးကို စဉ်းစားသောအခါ လုပ်ဆောင်ရန် များစွာ ရှိနေသည်မှာသေချာပါသည်။ သို့သော် အစီအစဉ်များကို မည်သို့ ချမှတ်ထားစေကာမူ ဦးစားပေးများမှာ စစ်တပ်အပေါ် အရပ်သားလွှမ်းမိုးမှု၊ အရပ်သားကြီးကြပ်မှုနှင့် အရပ်သားထိန်းချုပ်မှုတို့သာဖြစ်ရပါမည်။ ။
(ကိုရဲသည် ရန်ကုန်ခြေစို်က် မြန်မာစစ်ဘက် အရပ်ဘက် ဆက်ဆံရေးကို စောင့်ကြည့် လေ့လာနေသော တကောင်း နိုင်ငံရေးလေ့လာမှုသိပ္ပံ၏ အမှုဆောင်ဒါရိုက်တာ ဖြစ်သည်။)