“ဘယ်တော့ စားရမှာလဲ” လို့ အမေးခံရတဲ့ အပျိုကြီးတွေ၊ အမျိုးသမီးတွေဟာ အဲ့ဒီ မေးခွန်းကို နှစ်သက် သဘောကျတယ် လို့ ထင်ရင် မှားသွားပါလိမ့်မယ်။ အဲဒီလို အမေးဟာ သူတို့ကို ခနဲ့နေတယ် လို့ ခံစားရတဲ့ အကြောင်း ရင်းနှီးတဲ့သူတွေက ကျမကို ပြောဖူးပါတယ်။ ဒါပေမယ့် အိမ်ထောင်မပြုသေးတဲ့ အမျိုးသမီးတွေ ကျမတို့ နိုင်ငံမှာ များလာနေတာလည်း အမှန်ပါပဲ။
၂၀၁၄ ခုနှစ် မြန်မာနိုင်ငံ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း အရ အိမ်ထောင် မပြုဖူးတဲ့ အမျိုးသမီး အချိုးအစား သိသိသာသာ မြင့်မားနေတယ် လို့ သိရပါတယ်။ မြန်မာနိုင်ငံမှာ ၁၉၅၀ ပြည့်နှစ်များက ကလေးမွေးဖွားနှုန်း အနည်းဆုံး ၅ ဦးခန့်အထိ ရှိခဲ့ပေမယ့် နောက်ပိုင်း တဖြည်းဖြည်း ကျဆင်းကြောင်း၊ အထူးသဖြင့် ပညာတတ်အသိုင်းအဝိုင်းနဲ့ မြို့နေလူတန်းစားတွေဟာ ကလေးမယူကြတော့ဘဲ ယူရင်လည်း အများဆုံး ၂ ဦးသာ ယူကြတော့တယ်လို့ မကြာခင်က နေပြည်တော်မှာ ထုတ်ပြန်ခဲ့တဲ့ မွေးဖွားခြင်းနှင့် လက်ထပ်ထိမ်းမြားခြင်း သုတေသန စာတမ်းမှာ ဖော်ပြသွားပါတယ်။
ပြည်သူ့အင်အား ဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါက်တာ ခိုင်ခိုင်စိုးက “အိမ်ထောင်ကျဖူးသူတွေရဲ့ ကလေးမွေးနှုန်းနဲ့ စုစုပေါင်း အမျိုးသမီး အားလုံးကို အခြေခံတဲ့ ကလေးမွေးနှုန်း ဘာလို့ကွာလဲဆိုရင် ကျမတို့နိုင်ငံမှာ Never Married Proportion လို့ ခေါ်တဲ့ အိမ်ထောင်မကျတဲ့ အမျိုးသမီးတွေရဲ့ ရာခိုင်နှုန်းက အလွန်အမင်းများနေလို့ပါ”လို့ ပြောခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ ကလေးမွေးဖွားနှုန်း ကျဆင်းနေလို့ လူဦးရေ ထိန်းညှိနိုင်ဖို့ အတွက် “လူဦးရေ မူဝါဒ” တရပ်ကို ရေးဆွဲ ပြဋ္ဌာန်းဖို့ အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနက ပြင်ဆင်နေတယ် ဆိုတဲ့ သတင်းကိုပါ ဖတ်ရှုရတဲ့ အခါ တွေးတောစရာတွေ တသီကြီး ပေါ်လာမိပါတယ်။ အခုလို ကလေး မွေးဖွားနိုင်တဲ့ အရွယ်အတွင်းက အမျိုးသမီးတွေ အိမ်ထောင် မပြုကြတာဟာ နိုင်ငံရဲ့ စီးပွားရေး၊ လူမှုရေး၊ တရားဥပဒေ စိုးမိုးရေးတို့နဲ့ ဆက်စပ်နေပါတယ်။
အိမ်ထောင် ပြုလိုက်တဲ့ အမျိုးသမီးတယောက်၊ တနည်းအားဖြင့် အိမ်ရှင်မတယောက်ဟာ ခေတ်ကာလ အခြေအနေအရ လင်ယောက်ျားရဲ့ ဝင်ငွေတခုတည်း အပေါ်မှာ မှီခိုရပ်တည်နေလို့ မရတော့ပါဘူး။ အိမ်အလုပ်တွေလည်း လုပ်ရသလို အပြင်ထွက်ပြီး မိသားစု အတွက်ပါ ဝင်ငွေရှာရပါတယ်။ ကလေးတယောက် မွေးဖွားလာရင် မြို့ပြမှာ အထူးကုဆေးခန်း တခုမှာ မွေးရင် မွေးဖွားစရိတ် ၁၀ သိန်းကနေ ၁၅ သိန်းကြား ရှိပါတယ်။ ကလေးကို ပြုစုစောင့်ရှောက်ဖို့ လူခွဲမရှိရင် မိန်းမဖြစ်သူကပဲ အနစ်နာခံပြီး အလုပ်က ထွက်ရတာ များပါတယ်။ ကလေးတယောက် လူလားမြောက်အောင် ပြုစု စောင့်ရှောက်ရတာကလည်း အရင်ကထက် ပိုပြီး ခက်ခဲပင်ပန်းလာတာ အမှန်ပါ။ ကျောင်းနေအရွယ် ကလေးတွေ ရှိရင် ကျောင်းစရိတ်၊ ကျူရှင်စရိတ်၊ ကျောင်းကား စရိတ်တွေ ရှိလာပါတယ်။
ပညာတတ်တဲ့ တချို့ အမျိုးသမီးတွေဆိုရင် အိမ်ထောင်ရေးကို ပိုပြီး စဉ်းစားလာကြသလို “ငါ့ဘာသာငါပဲ အေးအေးဆေးဆေး နေတော့မယ်၊ အပူ မရှာတော့ဘူး” ဆိုတဲ့ စိတ်ဝင်လာပါတော့တယ်။ သူတို့ တွေးရင်လည်း တွေးလောက်စရာ ကောင်းအောင် ကျမတို့ ပတ်ဝန်းကျင်မှာ စံပြုနိုင်တဲ့ ခင်ပွန်းကောင်းတွေ ရှားပါးလာနေတာကလည်း အကြောင်းတချက်အနေနဲ့ ပါဝင်နေတာပါ။ တချို့ ယောက်ျားတွေဆိုရင် သောက်စားတတ်ရုံတင် မကသေးဘဲ မိန်းမဖြစ်သူကို ကိုယ်ထိလက်ရောက် ရိုက်နှက်တာကိုပါ တွေ့ဖူးပါတယ်။
အမျိုးသမီးတွေဘက်က ကြည့်ရင် အရက်သောက်တတ်တဲ့ ယောက်ျား၊ ဆေးလိပ်သောက်တတ်တဲ့ ယောက်ျားနဲ့ အိမ်ထောင်ကျရင်တောင် မူးယစ်ဆေး မသုံးတတ်တာ တော်ပါသေးရဲ့လို့ ဖြေသိမ့်ရတဲ့ အနေအထားပါ။ တချို့ ယောက်ျားတွေကျ အရက်သောက်ရုံတင်သာမက KTV တွေ သွားပြီး ငွေဖြုန်းတာတွေပါ ရှိနေပြီး အိမ်မက မိန်းမ ဘာနဲ့စားစား ဘာနဲ့သုံးသုံး ဂရုမစိုက်ဘူး ဆိုတဲ့ သူတွေလည်း အများကြီးပါ။ ခင်ပွန်းဖြစ်သူက နှိပ်စက်လွန်းလို့ ကွာရှင်းချင်ရင်တောင် သား၊ သမီး မျက်နှာ ထောက်နေရတာ၊ ပတ်ဝန်းကျင်က “တခုလပ်” လို့ သတ်မှတ်မှာကို စိုးရွံနေတာတွေက အဟန့်အတား ဖြစ်နေပါသေးတယ်။
တဖက်ကလည်း မြင့်မားလှတဲ့ ကုန်ဈေးနှုန်းတွေကြောင့် ကလေးမွေးဖွားနှုန်း လျော့ကျလာတာလည်း ပါဝင်ပါတယ်။ မြန်မာနိုင်ငံမှာ တဦးချင်းဝင်ငွေ လျော့နည်းနေသေးပေမယ့် နေစရိတ်၊ စားစရိတ်တွေက ခေါင်ခိုက်နေတာကြောင့် ကလေး ၂ ယောက်ထက် ပိုယူဖို့ အလိုလို နောက်တွန့်သွားပါတယ်။ ကျေးလက်ဒေသတွေမှာ ၂ ယောက်ထက် ပိုပြီး ကလေး မွေးဖွားတာတွေ ရှိပေမယ့် လုံလောက်တဲ့ ကျန်းမာရေး စောင့်ရှောက်မှု မရှိတာ၊ သားဖွားဆရာမ လုံလုံလောက်လောက် မရှိတာကြောင့် မိခင်နဲ့ ကလေး သေဆုံးမှုနှုန်းထားက မြို့ပြထက် မြင့်မားနေပါတယ်။
နိုင်ငံတနိုင်ငံ အတွက် Human Resource လု့ိ ခေါ်တဲ့ လူ့စွမ်းအား အရင်းအမြစ် လိုအပ်နေတာ ငြင်းမရပါဘူး၊ လူဦးရေ ထိန်းညှိနိုင်ဖို့ နိုင်ငံတော်ဘက်က ထောက်ပံ့ကူညီမှုတွေ လုပ်ဆောင်ပေးဖို့ လိုပါတယ်။ အလုပ်အကိုင် အခွင့်အလမ်းတွေ များနေမှ၊ စီးပွားရေးဖွွံှဖြိုး တိုးတက်မှုရှိမှ အိမ်ထောင်ပြုချင်တဲ့ အမျိုးသား၊ အမျိုးသမီးတွေ များလာမှာပါ။ အိမ်ထောင်စု တစုကနေ မွေးလာတဲ့ ကလေးတိုင်း အတွက် ခွဲခြားဆက်ဆံ မခံရစေဖို့ ကလည်း အရေးကြီး ပါတယ်။ ကလေးတွေ လူတလုံး သူတလုံး ဖြစ်လာစေဖို့ ကလေးတိုင်း ကျောင်းနေနိုင်အောင် အစိုးရက လုပ်ဆောင်ပေးရမှာ ဖြစ်သလို ကလေးယူတဲ့ အမျိုးသမီးတိုင်း အတွက် ငွေကြေးထောက်ပံ့မှုတွေ ပေးသင့်ပါတယ်။
အရက်သေစာ သောက်သုံးမှု၊ အိမ်တွင်း အကြမ်းဖက်မှုတွေ လျော့ကျစေဖို့ “တရားဥပဒေ စိုးမိုးရေး” က အခရာကျပါတယ်။ အိမ်ထောင်ဦးစီးက အရက်လေးတမြမြ၊ လင်နဲ့ မယားရန်ဖြစ်ကြတာကို ကြည့်ပြီး စိတ်ဒဏ်ရာရတဲ့ ကလေးတွေ ရှိနေတာ မမေ့သင့်ပါဘူး။ စီးပွားရေး အဆင်မပြေတဲ့ မိဘတွေဟာ သား၊ သမီးတွေရဲ့ အနာဂတ်ကို အကောင်းဆုံးဖန်တီးပေးနိုင်မှာ မဟုတ်ပါဘူး။ ပတ်ဝန်းကျင်မှာ တာဝန်မကျေတဲ့ ယောက်ျားတွေ တွေ့ရင်၊ ကိုယ့်အစ်မ၊ ကိုယ့်ညီမတွေ အိမ်ထောင်ရေး ကံမကောင်းတာကို တွေ့ရင် ကိုယ်တိုင်လည်း အိမ်ထောင်ပြုချင်စိတ် ကုန်ခန်းသွားမှာ သဘာဝပါပဲ။
နိုင်ငံမှာ အိမ်ထောင်မပြုသေးတဲ့ အမျိုးသမီးတွေ များနေတော့ လူဦးရေ လျှော့ပါးကျဆင်းလာတာပေါ့။ သာယာချမ်းမြေ့တဲ့ မိသားစုဘဝတွေကို အမျိုးသမီးတွေ ဖန်တီးနိုင်ဖို့ အခွင့်အလမ်းတွေ အစိုးရအနေနဲ့ လုပ်ဆောင် ပေးနိုင်မယ်ဆိုရင် ဒီကိစ္စ တစိတ်တပိုင်း ပြေလည်စရာ ရှိပါတယ်။ ဒါပေမယ့် မောင်တထမ်းမယ်တရွက် မိသားစုဘဝ တာဝန်ကို ငြင်းပယ်တတ်သူ ယောကျ်ားတွေ ရှိနေသမျှ အပျိုကြီးတွေ ရှိနေမှာ မြေကြီးလက်ခတ် မလွဲပါဘူး။ ဒါ့ကြောင့် “အပျိုကြီး” “အပျိုကြီး” ဆိုပြီး ခဏခဏ ခလုတ်တိုက် မနေကြပါနဲ့လို့ ဒီနေရာက ပြောလိုက်ပါရစေ။
(သွေး(စစ်ကိုင်း)သည် ရန်ကုန်အခြေစိုက် စာရေးဆရာမတဦး ဖြစ်သည်)