မြန်မာ့တပ်မတော် ကာကွယ်ရေးဦးစီချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် သြစတြီးယား၊ ဂျာမဏီတို့သို့ တပတ်ကြာသွားရောက်ပြီးနောက် တနင်္ဂနွေနေ့က ပြန်လည်ဆိုက်ရောက်ချိန် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကလည်း အီတလီ၊ ယူနိုက်တက် ကင်းဒမ်းနှင့် ဥရောပသမဂ္ဂဌာနချုပ် ဘရပ်ဆဲလ်တို့သို့ စတင် ထွက်ခွာခဲ့သည်။ မြန်မာ စစ်ဘက်ခေါင်းဆောင်နှင့် နိုင်ငံရေးခေါင်းဆောင်တို့ ၂ ဦးစလုံး ဥရောပသို့ မရှေးမနှောင်း ခရီးထွက်ကြသည်။ ဒေါ်အောင်ဆန်းစုကြည်ဆိုလျှင် အမေရိကန်နဲ့ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ တွေ့ဆုံမှုကိုပင် လူစားထိုးပြီး ဥရောပခရီးစဉ်ကို ဦးစားပေး ရွေးချယ်သွားခဲ့သည်။
ထိုခရီးစဉ်များမှာ မကြာသေးမီက စစ်တပ်နှင့် လုံခြုံရေးတပ်ဖွဲ့များက ကျူးလွန်သည်ဟု စွပ်စွဲထားသည့် မြန်မာနိုင်ငံမှ အထူးသဖြင့် ရခိုင်ပြည်နယ်မှ လူ့အခွင့်အရေး ချိုးဖောက်မှု စွပ်စွဲချက်များနှင့် ပတ်သက်၍ အခြေအနေနှင့် အချက်အလက်များကို အတည်ပြုနိုင်ရေး နိုင်ငံတကာာ အချက်အလက် ရှာဖွေရေး အဖွဲ့တခု ထူထောင်ရန် ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ၌ ဥရောပသမဂ္ဂက ကမကထပြုသော ဆုံးဖြတ်ချက်အပြီး ဖြစ်လာခဲ့ခြင်းဖြစ်သည်။
ဘရပ်ဆဲလ်သို့ ရောက်လျှင်ရောက်ချင်း ဒေါ်အောင်ဆန်းစုကြည်သည် ဥရောပသမဂ္ဂ အဆင့်မြင့်ကိုယ်စားလှယ် ဖယ်ဒရိကာ မိုဂါရီနီနှင့် အတူတကွ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ရာတွင် “ကျမတို့ အနေနဲ့ ဒီ ဆုံး ဖြတ်ချက်နဲ့ ပတ်သက်လို့ ပူးပေါင်းဆောင်ရွက်မှု ပြုမှာ မဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ဒီဆုံးဖြတ်ချက်က လက်တွေ့ မှာ ဖြစ်ပေါ်နေတဲ့ အခြေအနေမှန်တွေနဲ့ ကိုက်ညီတဲ့ နည်းလမ်း မဟုတ်လို့ပါ” ဟု ပြောဆိုပြီး ရခိုင်အရေးနှင့်ပတ်သက်၍ အစိုးရနှင့် တပ်မတော်တို့ ကိုင်တွယ်ဆောင်ရွက်နေပုံများအား ကာကွယ်ပြောကြားသည်။ ဥရောပခရီးစဉ်တလျှောက်လုံး နိုဘဲလ် ငြိမ်းချမ်းရေး ဆုရှင် ဒေါ်အောင်ဆန်းစုကြည်ကို အဆိုပါ လူ့အခွင့်အရေးချိုးဖောက်မှု မေးခွန်းများက စောင့်နေခဲ့ကြသည်။
နှိုင်းယှဉ်ရလျှင် လူ့အခွင့်အရေး ချိုးဖောက်မှု စွပ်စွဲချက်များအရ ကျူးလွန်သည်ဟု ယူဆနေကြသည့် မြန်မာ့တပ်မတော်၏ အကြီးဆုံး တာဝန်ခံ ဖြစ်သူ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ခရီးစဉ်မှာမူ အနှောင့်အယှက်မရှိ ဖြစ်ခဲ့သည်။ ဩစတြီးယားတွင် လက်နက်ကုမ္ပဏီများသို့သွားရောက်ပြီး ထိပ်တန်းစစ်ဘက်နှင့် ကာကွယ်ရေးအရာရှိများနှင့် တွေ့ဆုံကာ DA-62 အပေါ့စားလေယာဉ်ကိုပင် စီးလိုက်သေးသည်။ ဂျာမဏီတွင်လည်း ဂျာမန်စစ်တပ်အကြီးအကဲ ဗိုလ်ချုပ်ကြီး ဗော်လ်ကာဝိတ်ကာ က ၂ နိုင်ငံ စစ်တပ်များ အချင်းချင်း ဆက်ဆံရေး ပြန်လည်ကောင်းမွန်ချင်ကြောင်း ပြောဆိုပြီး ၁၉၇၀ ခုနှစ်များကပင် မြန်မာနိုင်ငံ ငွေစက္ကူပုံနှိပ်လုပ်ငန်းကို နည်းပညာ အကူအညီပေးနေသော Gieseck and Derrient (G&D) Security Printing ကုမ္ပဏီတွင် ညစာ တည်ခင်းသည်။ လေယာဉ်စက်ရုံသို့လည်း သွားရောက်ပြီး ထောက်လှမ်းရေးနှင့် လေ့ကျင့်ရေးလေယာဉ်ငယ်ကို အထူးပြု လေ့လာသည်။ ရခိုင်ပြည်နယ်တွင် တိုက်ခိုက်မှုများ အပြင်းထန်ဆုံးကာလ နိုဝင်ဘာလကပင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ဥရောပသမဂ္ဂစစ်ရေးကော်မတီ အစည်းအဝေးတက်ရောက်ရန် ဘရပ်ဆဲလ်တွင် ရှိနေခဲ့သည်။
နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်လည်းဖြစ် နိုင်ငံခြားရေးဝန်ကြီးလည်း ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်သည် သူ၏ အစိုးရသစ် ဖော်ဆောင်လုပ်ကိုင်နေမှုများနှင့် မူဝါဒများကို ကာကွယ်ပြောဆိုရင်း ဥရောပရှိ နိုင်ငံရေးမိတ်ဆွေများကို ဆက်လက်စွဲဆောင်ရန် ကြိုးပမ်းသည်မှာ မဆန်းပေ။ အလားတူ ခေတ်မီပြီး အဆင့်အတန်းရှိသော လက်နက်ကိုင်တပ်မတော် ဖြစ်ထွန်းရေး ကြိုးပမ်းနေသော မြန်မာ့တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည်လည်း အနောက်နိုင်ငံရှိ တပ်မတော်များနှင့် ထိတွေ့ဆက်ဆံလိုပြီး သင့်တင့်မျှတပြီး စွမ်းရည်ထက်သော စစ်လက်နက်ပစ္စည်းများ ဝယ်ယူလိုသည့်ဆန္ဒမှာလည်း အံ့အားသင့်စရာ မဟုတ်ပါ။
ဥရောပသမဂ္ဂ၏ မြန်မာနိုင်ငံရေးရာ မူဝါဒ ရှင်းလင်းခြင်း မရှိခြင်းကသာ ဆန်းကျယ်နေပါသည်။ မြန်မာနိုင်ငံအပေါ် အရေးယူပိတ်ဆို့မှု အများစုကို ရုတ်သိမ်းပေးပြီးဖြစ်သော်လည်း လက်နက်ရောင်းချမှုအား ဆက်လက်ပိတ်ပင်ထားသည်မှာ ဧပြီလ ၃၀ ရက်နေ့တွင် သက်တမ်းကုန်ဆုံးပြီဖြစ်ရာ သက်တမ်း ထပ်တိုး မတိုး မရှင်းလင်းလှပါ။ ထို့ပြင် လူ့အခွင့်အရေး ချိုးဖောက်မှုများတွင် အဓိက မေးခွန်းထုတ်ရမည်သူကို မေးခွန်းထုတ် ဖိအားပေးမှုများမှ ကင်းလွတ်ခွင့်ပေးပြီး စစ်တပ်အပေါ် ဖွဲ့စည်းပုံအရ ထိန်းချုပ်နိုင်ခြင်း မရှိသော ဒီမိုကရေစီနည်းကျ ရွေးကောက်ခံခေါင်းဆောင်ကို ပစ်မှတ်ထား ဝေဖန်ဖိအားပေးခြင်းများသည် မြန်မာနိုင်ငံ အကူးအပြောင်းကာလ၏ ရှုပ်ထွေးမှုများအပေါ် ဥရောပသမဂ္ဂအနေဖြင့် အမှန်တကယ် နားမလည်ခြင်းလော သို့တည်းမဟုတ် ရည်ရွယ်ချက်ရှိရှိ စီစဉ်ပြုလုပ်ခြင်းလောဟု မေးခွန်းထုတ်စရာ ဖြစ်ခဲ့ရသည်။
အထက်ဖော်ပြပါ မြန်မာခေါင်းဆောင် ၂ ဦးအပေါ် ကွဲပြားခြားနားသည့် ကြိုဆိုဧည့်ခံပုံများသည် ဥရောပသမဂ္ဂ၏ မြန်မာပြည်တွင် လူ့အခွင့်အရေး ချိုးဖောက်မှုများအား အမှန်တကယ် ရပ်ဆိုင်းစေလိုပြီး အမှန်တရားကို ဖော်ထုတ်မှတ်တမ်းတင်လိုသည်ဟူသော စေတနာအား များစွာ မထင်ပေါ်စေတော့ပဲ ကံအကြောင်းမလှစွာ အဆီအငေါ် မတည့်သည့် ကြောင်သူတော် နိုင်ငံရေးကစားကွက်တခုသာ ဖြစ်သွားကြောင်း သုံးသပ်တင်ပြအပ်ပေသည်။