ဒုတိယအကြိမ် ၂၁ ရာစုပင်လုံ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံသည် ၂၀၁၇ ခုနှစ် မေလ ၂၄ ရက်တွင် စတင်ပြီဖြစ်သည်။ ညီလာခံတွင် NCA လက်မှတ်ထိုးထားသော အဖွဲ့၈ ဖွဲ့အပြင် NCA မထိုးရသေးသည့် မည်သည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များတက်မည်ဆိုသည်မှာ ညီလာခံမကျင်းပမီ တရက်အလိုထိ အများစိတ်ဝင်စားသည့် အ ကြောင်းအရာဖြစ်ခဲ့သည်။
ညီလာခံမတက်မီ နာရီပိုင်းအလိုတွင် သိရသည့် NCA မထိုးသေးသည့်အဖွဲ့များမှ တက်ရောက်ကြမည့်အဖွဲ့များမှာ ယေဘုယျ တွက်ချက်ထားသည့် UNFC မှ အဖွဲ့များမဟုတ်ဘဲ UWSA ကို ဗဟိုပြုထားသည့် မြောက်ပိုင်းမှအဖွဲ့ ၇ ဖွဲ့ဖြစ်နေသည်ကို တွေ့ရှိရပါသည်။
ညီလာခံမတိုင်မီ ရပ်တည်ဖော်ပြချက်များအရ မြောက်ပိုင်းမဟာမိတ်အဖွဲ့များအနေနှင့် ၎င်းတို့ဖွဲ့စည်းထားသော ပြည်ထောင် စုငြိမ်းချမ်းရေးဆွေးနွေးမှုကော်မတီအနေနှင့်သာ ဆွေးနွေးမည်ဟု ရပ်ခံထားပြီး ညီလာခံတွင် ပါဝင်ဆွေးနွေးခွင့်မရဘဲ အထူးဖိတ်ကြားထားသူအနေနှင့်သာ တက်ရောက်ခြင်းမပြု ဟူ၍ ဖြစ်သည်။
အလားတူပင် UNFC/ DPN အနေနှင့်လည်း ပါဝင်ဆွေးနွေးခွင့်မရှိဘဲ အထူးဖိတ်ကြားသူလေ့လာသူအဆင့်နှင့်ဆိုပါက မတက်ရောက်ဟု ထုတ်ပြန်ပြောဆိုထားခဲ့ကြသည်ဖြစ်သည်။ လက်တွေ့တွင် UNFC/ DPN အနေနှင့် ၎င်းတို့ရပ်တည်ချက်အတိုင်း အထူးဖိတ်ကြားသူအနေဖြင့် တက်ရောက်ခဲ့ ခြင်း မရှိပေ။ ၎င်းတို့အနေနှင့် ပါဝင်ဆွေးနွေးဆုံးဖြတ်ခွင့်မရှိသဖြင့် တက်ရောက်မည် မဟုတ်ကြောင်း ဖက်ဒရယ်ဒီမိုကရေ စီပြည်ထောင်စုကို ဦးတည်သည့် နိုင်ငံရေးတွေ့ဆုံပွဲများကို ကြိုဆိုထောက်ခံ ဝန်းရံပံ့ပိုးသွားမည်ဖြစ်ကြောင်း ညီလာခံမစမီ နာရီပိုင်းအလိုတွင် ကြေညာခဲ့သည်ကို တွေ့ခဲ့ရပြီး ညီလာခံသို့ တက်ရောက်ခဲ့ခြင်းမရှိပေ။
လွန်ခဲ့သော ၂ လခန့်က NCA ထိုးတော့မည်ဟု တစ်ပြေး ခန့်မှန်းခြင်းခံရသော UNFC အဖွဲ့ဝင် ၄ ဖွဲ့အနေနှင့် ညီလာခံတွင် ပါဝင်ခြင်းမရှိသည်မှာ ခန့်မှန်းတွက်ချက်ခဲ့ကြသည်များနှင့် ပြောင်းပြန်ဖြစ်ခဲ့ရသည်ဟု ဆိုရမည်။
ညီလာခံတွင် တက်နိုင်ခြေ နည်းသည်ဟု ယူဆထားခဲ့သော မြောက်ပိုင်း ၇ ဖွဲ့ကတော့ ညီလာခံမစမီ တရက်အလိုတွင် ညီလာခံတက်ရန် ဖြစ်ပေါ်လာခဲ့သည်။ ထိုအချင်းအရာသည် တရုတ်၏ကြားဝင်ညှိနှိုင်းမှုကြောင့်ဆိုခြင်းကို အားလုံး တွေ့ ရှိခဲ့ရသည်။
တရုတ်၏ကြားဝင်ညှိနှိုင်းမှု
ဒုတိယအကြိမ် ၂၁ ရာစုပင်လုံညီလာခံတွင် အထူးဖိတ်ကြားသူ ၉ ဖွဲ့ဖိတ်ကြားရာတွင် မြောက်ပိုင်း ၇ ဖွဲ့မှ UWSA/NDAA/ KIA/SSPP ၄ ဖွဲ့ပါဝင်ခဲ့သော်လည်း MNDAA/ TNLA/ AA အဖွဲ့၃ ဖွဲ့ ပါဝင်ခြင်းမရှိခဲ့ပေ။ ထိ့ုပြင် မြောက်ပိုင်းမဟာမိတ်များ က ၎င်းတို့ဖွဲ့စည်းထားသော ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှုကော်မတီအနေနှင့်သာ ဆွေးနွေးမည်ဟု ကြေညာထား ရာ အစိုးရအနေနှင့်လည်း ထိုကော်မတီအား ဦးတည်ဖိတ်ကြားခြင်းမရှိသဖြင့် ညီလာခံတက်ရန် ဖြစ်နိုင်ခြေနည်းပါးခဲ့သည်။
ထိုအချိန် တရုတ်သံတမန်များက နှစ်ဖက်ညှိနှိုင်းမှုများ ပြုလုပ်ခဲ့သည်ကို တွေ့ရသည်။ တဖက်ကလည်း တိုင်းရင်းသားအဖွဲ့ များအား ကော်မတီအနေနှင့် မဟုတ်တောင်မှ ၇ ဖွဲ့စလုံးအား ဖိတ်ကြားပါက တက်ရောက်ရန် အထူးဖိတ်ကြားသူအနေနှင့် ဖိတ်ကြားခြင်းကို လက်ခံရန် ညှိနှိုင်းနိုင်ခဲ့သည်။ ထိုအဖြေထွက်ရန် အကြိမ်ကြိမ် ညှိနှိုင်းခဲ့ရသည်ဟု ဆိုသည်။
ထို့အတူ တရုတ်သံတမန် မစ္စတာဆွန်ကော့ရှန်သည် ၂၀၁၇ မေလ ၂၂ ရက်နေ့ ညနေပိုင်းအထိ မြန်မာအစိုးရခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံညှိနှိုင်းခဲ့သည်။ သတင်းထုတ်ပြန်ခြင်းမရှိသော်လည်း တပ်မတော်ခေါင်းဆောင်နှင့်ပါ ညှိ နှိုင်းခဲ့ဖွယ်ရာရှိသည်ဟု သုံးသပ်ရသည်။
သို့နှင့် နောက်ဆုံးတွင် ညီလာခံတွင် ဖိတ်ကြားခြင်းမရှိသေးသော MNDAA/ TNLA/ AA အဖွဲ့ ၃ ဖွဲ့အား UPDJC ၏ ဖိတ် ကြားမှုသည် ၂၀၁၇ မေလ ၂၂ ရက်တွင် ထွက်ပေါ်လာခဲ့သည်။
၂၀၁၇ ခုနှစ် မေလ ၂၃ ရက်တွင် မြောက်ပိုင်း ၇ ဖွဲ့သည် နေပြည်တော်သို့ ညီလာခံတက်ရောက်ရန် ရောက်လာခြင်းသည် နှစ် ဖက်ရပ်တည်ချက်များအား ကြားဝင်ညှိနှိုင်းပေးမှုကြောင့်ဖြစ်သည်ကို တွေ့ရပေသည်။
PSLF/TNLA တအာင်း ပလောင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့၏ မေ ၂၃ ရက်ထုတ်ပြန်ချက်တွင်လည်းကောင်း ULA/ AA ရခိုင်တိုင်းရင်းသား လက် နက်ကိုင်အဖွဲ့၏ မေ ၂၃ ရက် ထုတ်ပြန်ချက်တွင်လည်းကောင်း တရုတ်အစိုးရ၏ တိုက်တွန်းမေတ္တာရပ်ခံချက်ကြောင့် ၎င်းတို့ အ နေနှင့် ညီလာခံတက်ရောက်လာကြောင်း ထုတ်ပြန်ထားသည်ကို တွေ့ရသည့်အပြင် အဆိုပါညီလာခံတွင် မည်သည့် သ ဘောတူညီချက်မှ လက်မှတ်ရေးထိုးမည်မဟုတ်ကြောင်း တွေ့ရှိရသည်။
လက်ရှိ တရုတ်၏ ကြားဝင်ညှိနှိုင်းမှုသည် ဆွေးနွေးပွဲစားပွဲပေါ်ရောက်အောင်နှင့် မျက်နှာချင်းဆိုင်နိုင်ရန် ပထမအဆင့် အ နေနှင့် စီစဉ်နိုင်ခဲ့သော်လည်း ရေရှည်သဘောတူညီချက်များရအောင် တရုတ်တို့ မည်သို့ကြားဝင် ညှိနှိုင်းပေးမည်၊ မည်သည့် သဘောထားနှင့်ဆောင်ရွက်မည်က စိတ်ဝင်စားဖွယ် ဖြစ်တော့သည်။
မြန်မာပြည်၌ တရုတ်၏ပါဝင်ပတ်သက်မှုများ
တရုတ်တို့သည် မြန်မာပြည်အရေးများတွင် ယခင်ကလည်း ပါဝင်ပတ်သက်ဖူးသည်သာဖြစ်သည်။ မြန်မာပြည် လွတ်လပ်ရေးရပြီး မကြာမီ မြန်မာပြည်တွင်းဝင်ရောက်လာခဲ့သော ကူမင်တန်တပ်များအား တိုက်ထုတ်ရာတွင် တရုတ်နှင့်မြန်မာ ပူး ပေါင်းဆောင်ရွက်မှုများရှိခဲ့သည်။ ထိုစဉ် နှစ်နိုင်ငံစလုံး ကူမင်တန်အား တိုက်ထုတ်ရန် ဘုံဦးတည်ချက်တူညီသဖြင့် ကောင်း မွန်စွာ ပူးပေါင်းဆောင်ရွက်နိုင်ခဲ့သည်ဟု ဆိုရမည်။
ဒုတိယအကြိမ် မြန်မာပြည်အရေးတွင် တရုတ်တို့ပါဝင်ပတ်သက်မှုမှာ ၁၉၆၇/ ၆၈ မှစ၍ မြန်မာပြည်အရှေ့မြောက်ပိုင်းတွင် ဗမာပြည်ကွန်မြူနစ်ပါတီအား အလုံးအရင်းနှင့် ကူညီခဲ့ခြင်းဖြစ်သည်။ ၁၉၆၆ ခုနှစ် ယဉ်ကျေးမှုတော်လှန်ရေးနှင့်အတူ ပေါ် ထွက်လာသည့် တရုတ်ကွန်မြူနစ်ပါတီ၏ပေါ်လစီအတိုင်း နိုင်ငံတကာ အဖိနှိပ်ခံပြည်သူများ ပစ္စည်းမဲ့များတော်လှန်ရေးများအား ကူညီခဲ့ခြင်းဖြစ်သည်။
၁၉၇၆ ခုနှစ် မော်စီတုန်းကွယ်လွန်ပြီး ၁၉၇၇ ခုနှစ် တိန့်ရှောက်ဖိန် တက်လာသည်မှစ၍ တရုတ်ပြည်ကွန်မြူနစ်ပါတီ၏ ပေါ်လစီ တစတစ ပြောင်းလဲသွားသည်။ နိုင်ငံတကာတော်လှန်ရေးများအား ကူညီသည်ကို ရပ်တန့်ခဲ့သည်။ ဈေးကွက် စီးပွားရေးနှင့်အတူ ချမ်းသာကြွယ်ဝသည့် တရုတ်နိုင်ငံထူထောင်ရေးဖြစ်ခဲ့သည်။ ချမ်းသာခြင်းသည် မင်္ဂလာတပါးဖြစ်ခဲ့ သည်။ ၁၉၈၀ ခုနှစ်နောက် ဗမာပြည်ကွန်မြူနစ်ပါတီအပါအဝင် နိုင်ငံတကာကွန်မြူနစ်ပါတီအား ကူညီခြင်းအား လျှော့ချ ရပ်တန့်ခဲ့သည်။
ထိုပေါ်လစီ၏အကျိုးဆက်အဖြစ် ၁၉၉၀ ခုနှစ်နောက်ပိုင်းတွင် မြန်မာအစိုးရနှင့် စီးပွားရေးဆက်ဆံမှု ရင်းနှီးမြှုပ်နံှမှုနှင့်ကုန်သွယ်မှုများတွင်သာ အာရုံစိုက်ခဲ့သည်။ ထိုအချက်များမှ တွေ့ရသည်မှာ တရုတ်တို့၏ မြန်မာပြည်တွင်း ပါဝင်ပတ်သက်မှုမှာ တရုတ်တို့၏ပေါ်လစီပေါ်၌သာ အခြေပြုထားသည်ကို တွေ့ရသည်။
၁၉၆၈ ခုနှစ်က မြန်မာပြည်အရှေ့မြောက် လူထုကြား မည်သည့်အုံကြွမှုမှ မရှိဘဲ ဗမာပြည်ကွန်မြူနစ်ပါတီအား အလုံးအ ရင်းနှင့်ထောက်ခံပြီး တော်လှန်ရေးတရပ် ပို့ဆောင်ခဲ့ခြင်းမှာ တရုတ်တို့၏ကိုင်စွဲသည့်ပေါ်လစီကြောင့် ဖြစ်သည်။ အလားတူ ပင် ၁၉၈၈ ခုနှစ်နောက်ပိုင်း စစ်အစိုးရကို လူထုက ပြင်းပြင်းထန်ထန် ဆန့်ကျင်နေချိန်တွင် မြန်မာပြည် ဒီမိုကရေစီရေးအား မျက်ကွယ်ပြု၍ အဆိုပါ စစ်အစိုးရနှင့်ဆက်ဆံ၍ စီးပွားရေးအကျိုးအမြတ်ကိုသာ အဓိကထားခဲ့သည်မှာလည်း တရုတ်တို့ ကိုင်စွဲသည့် ပေါ်လစီနှင့်သာ သက်ဆိုင်ပေသည်။
တရုတ်တို့အနေနှင့် အစိုးရချင်း ဆက်ဆံစီးပွားကူးသန်းလုပ်ရန်သာ ဖြစ်ပြီး မြန်မာပြည်တွင်း နိုင်ငံရေးပြဿနာကို ထည့် သွင်းတွက်ချက်ခြင်းမရှိပေ။ မည်သည့်မြန်မာအစိုးရနှင့်မဆို ဆက်ဆံမည်သာဖြစ်သည်။
အချို့က ယူဆကြသည်မှာ ဗိုလ်နေဝင်းလက်ထက် တရုတ်နှင့် သံတမန်ဆက်ဆံရေးကြောင့် ဗကပအား အပြတ်ဖြတ်နိုင်ခဲ့သည်ဟု ယူဆကြသည်။ လက်တွေ့တွင် ၁၉၇၇ ခုနှစ် တိန့်ရှောက်ဖိန် တက်ပြီး တရုတ်ပေါ်လစီ အပြောင်းအလဲကြောင့်ဟု ဆိုမှ မှန်ကန်ပေမည်။
ဆိုလိုသည်မှာ ပြီးခဲ့သည့်ကာလပိုင်း တရုတ်တို့ မြန်မာပြည်နှင့်ပတ်သက်မှုများတွင် တရုတ်တို့သည် ၎င်းတို့ စွဲကိုင်ထား သော ပေါ်လစီများပေါ်တွင် အခြေပြုပြီး မြန်မာပြည်တွင်း နိုင်ငံရေးပြဿနာကို ကြည့်မြင်သည်ကို သတိပြုရန် လိုအပ်ပါသည်။
ယခုအကြိမ် တရုတ်၏ပါဝင်မှု
ယခုအကြိမ် မြန်မာပြည်ငြိမ်းချမ်းရေးတွင် တရုတ်တို့ ပါဝင်လာမှုသည် တရုတ်တို့အကောင်အထည်ဖော်ရန် ကြိုးပမ်းနေ သော ခေတ်သစ်ပိုးလမ်းမကြီးတွင် အစိတ်အပိုင်းတခုဖြစ်နေသော မြန်မာပြည်တွင် တည်ငြိမ်မှုရရန်အတွက် ဖြစ်သည်ဟု နိုင်ငံရေး အကဲခတ် အားလုံးက သုံးသပ်ကြသည်။
တရုတ်တို့အနေနှင့် ၎င်းတို့၏ခေတ်သစ်ပိုးလမ်းမအတွက် မြန်မာပြည်တွင် တည်ငြိမ်သော အခြေအနေရရှိရန် မည်သည့် အဆင့်အထိ မည်သို့မည်ပုံ ပါဝင်ပတ်သက်မည်မှာ အလွန်စိတ်ဝင်စားဖွယ်ကောင်းသည်ဟု ဆိုရမည်။ ကာလရှည်ကြာ သော မြန်မာပြည် လက်နက်ကိုင်ပဋိ့ပက္ခအတွင်း ဝင်ရောက်ဖျန်ဖြေညှိနှိုင်းသည်မှာ ကောင်းသောကိစ္စဟု ဆိုနိုင်သော် လည်း မည်သို့ကြည့်မြင်၍ ချဉ်းကပ်မည်ဆိုသည်ကလည်း အရေးကြီးလှပေသည်။
လက်ရှိ မြန်မာပြည်ငြိမ်းချမ်းရေးပြဿနာတွင် အဓိက နက်နက်ရှိုင်းရှိုင်း ဖြေရှင်းရန် လိုအပ်နေသည့်ပြဿနာမှာ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု ပြဿနာဖြစ်သည်။ ကြားဝင်ညှိနှိုင်းကြသည့် တရုတ်တို့အဖို့ ထိုပြဿနာကို လေးလေးနက်နက် သဘောပေါက်ရန် လိုသည်။
ထိုပြဿနာကို လေးနက်မှသာ ညှိနှိုင်းဖျန်ဖြေမှုများသည် အံဝင်ပေလိမ့်မည်။ အနာနှင့် ဆေးတည့်ပေလိမ့်မည်။ ခေတ်သစ် ပိုးလမ်းမအတွက် တည်ငြိမ်မှုရှိရန်ဆိုသည့် တဖက်တည်းက ချဉ်းကပ်ဖြေရှင်းရန် ကြိုးစားပါက အဆင်ပြေရန် ခက်ခဲပေ လိမ့်မည်။
မြန်မာပြည်ဆိုင်ရာ အမေရိကန်သံတမန်ဟောင်းလည်းဖြစ် လက်ရှိ USIP ခေါ် အမေရိကန် ငြိမ်းချမ်းရေးအင်စတီကျူ့ အ ကြီးတန်း အကြံပေး Priscilla Clapp က ပထမအကြိမ်နှင့် ဒုတိယအကြိမ် ညီလာခံအကြား အဟန့်အတားဖြစ်စေသော ကိစ္စများအစား ရှေ့ဆက်သွားနိုင်အောင် တရုတ်က သုံးသပ်လုပ်ဆောင်သည်ဖြစ်နိုင်ကြောင်း၊ တရုတ်သည် ယခင်က နှစ်ဖက်ကစားသည့်ပုံစံမျိုးဟု မြင်ကြောင်း၊ ယခုပြောင်းလဲသွားသည်ဟု ထင်ကြောင်း၊ သို့သော် စောင့်ကြည့်ရဦးမည်ဖြစ် ကြောင်း VOA နှင့် အင်တာဗျူးမှာ ပြောဆိုသွားသည်။
မြန်မာပြည်ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် တရုတ်၏ပါဝင်ညှိနှိုင်းမှုကို အားလုံးက စိတ်ဝင်တစား စောင့်ကြည့်နေကြသည်။ တရုတ်တို့၏ညှိနှိုင်းမှုအတွက် အရေးပါဆုံးအချက်မှာ တရုတ်တို့၏ပေါ်လစီသည် ပိုးလမ်းခါးပတ်ဆိုသည့် တရုတ်အကျိုးစီးပွား သက်သက်ပေါ်တွင် အခြေမခံဘဲ မြန်မာပြည်တွင်း လက်တွေ့အခြေအနေနှင့် တိုင်းရင်းသားပြဿနာများပေါ် မှန်ကန်စွာ ရှု မြင်ရန် လိုအပ်နေသည်။ သို့မှသာ အနာနှင့် ဆေးတည့်ပေလိမ့်မည်။
မြန်မာပြည်ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် တရုတ်တို့၏ပါဝင်ပတ်သက်မှုနှင့် ဝင်ရောက်ညှိနှိုင်းမှုများအား ပြည်တွင်းပြည်ပ အကဲခတ်အားလုံးက အာရုံစိုက်၍ အကဲခတ်နေကြသည်။ ရလဒ်ကို စိတ်ဝင်စားကြသည်။ အဆိုးအကောင်း အကျိုးအကြောင်း ကို စောင့်ကြည့်လျက်ရှိကြပေတော့သည်။
(မောင်မောင်စိုးသည် ဖက်ဒရယ်နှင့်တိုင်းရင်းသားရေးရာ သုတေသီတဦးဖြစ်သည်။)