သမိုင်းကို ရဲရဲ ရင်ဆိုင်ပါ

ဧရာဝတီ

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

၂၀၁၂ ဇူလိုင် ၇ ရက်နေ့သည် ရန်ကုန်တက္ကသိုလ်အတွင်းရှိ ကျောင်းသားသမဂ္ဂ အဆောက်အအုံ ဗုံးခွဲဖျက်ဆီး ခံခဲ့ရခြင်း နှစ် ၅၀ ပြည့်မြောက်သည့် နေ့ဖြစ်သည်။

၁၉၆၂ ခုနှစ် ဇူလိုင် ၇ ရက်နေ့တွင် ဒီမိုကရေစီ အရေးနှင့် ကျောင်းသားများ၏ အခွင့်အရေးကို ငြိမ်းချမ်းစွာ တောင်းဆိုခဲ့သော ကျောင်းသားများကို ဗိုလ်ချုပ်ကြီး နေဝင်း၏ တော်လှန်ရေးကောင်စီ အစိုးရက ပစ်ခတ်ဖြိုခွင်းခဲ့ရုံမက ရန်ကုန်တက္ကသိုလ် ဝန်းအတွင်းရှိ သမိုင်းဝင် ကျောင်းသားသမဂ္ဂ အဆောက်အအုံကြီးကိုပါ မိုင်းခွဲ ဖြိုဖျက်ခဲ့သည်။

ကျောင်းသားသမဂ္ဂ အဆောက်အအုံကြီးသည် မြန်မာသူဌေးကြီး ဦးညို၏ လှူဒါန်းမှုကြောင်း ၁၉၃၅ ခုနှစ် မြန်မာပြည် သူ့ကျွန်ဘဝမှ မလွတ်မြောက်ခင် ကတည်းက ရန်ကုန်တက္ကသိုလ် ဝန်းအတွင်း ပေါ်ပေါက်ခဲ့သော သမိုင်းဝင် အမှတ်အသား တခု ဖြစ်သည်။ လွတ်လပ်ရေး ကျိုးပမ်းမှုတွင် ရှေ့တန်းမှ ပါဝင်ခဲ့သော တက္ကသိုလ် ကျောင်းသားများ သမဂ္ဂ အခြေစိုက်ရာ ဖြစ်သောကြောင့် သမိုင်းဝင် နိုင်ငံရေး၊ လူမှုရေးဆိုင်ရာ အဆောက်အအုံကြီးဟု သမိုင်းဆရာများက မှတ်တမ်းပြု ကြရသည်။

ကိုအောင်ဆန်း၊ ကိုဗဟိန်း၊ ကိုကြီးနုမှ စ၍ ကျောင်းသားခေါင်းဆောင် ပေါင်းများစွာကို ကျောင်းသားသမဂ္ဂက မွေးထုတ်ပေး ခဲ့သည်။ ထိုကျောင်းသား ခေါင်းဆောင်များသည် လွတ်လပ်ရေး အကြို၊ လွတ်လပ်ရေး တိုက်ပွဲနှင့် လွတ်လပ်ရေး ရပြီးနောက် နိုင်ငံ့ခေါင်းဆောင်များ ဖြစ်ခဲ့သည်ကို ငြင်းနိုင်မည် မဟုတ်ပေ။

မြန်မာပြည်၏ ထေရဝါဒ ဗုဒ္ဓဘာသာအတွက် စံပြုရမည့် အမှတ်အသားမှာ ရွှေတိဂုံစေတီဟု ဆိုလျှင် မြန်မာပြည် လွတ်လပ်ရေးအတွက် စံပြုရမည့် အမှတ်အသားမှာ တက္ကသိုလ် ကျောင်းသားသမဂ္ဂ အဆောက်အအုံကြီးဟု ဆိုရပေလိမ့်မည်။

သို့သော်လည်း မြန်မာပြည်ကို နှစ်များစွာ အုပ်စိုးခဲ့သော စစ်အာဏာရှင်များကမူ ကျောင်းသား လူငယ်များ၏ တက်ကြွသော ကျိုးပမ်းမှု၊ ပြည်သူလူထု အတွက် စွန့်လွှတ်အနစ်နာ ခံမှုများကို မြေအောက် အဖွဲ့အစည်း များက အသုံးချနေသည်ဟု လွဲမှားစွာ စွပ်စွဲခဲ့သည်။

အမှန်မှာ ကျောင်းသားသည် မည်သည့် ခေတ်ကာလ၊ မည်သည့် အချိန်တွင်မှ အသုံးချခံမဖြစ်ခဲ့၊ ကျောင်းသား သမဂ္ဂ သည်လည်း ဂုဏ်သိက္ခာရှိစွာ ကိုယ်ပိုင် အုပ်ချုပ်ခွင့်၊ ကိုယ်ပိုင်ဆုံးဖြတ်ချက် အပြည့်အဝတို့ဖြင့် လွတ်လပ်စွာ ရပ်တည်ခဲ့သည့် အဖွဲ့အစည်း ဖြစ်သည်။ ကျောင်းသား သမဂ္ဂကို ဖြိုခွင်းလိုက်ခြင်းသည် တိုင်းပြည်၏ အနာဂတ်ကို စစ်ဖိနပ်နှင့် နင်းခြေလိုက်ခြင်းဟု သတ်မှတ်ရမည် ဖြစ်သည်။

ကျောင်းသား အရေးနှင့် အမျိုးသားပညာ လွတ်လပ်ရေးတို့ အတွက် မားမားမတ်မတ် ရပ်တည်ခဲ့သော ကျောင်းသား သမဂ္ဂ မရှိတော့သည့် အပြင် စစ်အာဏာရှင် စနစ်အောက်တွင် နှစ်ပေါင်းများစွာ နေခဲ့ရသည့် မြန်မာပြည် ပညာရေး အဆင့်အတန်း သည် ယခု အချိန်တွင် အောက်ဆုံးအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။

ဗိုလ်ချုပ်ကြီးဟောင်း ဦးနေဝင်း၏ အစိုးရသည် ကျောင်းသားသမဂ္ဂနှင့် ကျောင်းသားသမဂ္ဂ အဆောက်အအုံကို ဖြိုခွင်းခဲ့ရုံ မက ၁၉၇၀ ပြည့်နှစ် နောက်ပိုင်းတွင် မြန်မာပြည်ပညာရေး စနစ်ကိုပါ လျစ်လျှူရှုခဲ့သည်။

၁၉၉၀ ပြည့်နှစ် နောက်ပိုင်း စစ်အုပ်ချုပ်ရေး ကာလတွင်မူ ပညာရေး စနစ်ကိုသာမက တက္ကသိုလ် ကျောင်းသားများ၏ အခွင့်အရေး များကိုပါ မသိမသာမှ သိသိသာသာ တဖြည်းဖြည်း ကန့်သတ် လာခဲ့သည်။

သမိုင်းဝင်ခဲ့သော ရန်ကုန် တက္ကသိုလ်များ၏ အခန်းကဏ္ဍကို တဖြည်းဖြည်း လျှော့ချကာ မြို့ပြင်များတွင် တက္ကသိုလ် သစ်များစွာ တည်ဆောက်၍ ကျောင်းသားများကို လူစုခွဲခဲ့သည်။

တက္ကသိုလ် အသီးသီးမှ သာမန်ဘွဲ့ရများကို စက်နှင့် လှည့်ထုတ်ကဲ့သို့ နှစ်စဉ် မြောက်မြားစွာ ထုတ်ပေးနေရုံမက အဝေးသင် ပညာရေးစနစ်ကို ဖန်တီးကာ အနီးကပ် ၁၀ ရက်အပြတ် သင်၍ ဘွဲ့လက်မှတ်များကို ပေါပေါများများ ထုတ်ပေးခဲ့သည်။ ပညာ အမှန်တကယ် မတတ်ဘဲ ဘွဲ့ရခဲ့သူများမှာ အလေးစား မခံရသော အလုပ်လက်မဲ့ ဘဝဖြင့် မြန်မာပြည်တွင် တောင်ပုံရာပုံ ပုံလျှက်ရှိသည်။

တိုင်းပြည် အနာဂတ်အတွက် အရေးကြီးသည့် ပညာရေး အဆင့်အတန်း တစတစ နိမ့်ပါးနေချိန်တွင် ပညာရေး အဆောက် အအုံ ခြစားမှုကြောင့် ငွေပေးနိုင်သူများ အလွယ်တကူရနိုင်သည့် ပါရဂူ ဘွဲ့ရ ဆိုသူများမှာလည်း နိုင်ငံတကာ မဆိုထားနှင့် ဒေသတွင်းနိုင်ငံကပင် စာရင်းမသွင်းသည့် အနေအထား ဖြစ်လာသည်။

ယခု အပြောင်းအလဲကို လိုလားသော ဦးသိန်းစိန် အစိုးရ လက်ထက်တွင်မူ တိုင်းပြည်ပြန်လည် တည်ဆောက်ရေးနှင့် အနာဂတ် လှပရေးအတွက် အရေးပါသည့် ပညာရေးကဏ္ဍကို ပြန်လည် တည်ဆောက်ရတော့မည့် အချိန်ဖြစ်သည်။

ထိုသို့ ပညာရေးစနစ် ပြန်လည်တည်ဆောက် ရာတွင် အစိုးရအနေဖြင့် အထက်မှ အမိန့်ပေး တည်ဆောက်ခြင်းထက် ကျောင်းသားများ၏ အင်အားကို အသုံးချသင့်သည်၊ ကျောင်းသား အခြေပြုသည့် ပညာရေးစနစ် ပြန်လည် တည်ဆောက်ရေးကို အစိုးရက ကြိုဆိုကာ ပံ့ပိုးပေးရမည် ဖြစ်သည်။

ဆဲဗင်း ဇူလိုင် အရေးအခင်းသည် သမိုင်းဖြစ်သည်။ အနှစ် ၅၀ အတွင်း ဆုံးရှုံးမှုများကို သမိုင်းထဲမှ သင်္ခန်းစာ ယူရမည့် အချိန် ယခု ကျရောက်ပြီ။ သမိုင်းကို မမေ့သင့်၊ ချန်မထားသင့်ပေ။

မတရားသဖြင့် သေဆုံးခဲ့ရသူများကို စာနာထောက်ထား၍ သော်လည်းကောင်း၊ သမိုင်းကို ရဲရဲ ရင်ဆိုင်သည့် အနေဖြင့် သော်လည်းကောင်း ကျောင်းသားဟောင်းများ သာမက တနိုင်ငံလုံးရှိ ကျောင်းသားများ ပါဝင်သော ဆဲဗင်းဇူလိုင် နှစ် ၅၀ ရွှေရတု အောက်မေ့ဖွယ် အခမ်းအနား ကျင်းပခွင့် ပေးသင့်သော်လည်း သမိုင်းမှန်ကို ရင်မဆိုင်ရဲသောကြောင့်လား မသိ ရန်ကုန်၊ မန္တလေး စသည့် မြို့ကြီးများတွင် ကျင်းပမည့် အခမ်းအနားများကို အာဏာပိုင်များက ပိတ်ပင်ခဲ့သည်။

သမိုင်းကို ရင်မဆိုင်ရဲလျှင် အမျိုးသားပြန်လည် ရင်ကြားစေ့ရေးအတွက် ခက်ခဲပေလိမ့်မည်။

ယခုအချိန်သည် ဦးသိန်းစိန် အစိုးရ အနေဖြင့် နှစ်ပေါင်းများစွာ ခံစားခဲ့ရသော ကျောင်းသားထု၏ ရင်တွင်းမှ ဒဏ်ရာဒဏ်ချက် များကို စတင် ကုစားပေးရင်း အမျိုးသား ပြန်လည် ရင်ကြားစေ့ရေးအတွက် အားထုတ်ရန် အကောင်းဆုံး အချိန်ဟု ဧရာဝတီက ယူဆကြောင်း တင်ပြလိုက်ရပါသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading