ရှေ့ဆက်နိုင်ရေး Team ပြောင်းရမည်

ဧရာဝတီ

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

မြန်မာနိုင်ငံ၏ ယနေ့ဖြစ်ပေါ်နေသော ပြောင်းလဲမှုနှင့် ဆုတ်ယုတ်မှု ဖြစ်စဉ်များကိုကြည့်လျှင် ခပ်ညံ့ညံ့ ဟောလိဝုဒ် သိပ္ပံရုပ်ရှင်ကား တကားကို ကြည့်နေရသလို ဖြစ်နေသည်။

ပြုပြင်ပြောင်းလဲမှု အရှိန်လျော့သွားပြီး စီးပွားရေးနှင့် ပတ်သက်သော ပြုပြင်ပြောင်းလဲမှုများက ရေပေါ်အရုပ်ရေးသလို ဖြစ်နေသည် ဆိုသောဝေဖန်သံများက စီးပွားရေး လုပ်ငန်းရှင်ကြီးများ အကြားတွင် စတင်ကြားနေရပြီဖြစ်သည်။

ထိုကဲ့သို့ ဖြစ်ရသော အကြောင်းအရင်းမှာ Reform ဆိုသော ပြုပြင်ပြောင်းလဲရေးကို မည်သို့ လုပ်ဆောင်ရမည်နည်း ဆိုသည်ကို ဂဃဏန မသိသော အချက်ပင်ဖြစ်သည်။ Reform ကို အပေါ်ယံလုပ်၍ မရပေ။ အာဏာဆက်လက် တည်မြဲ ရေး အတွက် နိုင်ငံတကာဖိအား လျော့ကျရေး တခုတည်းကိုကြည့်ပြီး မလုပ်သင့်။ တိုင်းသူပြည်သူများ အမှန် တကယ် ကောင်းစားရေးအတွက် စေတနာမှန်နှင့် လုပ်သင့်ပါသည်။

ယနေ့ မြန်မာ့အရေးသည် ဦးတည်ချက် ပျောက်နေပြီး သမ္မတ ဦးသိန်းစိန်သည် အရေးကြီးသော ဆုံးဖြတ်ချက်များကို မပေးနိုင် ဟူသော ပြစ်တင်ဝေဖန်သံများကို ကြားနေရပြီ။

လက်ရှိအခြေအနေတွင် ငြိမ်းချမ်းသာယာ ကြွယ်ဝသော မြန်မာပြည်ကိုမြင်ရန် မဖြစ်နိုင်တော့ပြီဆိုသော မျှော်လင့်ချက်မဲ့ ညည်းညူသံတချို့ကိုလည်း ယခင် ၂ နှစ်ခန့်က Reform အစပျိုးကာလတွင် အားကြိုးမာန်တက် အကောင်းမြင်ဝါဒနှင့် ပါဝင်သူ များအကြားတွင် ကြားလာရပြီဖြစ်သည်။

Reform ရှေ့ဆက်မတိုးရခြင်း အကြောင်းအရင်းမှာ မူပြောင်းသော်လည်း လူမပြောင်းခြင်းပင် ဖြစ်သည်။ သမ္မတ ဦးသိန်းစိန် သည် ပြုပြင်ပြောင်းလဲရေး လုပ်ချင်စိတ်ရှိသော်လည်း ယခင်အုပ်ချုပ်ရေးပိုင်းက ပါလာသူများကိုသူ မကျော် လွှားနိုင်ပေ။ သမ္မတ၏ အမှားများအနက် တခုမှာ လူမှန် နေရာမှန် မထားတတ်၊ မခန့်အပ်တတ်ခြင်းပင် ဖြစ်သည်။ အရေးကြီးသော တာဝန်များကို ထမ်းဆောင်နေသော ဝန်ကြီးများ၊ ဌာနဆိုင်ရာ ဝန်ကြီးတချို့ ကိုကြည့်လျှင် စစ်အစိုးရ လက်ထက်တွင် တာဝန်ယူခဲ့သူများဖြစ်ပြီး ယခင်ကလည်း စွမ်းစွမ်းတမံ လုပ်ဆောင်ပြနိုင်ခဲ့သူများ မဟုတ်သကဲ့သို့ ယနေ့ လက်ရှိ တွင်လည်း ၎င်းလုပ်ဆောင်မှုများသည် အားရစရာမရှိဘဲ ပြုပြင်ပြောင်းလဲရေး ရှေ့ဆက်မတိုးနိုင်ဖြစ်နေသည်။

ရှေ့ကိုဆက်နိုင်ရေး အတွက်သမ္မတကြီးသည် Team ကို အပြောင်းအလဲ လုပ်ရလိမ့်မည်။ သမ္မတကိုယ်တိုင်က တိုင်းပြည်တွင် ယနေ့ဖြစ်ပေါ်နေသော အခြေအနေမှန်ကို အမှန်တိုင်းသိရန် လိုအပ်သကဲ့သို့ တင်ပြသူများကိုလည်း မကြောက် မရွံ့ တင်ပြနိုင်ရန် အခွင့်အရေးပေးရမည်။ သမ္မတသည် သူ၏အသင်းကို အားကောင်းသူများနှင့် ဆက်လက် မောင်းနှင်ရန် ကြိုးစားရမည်။ ထိုသို့မဟုတ်လျှင် Reform သည် ဇာတ်မျောကြီးဖြစ်ဖို့ ရာခိုင်နှုန်းများနေပြီ ဖြစ်ပါကြောင်း။

Did you find apk for android? You can find new Free Android Games and apps.
Loading