အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဦးဆောင်သည့် အစိုးရသစ် တာဝန်ယူမည့်ကာလ မကြာမီ ရောက်ရှိလာတော့မည်။ အာဏာလွှဲပြောင်းပေးရေး အဆင်ပြေချောမွေ့စေရန် ပြည်သူများက စိုးရိမ်တကြီး မျှော်လင့်နေကြသလို မိမိတို့ အားထားမျှော်လင့်ခဲ့သော အစိုးရသစ်က မိမိတို့အတွက် အကောင်းဆုံး လုပ်ဆောင်ပေးလိမ့်မည်ဟုလည်း ယုံကြည်နေကြသည်။
၂၀၁၅ ခုနှစ် နိုဝင်ဘာ ရွေးကောက်ပွဲတွင် လူကို မကြည့်ဘဲ ပါတီကို ကြည့်ကာ ဆန္ဒမဲပေး ရွေးချယ်ခဲ့သည့် ပြည်သူ လူထု၏ ယုံကြည်ချက်မှာ NLD အပေါ် ပုံအောလိုက်ခြင်းဖြစ်သည်။ ယင်း အားထားယုံကြည်မှုကို NLD အစိုးရသစ်က မဖြစ်မနေ ဖြည့်ဆည်းဆောင်ရွက်ရပေမည်။
ယင်းသို့ ဆောင်ရွက်ရာတွင် ယခင် ဦးသိန်းစိန် အစိုးရလက်ထက်ကကဲ့သို့ သမ္မတထံသို့သာ ပွင့်လင်းမြင်သာမှု မရှိသည့် ပိုင်ဆိုင်မှု အသိပေးခြင်းမျိုး ပြည်သူက လိုလားမည်မဟုတ်။ ၂၀၁၂ ခုနှစ်၊ ပြည်ထောင်စု အစိုးရအဖွဲ့ဝင်များ၏ ပိုင်ဆိုင်မှုစာရင်း၊ လာဘ်ပေးလာဘ်ယူ တိုက်ဖျက်ရေး ကော်မတီဝင်များ၏ ပိုင်ဆိုင်မှုများ တင်ပြရန် လွှတ်တော်တွင် တင်ပြ တောင်းဆိုမှုများ ရှိခဲ့သော်လည်း အကြောင်းအမျိုးအမျိုးပြ ကန့်ကွက်ခြင်း၊ လွှတ်တော်၌ မှတ်တမ်းတင်ရုံသာ ပြုလုပ်ခြင်းတို့ဖြင့် ပြီးခဲ့သည်။
၂၀၁၃ ခုနှစ်တွင်မူ ဝတ်ကျေတမ်းကျေအားဖြင့် ပြည်ထောင်စု ဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် ဌာနဆိုင်ရာ အကြီးအကဲများ အားလုံးသည် တာဝန် စတင်ထမ်းဆောင်ချိန်မှ စတင်ပြီး ပိုင်ဆိုင်မှုစာရင်းကို သမ္မတ ဦးသိန်းစိန်ထံသို့ “အိတ်ပိတ်” ပေးပို့ခဲ့ကြရသည်။ အနှစ်ချုပ်သော် ယင်းသို့ အိတ်ပိတ်ပေးပို့ခဲ့ခြင်းသည် ပြည်သူလူထု အတွက် ထင်သာမြင်သာ မဖြစ်သည့် လုပ်ဆောင်မှုမျိုးသာ ဖြစ်နေခဲ့ပြီး ပြည်သူလူထု၏ ယုံကြည်မှု မရခဲ့ပေ။
ထို့ကြောင့် လာမည့် အစိုးရသစ်လက်ထက်တွင် စစ်မှန်သော ဒီမိုကရေစီကို စတင်ကျင့်သုံးသည့် အနေအားဖြင့် သမ္မတနှင့် အစိုးရ အဖွဲ့ဝင်များ၏ ပိုင်ဆိုင်မှုများကို ပြည်သူများသို့ ပွင့်လင်းမြင်သာစွာ ချပြခြင်းဖြင့် စတင်သင့်ပါကြောင်း ဧရာဝတီက တိုက်တွန်းလိုပါသည်။
တိုင်းပြည်၏ ဝင်ငွေ ထွက်ငွေနှင့် နိုင်ငံတော်အဆင့် စီမံကိန်းများကို စီမံဆောင်ရွက်မည့် အုပ်ချုပ်ရေးတာဝန်ခံတိုင်းသည် အကျင့်စာရိတ္တ ကောင်းမွန်ကြောင်း သက်သေပြခြင်းအလို့ငှာ မိမိ၏ တရားဝင် ပိုင်ဆိုင်မှု မည်ရွေ့မည်မျှရှိကြောင်း အများပြည်သူကလည်း သိရှိချင်ကြသည်။