ယနေ့ ဧပြီလ ၁ ရက်နေ့ မနက်တွင် မြန်မာပြည်သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဦးဆောင်သော အစိုးရအဖွဲ့ လက်အောက်တွင် နိုးထလာခဲ့ကြသည်။ မည်သူမျှ ရှေ့ဆက်ရမည့် ခရီးကို လျှော့တွက်ကြမည် မဟုတ်ပေ။ ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ အာဏာ အကန့်အသတ်များအပါအဝင် စစ်အုပ်ချုပ်ရေးအဆက်ဆက် အမွေချန်ထားရစ်ခဲ့သော စိန်ခေါ်ချက် အမြောက်အမြားကို ထမ်းပိုးရင်း အစိုးရသစ်သည် ပြည်သူလူထုအတွက် ကောင်းရာကောင်းကျိုး ရည်မျှော်ရင်း ယနေ့ အလုပ်စတင်လုပ်ဆောင်ကြရပြီဖြစ်သည်။
ထိုသို့ သမိုင်းသစ်ကို စတင်သည့် ဒီနေ့ ဒီရက်တွင် ၂၀၁၅ နိုဝင်ဘာ ရွေးကောက်ပွဲမတိုင်မီ ထုတ်ပြန်ခဲ့သော NLD ၏ ၂၅ မျက်နှာပါ ရွေးကောက်ပွဲကြေညာစာတမ်းအား ဧရာဝတီက ပြန်ပြောင်းဖတ်ရှုမိပါသည်။ မြင်ကွင်းကျယ်ကြီးမှာ “ပြည်သူလူထု၏ ဘဝများ ပြောင်းလဲလာစေရန်” ဖြစ်ပြီး ၁) တိုင်းရင်းသားအရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေး၊ ၂) တိုင်းရင်းသားပြည်သူတရပ်လုံး အေးချမ်းလုံခြုံစွာ လက်တွဲနေထိုင်ရေးကို အာမခံချက်ပေးနိုင်မည့် ဖွဲ့စည်းပုံ အခြေခံဥပဒေတရပ် ပေါ်ထွန်းရေး၊ ၃) ပြည်သူလူထုအား တရားမျှတစွာ အကာအကွယ်ပေးမည့် အုပ်ချုပ်မှုစနစ်တရပ် ပေါ်ပေါက်လာရေး၊ ၄) လွတ်လပ်လုံခြုံစွာ ဖွံ့ဖြိုးတိုးတက်ရေးတို့မှာ NLD ၏ ရည်မှန်းချက်များဖြစ်သည်။
ထိုမူဝါဒကို အသေးစိတ် အချက် ၁၂ ချက်ဖြင့် ကျားကန်ပေးထားသည်။
တိုင်းရင်းသားအရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးအတွက် ဖယ်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်မည်ဟု ဆိုထားပြီး သဘာဝအရင်းအမြစ်များ ထုတ်ယူရာမှ ရရှိလာသော အကျိုးအမြတ်များကို မျှတစွာ ခွဲဝေခံစားခွင့် ရစေရမည်ဟု ဆိုထားသည်။
အုပ်ချုပ်ရေးစနစ်တွင် တရားမျှတ၍ ဘက်လိုက်မှုကင်းသော တရားစီရင်ရေး စနစ်ကို ထူထောင်မည်။ တရားစီရင်ရေး မဏ္ဍိုင်သည် ဥပဒေပြုရေးမဏ္ဍိုင် နှင့် အုပ်ချုပ်ရေး မဏ္ဍိုင်တို့နှင့် တူညီသော အဆင့်အတန်းဖြင့် လွတ်လပ်စွာရပ်တည် နိုင်ရမည်ဟုလည်း ဆိုသည်။
နိုင်ငံခြားရေး မူဝါဒအတွက် ကုလသမဂ္ဂ၊ ကမ္ဘာ့ဘဏ်၊ နိုင်ငံတကာငွေကြေးရံပုံငွေအဖွဲ့ စသည့် အဖွဲ့အစည်းများနှင့် ခိုင်မာ သော ဆက်ဆံရေးထားရှိမည်။ နိုင်ငံတကာ ဆက်သွယ်ရာတွင် လူထုအခြေပြုအဖွဲ့အစည်းများ၏ ကဏ္ဍကို အထူးအလေး ပေးဆောင်ရွက်သွားမည်ဟု ဆိုသည်။
စီးပွားရေးတွင် ဗဟိုဘဏ်ကို အမှန်တကယ်သီးခြားလွတ်လပ်စွာ ဆောင်ရွက်ခွင့်ပြုမည်။ငွေကြေးတည်ငြိမ်မှုရှိစေရေး နှင့် တိုင်းရင်းသားလုပ်ငန်းရှင်များ၊ စွန့်ဦးတီထွင်လုပ်ငန်းရှင်များ၊ အသေးစားအလတ်စား စီးပွားရေးလုပ်ငန်းရှင်များ နှင့် တောင် သူလယ်သမားများ အပါအဝင် ပြည်သူအများအတွက် ရင်းနှီးငွေ လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်မည့် ငွေရေးကြေးရေး စနစ် ပေါ်ပေါက်ရေးကို ဦးတည်ဆောင်ရွက်မည်။
စိုက်ပျိုးရေး ကဏ္ဍတွင် ခေတ်မီဖွံ့ဖြိုးလာရေးဆောင်ရွက်သွားမည်။ လယ်ယာမြေ အငြင်းပွားမှုများကို မျှတစွာဖြေရှင်းပေးသွားမည်။ လယ်ယာမြေပိုင်ဆိုင်မှု လုံခြုံရေး နှင့် ဥပဒေနှင့် အညီ ပွင့်လင်းမြင်သာစွာ ဆောင်ရွက်ရေး၊ လယ်ယာမြေကို ဥပဒေနှင့် အညီ ပိုင်ဆိုင်ခွင့် လွှဲပြောင်းခွင့်များ ရှိစေရမည်။
သဘာ၀ အရင်းအမြစ်များ ထုတ်ယူသုံးစွဲရာတွင် စီမံကိန်းများကို ပွင့်လင်းမြင်သာမှုရှိစွာ စီစဉ်ဆောင်ရွက်ပြီး ပြည်သူလူထု ကို အသိပေးသွားမည်။ ရရှိသော အကျိုးအမြတ်များကို နိုင်ငံတော် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် သီးသန့် ရံပုံငွေ တရပ် ထူထောင်ထားမည်။
ပညာရေးနှင့် ပတ်သက်၍ မူလတန်းအဆင့် ပညာရေးကို သင်ယူရန် အခက်အခဲရှိနေသည့် ကာယဉာဏ စွမ်းရည် အားနည်းသူ ကလေးများ၊ ဆင်းရဲနွမ်းပါးသည့် ကလေးများ၊ ဝေးလံသောဒေသတွင် နေထိုင်နေရသည့် ကလေးများအ တွက် အလေးထားသည့် အစီအစဉ်များ ဖော်ဆောင်ပေးမည်။ တက္ကသိုလ်များတွင် ကိုယ်ပိုင်သင်ကြားခွင့်၊ အုပ်ချုပ်ခွင့်နှင့် လွတ်လပ်သည့် သုတေသနများကို လုပ်ဆောင်နိုင်ရန် ဆောင်ရွက်မည်။
ကျန်းမာရေး ကဏ္ဍတွင် နိုင်ငံတော်မှ ကျန်းမာရေး ဘတ်ဂျက်များကို တိုးမြှင့် သုံးစွဲ၍ ပြည်သူများ ဆေးဝါးကုသမှုစရိတ်များ လျှော့ချနိုင်ရန် ဆောင်ရွက်ပေးမည်။
စွမ်းအင် အတွက် ရေအားလျှပ်စစ်ထုတ်ယူရာတွင် ဆည်ကြီးများတည်ဆောက်ရသည့်အတွက် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုအများဆုံး ဖြစ်သည့်အတွက် ရှိရင်းစွဲ ရေအားစွမ်းအင်နှင့် ဆည်တည်ဆောက်ပြီးဒေသများတွင် ဆည်များကို ပြု ပြင်ထိန်းသိမ်း၍ ရေအားလျှပ်စစ် ထုတ်ယူ အသုံးပြုမည်။ တနိုင်တပိုင် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးအတွက် နေ ရောင် ခြည်စွမ်းအင်၊ ဇီဝဓာတ်ငွေ့၊ စပါးခွံ လောင်စာနှင့် အသေးစားရေအားလျှပ်စစ် ထုတ်လုပ်ရေး လုပ်ငန်းငယ်များ စနစ်တကျ တိုးတက်ဖွံ့ဖြိုးလာအောင် အားပေးသွားမည်။
သဘာဝအရင်း အမြစ်များခွဲဝေရာတွင် လက်ဝါးကြီးအုပ်စီမံခန့်ခွဲခြင်း၊ မညီမျှသော ခွဲဝေသုံးစွဲမှုတို့ကို ပပျောက်အောင် ဆောင်ရွက်မည်။ သဘာဝပတ်ဝန်းကျင် အညင်းပွားမှုများကို ဖြေရှင်းနိုင်သော စနစ်တခုကို ဖော်ဆောင်သွားမည်။
အမျိုးသမီး အလုပ်သမားများအနေဖြင့် အမျိုးသားများနှင့် တူညီသောလုပ်ငန်းလုပ်ကိုင်ရာတွင် တူညီသော ခံစားခွင့်ရရှိစေ ရေးနှင့် ရာထူးတိုးပေးရာ၌ ခွဲခြားမှုမရှိအောင် ဆောင်ရွက်မည်။
ဆက်သွယ်ရေး ကဏ္ဍတွင် အစိုးရ မဏ္ဍိုင် ၃ ရပ်၏ လှုပ်ရှားမှုအခြေအနေမှန်များကို ပြည်သူလူထုထံ ပွင့်လင်းမြင်သာစွာ အသိပေးသွားမည်။ ရုပ်/သံ၊ ရေဒီယို ထုတ်လွှင့်မှုများ၊ မဂ္ဂဇင်း၊ ဂျာနယ်နှင့် သတင်းစာ အစရှိသော ပုံနှိပ်မီဒီယာများ၏ အခွင့်အရေးကို ထောက်ခံသွားမည်။ တယ်လီဖုန်းနှင့် အင်တာနက် ဝန်ဆောင်မှုလုပ်ငန်းများကိုလည်း ဈေးကွက်စီးပွားရေး စနစ်တွင် လွတ်လပ်စွာ ယှဉ်ပြိုင်နိုင်အောင် အားပေးသွားမည်။
အထက်တွင် ဖော်ပြခဲ့သည်များသည် NLD ၏ ရွေးကောက်ပွဲ ကြေညာစာတမ်းမှ ကောက်နှုတ်တင်ပြထားခြင်းဖြစ်ပါသည်။ အချက်အလက် အပြည့်အစုံကို NLD ၏ ဝက်ဆိုက်တွင် ရရှိနိုင်ပါသည်။ အဆိုပါကြေညာစာတမ်းသည် အစိုးရသစ် အတွက် အသုံးဝင်သည့် လမ်းညွှန်တခုဖြစ်သလို အနာဂတ်တွင် ၎င်းတို့၏ စွမ်းဆောင်ရည်ကို တိုင်းတာနိုင်သည့် ပေတံ တခုလည်း ဖြစ်လာနိုင်ပါသည်။