ဒေါ်အောင်ဆန်းစုကြည်အပေါ် တပ်မတော် သဘောထား နွေးထွေးရန် လိုပြီ

ဧရာဝတီ

This article has been converted from Zawgyi One to Unicode

တံခါးကို ဖွင့်ထားပြီထင်သော်လည်း အမှန်ဝင်ရန် ကြိုးစားသောအခါ အထဲမှ ချက်ချထားဆဲ ဖြစ်ရပ်တခု နေပြည်တော်တွင် ဖြစ်ပွားနေခဲ့သည်။

ဧပြီလ ၅ ရက် ပြည်သူ့လွှတ်တော်တွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်အဖြစ် ခန့်အပ်မည့် ဥပဒေအား တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်များက ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့ခြင်းကို ရည်ညွှန်းလိုခြင်း ဖြစ်သည်။

တပ်မတော် အနေဖြင့် ဒေါ်အောင်ဆန်းစုကြည်အား ပုဂ္ဂိုလ်ရေးအရ နိုင်ငံရေး ဦးဆောင်သူအဖြစ် တရားဝင် အသိအမှတ် မပြုချင်သော သဘောထားကို လက်ဆုပ်လက်ကိုင် ထားနေဆဲဟု ယင်းဖြစ်ရပ်က ဖော်ပြနေသည်။

မဲဆန္ဒရှင် ပြည်သူလူထုက တခဲနက် မဲပေးရွေးချယ်ပြီး ဥပဒေပြုရေးနှင့် အုပ်ချုပ်ရေး တာဝန်တို့ကို အပ်နှင်းလိုက်သော နိုင်ငံရေးပါတီ၏ ခေါင်းဆောင်ကို သမ္မတဖြစ်ခွင့် တားဆီးထားသည့် ၂၀၀၈ ဖွဲ့စည်းပုံပါ ပြဌာန်းချက် ၅၉ (စ) အား အခိုင်အမာ ကာကွယ် ထောက်ခံခဲ့ကြသော လွှတ်တော်အတွင်းရှိ တပ်မတော်သား ကိုယ်စားလှယ်များသည် ယင်းအခြေခံ ဥပဒေပါ ပုဒ်မ ၂၁၇ ကို အခြေခံပြီး NLD က ဥပဒေပြုရန် ကြိုးစားသည်ကို ခါးခါးသီးသီး ကန့်ကွက်နေခြင်းမှာ တရားဥပဒေ၏ မျက်နှာကို ကြည့်သည်ဟု မဆိုနိုင်တော့ပေ။

ပြည်တွင်းပြည်ပက တခဲနက် အားပေးထောက်ခံခြင်းကြောင့် ဒေါ်အောင်ဆန်းစုကြည်ကို မြန်မာ့နိုင်ငံရေးတွင် ဖယ်ထုတ်၍ မရတော့ဟု လက်ခံ သဘောပေါက်လာသော မြန်မာ့တပ်မတော်သည် နိုင်ငံခြားရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် ဖွံ့ဖြိုးရေး ကဏ္ဍများကိုသာ ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် တာဝန်ယူလိုစေသော သဘောထား ရှိခဲ့ကြောင်း စစ်အစိုးရဟောင်းများ လက်ထက်တွင် အကြိမ်ကြိမ် ကြားခဲ့ဖူးသည်။ ထိုသဘောထားကြောင့်လည်း ၂၀၀၈ ဖွဲ့စည်းပုံကို နှစ်ပေါင်းများစွာကြာ တဖက်သက် အချိန်ယူ ရေးဆွဲခဲ့ကြပြီးဖြစ်သည်။

ပုဒ်မ ၅၉ (စ) ပြင်ဆင်ရေး လတ်တလော မလွယ်ကူသေးမှန်း သဘောပေါက်သော အာဏာရ NLD ပါတီသည် ၎င်းတို့၏ ခေါင်းဆောင်ကို တရားဝင် နိုင်ငံတော်အဆင့် နိုင်ငံရေး ဦးစီးဦးဆောင်သူအဖြစ် ခန့်ထားနိုင်ရန် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၂၁၇ ကို အသုံးပြုလာခဲ့သည်။ ထိုပြဌာန်းချက်အရ ဒေါ်အောင်ဆန်းစုကြည်အား နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်အဖြစ် ပြည်ထောင် စုလွှတ်တော်က ဥပဒေပြု ခန့်အပ်နိုင်သော လုပ်ပိုင်ခွင့်ရှိနေသောကြောင့် ယင်းကို မိမိရရ အသုံးချခဲ့ခြင်းဖြစ်သည်။

နိုင်ငံရေး ရည်မှန်းချက်ကို ရောက်ရှိနိုင်ရန် တရားသေ မဟုတ်ဘဲ တခြားနည်းလမ်းများ ပြောင်းလဲကျင့်သုံးခြင်းကို နားလည် လက်ခံနိုင်ပါသည်။ သို့သော် ယခင် စစ်အာဏာရှင်စနစ်မှ ပါတီစုံဒီမိုကရေစီ စနစ်သို့ ပြောင်းလဲရာတွင် အာဏာကို ဆက်လက် ဆုပ်ကိုင်ရေး မျှော်မှန်းချက်ဖြင့် အာဏာရှင်ဟောင်း အငြိမ်းစား ဗိုလ်ချုပ်မှူးကြီး ဦးသန်းရွှေက ဖန်တီးထားခဲ့သော ပုဒ်မ ၂၁၇ သည် ယခုအခါ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင်အတွက် ဖြစ်လာစေခဲ့ခြင်းက သမိုင်း၏ လှောင်ပြုံးချက်ဖြစ်မည်။

တိုင်းရင်းသား ပြည်သူလူထု တရပ်လုံးနှင့် ကိုက်ညီမည့် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြောင်းလဲဖွဲ့စည်းမည်ဟု ကြွေးကြော်ခဲ့သော အာဏာရ နိုင်ငံရေးပါတီကြီးသည် ယခုအခါ ယင်းဖွဲ့စည်းပုံ အခြေခံဥပဒေကိုပင် လက်တွေ့နိုင်ငံရေး အတွက် ပြန်အသုံးချနေသောအခါ ဖွဲ့စည်းပုံပြင်ဆင်ရေး ကတိကဝတ်များအတွက် မည်သို့ ဆက်လက် အကောင်အထည် ဖော်မည်ကိုလည်း မေးခွန်းထုတ်စရာ ဖြစ်လာခဲ့သည်။ စစ်ဘက်က သဘောတူ လက်မခံသရွေ့ ဖွဲ့စည်းပုံ အခြေခံဥပဒေကို မပြင်ဆင်နိုင်ရာ စစ်ဘက်က သဘောတူ လက်ခံလာစေရန် အရပ်ဘက် နိုင်ငံရေး ဦးဆောင်သူများအဖို့ မည်သို့ ဆက်လက် ဆောင်ရွက်မည်မှာ အင်မတန် အရေးကြီးသောကြောင့်ပင်။

စစ်အုပ်ချုပ်ရေး နှစ် ၅၀ ကျော်ကာလအတွင်း ပျက်စီးခဲ့ရသော တိုင်းပြည်၏ ဂုဏ်သိက္ခာနှင့် စီးပွားရေး အဆင့်အတန်းတို့ကို ပြန်လည်ဆယ်ယူရန် ကြိုးပမ်းရမည့် ယခုအချိန်တွင် တပ်မတော်၏ သဘောထားနှင့် လုပ်ဆောင်ချက်များသည် အတိတ်ကအတိုင်း ဆက်လက်ခံယူလုပ်ဆောင်နေမည်ဆိုလျှင် မဲဆန္ဒရှင် နိုင်ငံသားတို့၏ ပြင်းပြင်းထန်ထန် ဝေဖန်ပြောဆိုခြင်းကို ခံနေကြရဦးမည်။

ဒေသတွင်းနိုင်ငံများနှင့် တန်းတူလိုက်နိုင်ရေး မြန်မာနိုင်ငံကို ပြန်လည်ထူထောင်ရတော့မည့် အချိန်ခါသမယတွင် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ အကျပ်အတည်းများဖြင့် လုံးချာလည်ပြီး ရှေ့ဆက်မရ ဖြစ်မနေသင့်ပေ။ ယနေ့အချိန်သည် တိုင်းပြည်နှင့် နိုင်ငံသားတို့အကျိုး မျက်နှာမူ၍ အတူတကွ အလုပ်လုပ်ရမည့် အချိန်ဖြစ်ကြောင်း တိုက်တွန်းရေးသားအပ်ပေသည်။

Loading