ဒေါ်အောင်ဆန်းစုကြည် သူရဲဘောကြောင်သတဲ့လား

ဧရာဝတီ

This article has been converted from Zawgyi One to Unicode

အမေရိကန် ထိပ်တန်းသတင်းစာ နယူးယောက်တိုင်းမ် (The New York Times) က လတ်တလော ခေါင်းကြီးပိုင်းတခု တွင် မြန်မာနိုင်ငံအကြောင်း ရေးသားရာ “ရိုဟင်ဂျာအရေးတွင် ဒေါ်အောင်ဆန်းစုကြည်၏ သူရဲဘောကြောင်သော ရပ်တည်ချက်” ဟု ခေါင်းတပ် ရေးသားခဲ့သည်။ ယင်းသည် ဒေါ်အောင်ဆန်းစုကြည် ဦးစီးသည့် မြန်မာနိုင်ငံခြားရေး ဝန်ကြီး ဌာနအနေဖြင့် ရခိုင်ပြည်နယ်တွင်း လူမျိုးရေးပဋိပက္ခများ ပိုမိုကြီးထွားမလာစေရေး အမေရိကန်သံရုံးအား “ရိုဟင်ဂျာ” ဟူ သော အသုံးအနှုန်းကို ရှောင်ကြဉ်သုံးစွဲစေရေး မေတ္တာရပ်ခံခဲ့ခြင်းအပေါ် အနောက်နိုင်ငံများမှ သတင်းစာများက နောက်ဆက်တွဲ ဝေဖန်ရေးသားမှု ဖြစ်သည်။

နယူးယောက်တိုင်းမ် သတင်းစာက လူ့အခွင့်အရေး အခြေခံ စံနှုန်းများအတွက် စစ်အုပ်ချုပ်ရေးကို နှစ်ပေါင်းများစွာကြာ ခုခံ တော်လှန်ခဲ့သော ဒေါ်အောင်ဆန်းစုကြည်သည် ယခုအခါ စစ်အုပ်ချုပ်ရေး၏ အရုပ်ဆိုး အကျည်းတန်ပြီး လက်ခံနိုင်ဖွယ် မရှိသော မူဝါဒများကို လက်ခံကျင့်သုံးနေသည်ဟု စွပ်စွဲလိုက်သော ကောက်ယူ သုံးသပ်ချက်မှာ မှားယွင်းပါသည်။

ရခိုင်ပြည်နယ်တွင်း လူမျိုးရေး ပဋိပက္ခမီးများ တောက်လောင်ခဲ့သော ၂၀၁၂ ခုနှစ်မှ စ၍ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) တောင်ပြိုကမ်းပြို အနိုင်ရခဲ့သော ၂၀၁၅ နိုဝင်ဘာ ရွေးကောက်ပွဲ နောက်ပိုင်း အစိုးရသစ် အာဏာလွှဲပြောင်းရယူပြီးသည့်အချိန်တိုင် မြန်မာပြည်တွင်းတွင် အနီးကပ် မြန်မာ့ နိုင်ငံရေးကို ဧရာဝတီအနေဖြင့် သတင်းယူနေရာ ဘာသာရေး၊ လူမျိုးရေး ခွဲခြားခြင်းအပေါ် အသုံးပြု၍ NLD အား မဟုတ်တန်းတရား စွပ်စွဲ တိုက်ခိုက်မှုများ မည်မျှ ကြီးမားနက်ရှိုင်းကြောင်း သိရှိနေပါသည်။

NLD အစိုးရသစ်အနေဖြင့် ရခိုင်ပြည်နယ်တွင်း လူမျိုး ဘာသာ ကွဲပြားသူများအကြား ပဋိပက္ခသာမက ရုတ်တရက် ဖြစ်ပွားလာနေသော ရခိုင်တိုင်းရင်းသား လက်နက်ကိုင် ပုန်ကန်မှုများကိုလည်း ရင်ဆိုင်ဖြေရှင်းနေရသည့်အပြင် ရွေးကောက်ပွဲ ကတိကဝတ်ဖြစ်သော ပြည်တွင်းစစ် လုံးဝ ရပ်စဲရေးနှင့် အမျိုးသားပြန်လည် ရင်ကြားစေ့ရေးအတွက် တနိုင်ငံလုံး အတိုင်းအတာ အကောင်အထည်ဖော်ရန် ကြိုးပမ်းနေသည်ကိုလည်း မြင်တွေ့နေရပါသည်။ ထို့အပြင် နှစ် ၅၀ ကျော်ကြာ ချွတ်ခြုံကျ ပျက်စီးခဲ့ရသော နိုင်ငံ့စီးပွားနှင့် အင်စတီကျူရှင်းများအား ပြန်လည် ထူထောင်ရမည့် ကြီးစွာသော တာဝန်ထမ်းပိုးကို ထမ်းနေရကြောင်းလည်း မြင်သိနေပါသည်။

ဤအနေအထားတွင် နှစ် ၅၀ ကျော် နိုင်ငံကို အုပ်ချုပ်စိုးမိုးလာရုံမျှမက ယခုထက်ထိ နိုင်ငံရေးနှင့် စီးပွားရေးတို့တွင် နက်နက်ရှိုင်းရှိုင်း ထိန်းချုပ်ထားသည့် မြန်မာ့တပ်မတော်၏ ပူးပေါင်းဆောင်ရွက်ခြင်းကို အလိုရှိသဖြင့် NLD အစိုးရသစ်မှ ဆွဲဆောင် စည်းရုံးနေရသည်ကို စစ်တပ်နှင့် ပူးပေါင်းသွားပြီး စစ်အုပ်ချုပ်ရေး၏ မူဝါဒဟောင်းကို ဆက်လက် ကျင့်သုံးနေသည်ဟု အဆင်ခြင်မဲ့ အဓိပ္ပာယ် ကောက်ယူလိုက်ခြင်းမှာ ဉာဏ်ပညာ ကင်းမဲ့လွန်းပါသည်။

မြန်မာနိုင်ငံ၏ ပေါ်ထွန်းစ ဒီမိုကရေစီနှင့် တိုင်းပြည်ပြန်လည် ထူထောင်ရေး လမ်းစပေါ်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် NLD အစိုးရ မည်သို့ စခန်းသွားနေရသည်ကို မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်သစ် မစ္စတာ စကော့ မာစီရယ်လ် သဘောပေါက်ပါသည်။

မီဒီယာနှင့် အရပ်ဘက် လူမှုအဖွဲ့အစည်းများအား မေလ ၁၀ ရက်နေ့က တွေ့ဆုံပြီး အမေရိကန်အစိုးရ၏ မြန်မာနိုင်ငံဆိုင်ရာ သဘောထားကို ရှင်းလင်းတင်ပြရာတွင် ရိုဟင်ဂျာဟု ခေါ်ဆိုရခြင်းမှာ လူ့အခွင့်အရေးဆိုင်ရာ အခြေခံသဘောအရ ကိုယ်ပိုင်ခေါ်ဆိုလိုသော အမည်နာမတခုကို လေးစားသမှုဖြင့် လိုက်လံခေါ်ဆိုခြင်းဟု ကာကွယ် ပြောဆိုသော်လည်း မိန့်ခွန်းနှင့် အမေးအဖြေ ပြောကြားမှု တလျှောက်လုံး ယင်းအသုံးအနှုန်းကို သတိထား ရှောင်ရှားပြီး ခေါ်ဝေါသုံးစွဲခြင်း မပြုခဲ့ပါ။

ဤသည်ကို ကြည့်ခြင်းအားဖြင့် မြန်မာနိုင်ငံခြားရေး ဝန်ကြီးဌာနက ယခင်အစိုးရများ လက်ထက် ရိုဟင်ဂျာမရှိ၊ ဘင်္ဂါလီ များသာ ရှိသည်ဟု ပြင်းပြင်းထန်ထန် ရပ်တည်ချက်မျိုး မထားရှိတော့ဘဲ မြန်မာနှင့် ဘားမားကို ကြိုက်သလို ခေါ်ဆိုနိုင်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့သလို ပျော့ပျောင်းသော မူဝါဒတခု ဖြစ်လာနေသည့်အပေါ် အနောက်နိုင်ငံ သတင်းစာများက မီးမောင်းထိုး မပြသော်လည်း သံတမန်များက သတိမူပုံပေါ်ပါသည်။

ဧရာဝတီ အနေဖြင့်လည်း ပဋိပက္ခဖြေရှင်းရာတွင် ပြဿနာ ပိုမိုကြီးထွားစေမည့် အခေါ်အဝေါ် အသုံးအစွဲများအပေါ် ငြင်းခုံနေခြင်းထက် လက်တွေ့ခံစားနေရသော နိစ္စဓူဝ လူမှုဒုက္ခများကို လျော့ကျသွားစေမည့် နှစ်ဖက် အပြန်အလှန် တွေ့ဆုံညှိနှိုင်း သဘောတူ ခြေလှမ်းများ စတင်နိုင်ရေးက ပိုအရေးကြီးသည်ဟု ယုံကြည်ပါသည်။

NLD အစိုးရသစ်အနေဖြင့် ပြုလုပ်ရန်ရှိသည့် နိုင်ငံလုံးဆိုင်ရာ အမျိုးသားပြန်လည်ရင်ကြားစေ့ရေးနှင့် ပြည်တွင်း ငြိမ်းချမ်း ရေးဆိုင်ရာ “၂၁ ရာစု ပင်လုံ” ညီလာခံကြီးတွင် တိုင်းပြည်တွင်းရှိ လက်နက်ကိုင် ပဋိပက္ခများသာမက လူမျိုးရေးနှင့် ဘာသာရေး ပဋိပက္ခများ ထိန်းချုပ်လျှော့ချရေး သက်ဆိုင်ရာ ကိုယ်စားလှယ်များ တက်ရောက် တင်ပြ ဆွေးနွေးခွင့်ပေးရန် လိုပါသည်။ သို့မှသာ မတူကွဲပြားခြားနားသော နိုင်ငံသားတိုင်းကြား အပြန်အလှန် နားလည်မှုကို တည်ဆောက်နိုင်ပါလိမ့်မည်။ နိုင်ငံသား အားလုံး နိုင်ငံသား အခွင့်အရေး တန်းတူညီမျှစွာ ခံစားခွင့်ရှိမှ ပြည်ထောင်စုစိတ်ဓာတ် ဖြစ်တည်လာပါလိမ့်မည်။ ယင်း စုစည်းညီညွတ်မှုဖြင့် တိုင်းပြည်တည်ဆောက်ရေး ဦးတည်နိုင်ပါလိမ့်မည်။

တချိန်တည်းတွင် ၁၉၈၂ ဥပဒေအရ နိုင်ငံသားဖြစ်ခွင့် မရှိသေးသော လူ့အသိုင်းအဝိုင်းများကို လူသားချင်း စာနာ ထောက်ထားမှု ရှိကြောင်းလည်း ပြသရန် လိုအပ်သည်။ ကုလသမဂ္ဂနှင့် နိုင်ငံတကာ အစိုးရများနှင့် လက်တွဲကာ ရခိုင်ပြည်နယ်တွင်းရှိ ကွဲပြားခြားနားနေသော လူ့အသိုင်းအဝိုင်းများကြား ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး မြှင့်တင်ခြင်း၊ ကျန်းမာရေး ကုသမှု အလွယ်တကူ လက်လှမ်းမီနိုင်ရေးနှင့် ကလေးငယ်များ ပညာသင်ကြားရေး စသည့် အခြေခံ လူ့အခွင့်အရေးများကို အာမခံခြင်း၊ ကွဲပြားခြားနားနေသော လူ့အသိုင်းအဝိုင်းများကြား အကျိုးတူ လူမှုစီးပွား ဖြစ်ထွန်းလာစေရေးတို့အတွက် စီမံကိန်းချ လုပ်ဆောင်သင့်ပါသည်။

သို့မှသာ ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာက ပြောကြားနေသကဲ့သို့ “လူမျိုးတုန်း ဖိနှိပ်ချုပ်ချယ် ကန့်သတ် ခွဲခြားမှု” တကယ်မရှိဘဲ NLD အစိုးရသစ်သည် ယခင်အစိုးရများကဲ့သို့ ရခိုင်ပြည်နယ်တွင်း ကွဲပြားခြားနားသော လူ့အသိုင်းအဝိုင်း များကြား ပဋိပက္ခ၏ အစိတ်အပိုင်း (Part of the problem) မဖြစ်တော့ဘဲ အဖြေရှာဖွေမှု၏ အစိတ်အပိုင်း (Part of the solution) ဖြစ်ကြောင်း သက်သေပြနိုင်မည် ဖြစ်သည်။

ယင်းသို့ လုပ်ဆောင်ရာတွင် နှစ်ဖက်အစွန်းရောက် အမြင်ရှိသူများနှင့်လည်း ရဲရဲ ရင်ဆိုင်စေချင်ပါသည်။ အစွန်းရောက် အမြင်ရှိသူများအား ပြည်သူလူထုက လုံးဝ လက်မခံကြောင်း ၂၀၁၅ နိုဝင်ဘာ ရွေးကောက်ပွဲတွင် NLD အား မဲပုံပေး လိုက်ခြင်းက သက်သေပြပြီးဖြစ်သည်။

Loading