ဇွန်လ ၄ ရက်နေ့က ကချင်ပြည်နယ်၏ မြို့တော် မြစ်ကြီးနားတွင် ဒေသခံ ၄၀ ခန့်က Palm Spring Resort ၏ ရှေ့တွင် ဆန္ဒပြပွဲတခု ပြုလုပ်ခဲ့ကြသည်။ သူတို့က ကချင်ပြည်နယ်တွင် တရုတ်နိုင်ငံ၏ ငွေကြေးဖြင့်တည်ဆောက်နေသော မြစ်ဆုံ ဆည်နှင့် ရေအားလျှပ်စစ် စီမံကိန်းကို ရပ်ဆိုင်းပေးရန် တောင်းဆိုခဲ့ကြသည်။
ဟိုတယ်တွင် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ် Hong Liang၊ မြစ်ဆုံ စီမံကိန်းတွင် တရုတ်ဘက်မှ ရင်းနှီးမြှုပ်နှံသူဖြစ်သည့် China Power Investment (CPI) နှင့် ကချင်ပြည်နယ် ဒီမိုကရေစီ ပါတီ (KSDP) ဥက္ကဌ ဒေါက်တာတူးဂျာတို့ အစည်းအဝေးတခု ပြုလုပ်နေသည်။ သူတို့က လျှပ်စစ်ဓာတ်အား ၆၀၀၀ မီဂါဝပ် ထုတ်လုပ်ပေးမည့် အမေရိကန်ဒေါ်လာ ၃.၆ ဘီလီယံတန် မြစ်ဆုံဆည် စီမံကိန်းကို ပြန်လည်စတင်ရန် ဆွေးနွေးခဲ့ကြသည်။ ပြန်လည်စတင်နိုင်ရေးအတွက်လည်း တရုတ်နိုင်ငံက အထူးကြိုးစားနေသည်။
ဆန္ဒပြပွဲက တိုတောင်းပြီး သေးငယ်သော်လည်း မြန်မာပြည်သူတို့၏ အမြင်သဘောထားကို ရောင်ပြန်ဟပ် ဖော်ပြနေသည်။ နိုဝင်ဘာလရွေးကောက်ပွဲတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) မဲအပြတ်အသတ်ဖြင့် အနိုင်ရရှိခဲ့ပြီးနောက် အာဏာ ရရှိလာခဲ့သော လက်ရှိအစိုးရက စီမံကိန်းကို ပြန်လည်စတင်လိမ့်မည် မဟုတ်ဟု အများက ယူဆထားကြသော်လည်း အဆိုပါ စီမံကိန်းသည် မြန်မာနိုင်ငံတွင်းမှ အခြားသော အငြင်းပွားဖွယ်ရာ စီမံကိန်းများနည်းတူ ပြန်လည်သုံးသပ်နေဆဲ အဆင့်တွင်သာ ရှိနေသေးသည်။ သုံးသပ်ခြင်းမှာ လွန်ခဲ့သည့် နှစ်ပေါင်းများစွာကတည်းက လုပ်ရမည့် ကိစ္စလည်း ဖြစ်သည်။
ကချင်ပြည်နယ်တွင်ရော မြန်မာတနိုင်ငံလုံးတွင်ပါ ဆန်ကျင်ကန့်ကွက်ခဲ့ကြသည့်အတွက် သမ္မတဟောင်း ဦးသိန်းစိန်က သူ၏ ရာထူးသက်တမ်း ပထမဆုံးနှစ် ဖြစ်သည့် ၂၀၁၁ ခုနှစ် မှာပင် မြစ်ဆုံဆည် စီမံကိန်းကို ရွှေ့ဆိုင်းခဲ့သည်။ သဘာ၀ ပတ်ဝန်းကျင် ထိခိုက်ပျက်စီးရမည့် အန္တရာယ်ရှိနေခြင်းက ဆန့်ကျင်ကန့်ကွက်ခဲ့ရသည့် အဓိက အကြောင်းရင်း ဖြစ်သည်။
ဦးသိန်းစိန်၏ ဆုံးဖြတ်ချက်က ပြည်သူလူထု၏ ဆန္ဒသဘောထားကို လိုက်လျောခဲ့သည်သာမက မြန်မာနိုင်ငံသည် တရုတ်၏ လက်ခုပ်ထဲတွင် မရှိတော့ကြောင်း အနောက်နိုင်ငံများသို့ အရိပ်အယောင်ပြခြင်းတခုလည်း ဖြစ်သည်။ အနောက် နိုင်ငံများကလည်း အဆိုပါဆုံးဖြတ်ချက်ကို ကြိုဆိုခဲ့ကြသည်။
သို့သော်လည်း တရုတ်၏ ရင်းနှီးမြှုပ်နှံမည့် စီမံကိန်းပေါင်းများစွာက အကောင်အထည်ဖော်ရန် တန်းစီစောင့်ဆိုင်း နေကြသည်။ အများစုမှာ ဦးသိန်းစိန် အစိုးရလက်ထက်တွင် ဆောင်ရွက်ခွင့်ပြုခဲ့ခြင်း ဖြစ်ပြီး ၎င်းတို့သည် ပြည်သူလူထု၏ သဘောထား၊ ပွင့်လင်းမြင်သာမှု သို့မဟုတ် တာဝန်ယူမှုတို့ကို ဖော်ပြနိုင်ခဲ့ခြင်း မရှိပါ။ မြန်မာပြည်သူလူထုကလည်း စစ်ဗိုလ်ချုပ်ကြီးများ နှင့် စစ်ဗိုလ်ချုပ်များက တိုင်းပြည်၏ သယံဇာတများကို တရုတ်နိုင်ငံသို့ ရောင်းစားခဲ့သူများဟု မြင်ခဲ့ကြသည်။
ယခုအခါတွင် အရာအားလုံးက အစိုးရသစ်၏ ပုခုံးပေါ်သို့ ရောက်ရှိလာပြီ ဖြစ်သည်။ အကယ်၍ NLD အစိုးရက မြစ်ဆုံ ဆည် စီမံကိန်းကို ပြန်လည်စတင်ရန် ဆုံးဖြတ်ခဲ့မည်ဆိုလျှင် မြန်မာပြည်သူများက အစိုးရနုတ်ထွက်ပေးရန် တောင်းဆိုကြ လိမ့်မည် ဖြစ်သည်။ တရုတ်နိုင်ငံ အနေဖြင့် ထိုအချက်ကို နားလည်သင့်သည်။
NLD ပါတီတွင်းမှ (နိုဝင်ဘာလ ရွေးကောက်ပွဲတွင် လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခံထားရသူများ အပါအဝင်) လူများစုက မြစ်ဆုံဆည် သို့မဟုတ် အခြားသော အငြင်းပွားဖွယ်ရာ စီမံကိန်း အများအပြားကို ဆက်လက်ဆောင်ရွက်ရန် ဆန္ဒမရှိသူများ ဖြစ်ကြသည်။ အများစုမှာ မြန်မာနိုင်ငံတွင်းတွင် တရုတ်ကျောထောက်နောက်ခံဖြင့် ဆောင်ရွက်နေသော စီမံကိန်းကြီးများ၏ သဘာဝပတ်ဝန်းကျင်၊ စီးပွားရေးနှင့် လူမှုရေး သက်ရောက်မှုများ အပေါ် စိုးရိမ်ခဲ့ကြသည့် ဝါရင့် နိုင်ငံရေး တက်ကြွလှုပ်ရှားသူများ ဖြစ်ကြသည်။
သို့သော်လည်း ဆုံးဖြတ်ချက်ကို ခေါင်းဆောင်ပိုင်းက ချမှတ်ရမည် ဖြစ်သည်။ အထူးသဖြင့် အာဏာရ NLD ပါတီ ဥက္ကဌ၊ နိုင်ငံခြားရေး ဝန်ကြီးနှင့် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစကြည်ဖြစ်သည်။ သို့သော်လည်း သူ မည်ကဲ့သို့ ဆက်လက်ဆောင်ရွက်မည်ကို သူ၏ ပါတီဝင်များပင် မသိကြပါ။
မြစ်ဆုံဆည်က မြန်မာနိုင်ငံတွင် လုပ်ဆောင်ရန် စီစဉ်ထားသည့် တရုတ်နိုင်ငံ၏ စီမံကိန်းများထဲတွင် အကြီးဆုံး မဟုတ်ပါ။ အရွယ်အစားအရဆိုလျှင် တရုတ်နိုင်ငံ တောင်ပိုင်း ယူနန်ပြည်နယ်မှ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်ကမ်းခြေတွင် တည်ဆောက်မည့် ရေနက်ဆိပ်ကမ်းနှင့် ဆက်သွယ်တည်ဆောက်ရန် ရှိနေသည့် အမေရိကန် ဒေါ်လာ ၂၀ ဘီလီယံတန်ဖိုးရှိ ကျောက်ဖြူ-ကူမင်း ရထားလမ်း စီမံကိန်းထက် စာလျှင် သေးငယ်ပါသည်။ အဆိုပါ ရထားလမ်းက တရုတ်နိုင်ငံကို ဘင်္ဂလားပင်လယ်အော်သို့ တိုက်ရိုက် ရောက်ရှိစေနိုင်မည်ဖြစ်သဖြင့် တရုတ်နိုင်ငံ၏ အရေးပါသည့် ဗျူဟာမြောက်ရည်မှန်းချက်တခု ဖြစ်သည်။
မြန်မာအစိုးရသစ်က နောက်ဆုံးတွင် ဒေါ်လာ ဘီလီယံချီ၍ တန်ဘိုးရှိသည့် မြစ်ဆုံ စီမံကိန်းကို ပြန်လည်ဆောင်ရွက် ခွင့်ပြုလိမ့်မည်ဟု တရုတ်အစိုးရက မျှော်လင့်နေသည်။ နိုဝင်ဘာလရွေးကောက်ပွဲ မတိုင်မီ လအနည်းငယ်အလို ဒေါ်အောင်ဆန်းစုကြည်ကို ဘေဂျင်းမြို့သို့ ဖိတ်ခေါ်၍ တရုတ်သမ္မတ Xi Jinping နှင့် တွေ့ဆုံခြင်းအားဖြင့် တရုတ်နိုင်ငံက ဒေါ်အောင်ဆန်းစုကြည်ဘက်မှ လောင်းကြေးတင်ခဲ့သည်။
မတ်လကုန်ပိုင်းတွင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် NLD အစိုးရ အာဏာရရှိလာပြီး တပတ်ခန့် အကြာတွင် တရုတ်နိုင်ငံခြားရေးဝန်ကြီး Wang Yi က ဒေါ်အောင်ဆန်းစုကြည်ကို ရုတ်တရက် လာရောက်တွေ့ဆုံခဲ့သည်။ ထို့နောက် ဒေါ်အောင်ဆန်းစုကြည်က သတင်းထောက်များနှင့် တွေ့ဆုံရာတွင် “မြစ်ဆုံဆည် စီမံကိန်းနဲ့ ပတ်သက်လို့ တရုတ် နိုင်ငံခြားရေး ဝန်ကြီးနဲ့ မဆွေးနွေးခဲ့ပါဘူး။ ဘာကြောင့်လဲဆိုတော့ ကန်ထရိုက်စာချုပ် အသေးစိတ် အကြောင်းအရာတွေနဲ့ ပတ်သက်လို့ ကျမ ကောင်းကောင်း မသိသေးလို့ ဖြစ်ပါတယ်” ဟုပြောကြားခဲ့သည်။
တရုတ်နိုင်ငံခြားရေးဝန်ကြီး နှင့် အတူပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံ ၏ နိုင်ငံခြားရေး ဝန်ကြီး အနေဖြင့် “ကျမတို့ အစိုးရရဲ့ မူဝါဒက တကမ္ဘာလုံးနဲ့ ချစ်ကြည်ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်ဖို့ ဖြစ်ပါတယ်။ ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးတိုး တက်ရေးအတွက် အိမ်နီးချင်းနိုင်ငံတွေက ကျမတို့နဲ့ လက်တွဲဆောင်ရွက်မယ်လို့ ကျမ မျှော်လင့်ပါတယ်” ဟု ဆိုသည်။
ဒေါ်အောင်ဆန်းစုကြည် မှန်ပါသည်။ ကျနော်တို့ အနေဖြင့် တရုတ်နိုင်ငံနှင့် မိတ်ဆွေ ဆက်ဆံရေးကို ထိန်းသိမ်းထားရန် လိုပါသည်။ အခြားသော အိမ်နီးချင်းနိုင်ငံများနှင့်လည်း ထိုနည်းအတိုင်းပင် ဖြစ်သည်။ တချိန်ထဲမှာပင် မြန်မာနိုင်ငံအတွက် အပြုသဘောဆောင်ပြီး တာဝန်သိတတ်သော အိမ်နီးချင်းများ၊ ရင်းနှီးမြှုပ်နှံသူများ လိုအပ်ပါသည်။
မြစ်ဆုံဆည်တွင် ရင်းနှီးမြှုပ်နှံမည့် CPI နှင့် သံအမတ် Hong Liang တို့ အပါအဝင် တရုတ်နိုင်ငံသားများအနေဖြင့် အဆိုပါ စီမံကိန်းကို ပြန်လည်စတင်ခြင်းသည် မြန်မာနိုင်ငံတွင် ဒေါ်အောင်ဆန်းစုကြည်၏ သိက္ခာနှင့် နိုင်ငံရေး ဦးဆောင်မှုကို မှိန်ဖျော့သွားစေနိုင်ကြောင်းနှင့် သူ၏ NLD ပါတီဝင်များကပင် ဆန့်ကျင်မှု ဖြစ်လာနိုင်ကြောင်း အလေးအနက် သိထားသင့်ပါသည်။
ယခုအချိန်သည် မြန်မာအစိုးရက မြစ်ဆုံဆည် အပါအဝင် သဘာဝပတ်ဝန်းကျင်နှင့် ပြည်သူလူထုကို နောက်မျိုးဆက်များအထိ ထိခိုက်စေနိုင်သည့် အခြားသော တရုတ်နိုင်ငံ ကျောထောက် နောက်ခံပြု စီမံကိန်း အများအပြားကို ပြန်လည်သုံးသပ်ရမည့် အချိန် ဖြစ်ပါသည်။