ဆယ်စုနှစ်ပေါင်း များစွာ စစ်အုပ်ချုပ်ရေးလက်အောက် နေခဲ့ရသောမြန်မာပြည်သည် ပြီးခဲ့သည့် နိုဝင်ဘာလ ရွေး ကောက်ပွဲမှ မဲအပြတ် အသတ်နဲ့ အနိုင်ရရှိပြီး သမ္မတဦးထင်ကျော်နှင့် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တို့ဦးဆောင်သော ပထမဆုံး ရွေးကောက်ခံ အရပ်သား အစိုးရကို တင်မြှောက်နိုင်ခဲ့သည်။ သို့သော် ယနေ့ ပုံမှန်မဟုတ်သေးသော နိုင်ငံရေး အခင်းအကျင်း၌ ဘယ်သူ အာဏာ အရှိဆုံးလဲဆိုသည်ကိုမူ လူတိုင်း သိကြသည်။ သမ္မတ အထက်မှာ ဒေါ်အောင်ဆန်းစုကြည် ရှိနေပါသည်။
ပြီးခဲ့သည့် ၃ လ အတွင်း ဒေါ်အောင်ဆန်းစုကြည်၏ တင်းတင်းကျပ်ကျပ် အုပ်ချုပ်မှု စတိုင်၊ အရည်အချင်း မပြည့်သော အချို့ အစိုးရအဖွဲ့ဝင်များ ရွေးချယ်မှု၊ စွမ်းဆောင်ရည်နှေးကွေးမှုများအပေါ် တက်ကြွလှုပ်ရှားသူများနှင့် အဖွဲ့အစည်း အချို့က မေးခွန်းထုတ်ခဲ့ကြသော်လည်း ဒေါ်အောင်ဆန်းစုကြည်က အာဏာကို ပိုမိုထိန်းချုပ်လာနိုင်ကြောင်း ထင်ရှားလာနေသည်။ ပြည်သူလူထု၏ ထောက်ခံမှုကလည်း အားကောင်းနေဆဲဖြစ်သည်။
ပညာရှင်များကလည်း အစိုးရသစ်၏ မူဝါဒများ၊ စွမ်းဆောင်ရည်နှင့် လုပ်ငန်း အကောင်အထည်ဖော်မှုများအား အလေးအနက် လေ့လာသုံးသပ်လာကြသည်။
စစ်ကြောင့် ထိခိုက်ဆုံးရှုံးမှုများခဲ့ရသည့် တိုင်းပြည်တွင် အမျိုးသားပြန်လည်ရင်ကြားစေ့ရေးနှင့် ငြိမ်းချမ်းရေးကို အစိုးရက ထိပ်တန်းဦးစားပေးတခု အဖြစ် သတ်မှတ်ခဲ့သည်။ ခုချိန်အထိ ဒေါ်အောင်ဆန်းစုကြည် အဓိက အာရုံစိုက်နေသည်မှာ သြဂုတ်လ နှောင်းပိုင်းတွင် ကျင်းပရန်ရှိနေသည့် ငြိမ်းချမ်းရေး ညီလာခံ ဖြစ်သည်။
မကြာမီကျင်းပတော့မည့် အဆိုပါ ညီလာခံကို ၂၁ရာစု ပင်လုံညီလာခံ ဟုအမည်တပ်ခဲ့သည်။ ၁၉၄၇ ခုနှစ်တွင် ဒေါ်အောင်ဆန်းစုကြည်၏ ဖခင် ဗိုလ်ချုပ်အောင်ဆန်းက မြန်မာ့လွတ်လပ်ရေး အကြိုအနေဖြင့် အားလုံး ပါဝင်နိုင်ရေး၊ ပူးပေါင်းဆောင်ရွက်ရေးအတွက် ရှမ်း၊ ကချင်၊ ချင်း တိုင်းရင်းသားခေါင်းဆောင်များနှင့် လက်မှတ်ရေးထိုးခဲ့သော ပင်လုံညီလာခံကို ဂုဏ်ပြုသည့် အနေဖြင့် ဖြစ်သည်။ လူများစု မြန်မာတိုင်းရင်းသားဖြစ်သူ လွတ်လပ်ရေး ခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းကို ထိုအချိန်က တိုင်းရင်းသား လူနည်းစုများက အလွန်လေးစား အားထားခဲ့ကြသည်။
ပင်လုံ၏ မူလ သဘောတူညီချက်မှာ မြန်မာနိုင်ငံ နယ်စပ်ဒေသနေ တိုင်းရင်းသားလူနည်းစုများ၏ “နယ်တွင်း အုပ်ချုပ်ရေးတွင် ကိုယ်ပိုင်အုပ်ချုပ်ရေး ရာခိုင်နှုန်းအပြည့် ရရှိစေရေး” ကို မျှော်မှန်းခဲ့ကြသည်။ တိုင်းရင်းသား လူမျိုးစုအရ ကွဲပြားမှုရှိသော နိုင်ငံတခုတွင် ဖက်ဒရယ်ပြည်ထောင်စုတခု တည်ဆောက်ရေး သူ့ဖခင်ကဲ့သို့ ဒေါ်အောင်ဆန်းစုကြည်၏ ကတိကဝတ် တည်ကြည်ပါမည်လောဟု အချို့က မေးခွန်းထုတ်ခဲ့ကြသည်။
သူ၏ သမိုင်းဖြတ်သန်းမှု တလျှောက်လုံးနှင့် လက်ရှိအစိုးရ သက်တမ်းအတွင်းပါ ငြိမ်းချမ်းရေး ဆောင်ကျဉ်းရန် ဒေါ်အောင်ဆန်းစုကြည် ဆန္ဒရှိနေခဲ့သည်။ သူ့ဖခင် စတင်ခဲ့သည့် မပြီးဆုံးသေးသော ပန်းတိုင်သို့ ဆက်လျှောက်ရန် သူ အမွေဆက်ခံရမည်လည်း ဖြစ်သည်။ သတင်းကောင်းမှာ ယခုအစိုးရအပေါ် အရင်အစိုးရထက်စာလျှင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ၏ မယုံသင်္ကာဖြစ်မှု နည်းခြင်းဖြစ်သည်။
သို့သော် မြန်မာနိုင်ငံ မြောက်ပိုင်းတွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသည်။ မြန်မာနိုင်ငံ၏ အကြီးမားဆုံး ရင်းနှီးမြှုပ်နှံသူဖြစ်ပြီး အရေးပါသူ တဦးဖြစ်သော တရုတ်နိုင်ငံကလည်း ရှမ်းပြည်နယ် အခြေစိုက် ဝပြည် သွေးစည်း ညီညွတ်ရေး တပ်မတော် အပါအဝင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အများအပြားကို ထောက်ပံ့ကူညီခြင်းအားဖြင့် သံသယဖြစ်ဖွယ်ရာ အနေအထားတွင် ပါဝင်နေသည်။
ယခင်အစိုးရ လက်ထက် ပြီးခဲ့တဲ့နှစ်တွင် ရရှိခဲ့သည့် တနိုင်ငံလုံး အတိုင်းအတာနှင့် အပစ်အခတ် ရပ်စဲရေး သဘောတူညီချက်၌ လက်မှတ်ထိုးရန် ငြင်းနေခဲ့ကြသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများကလည်း ငြိမ်းချမ်းရေး ညီလာခံတွင် ပါဝင်ရန် စိတ်ဝင်စားကြောင်း ပြောခဲ့ကြပြီး ဖြစ်သည်။ သို့သော် အားလုံးပါဝင်သည့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အတွက်မူ သံသယများ ကျန်ရှိနေသေးသည်။
တရားဝင် ဖိတ်ခေါ်ထားပြီး ဖြစ်သော်လည်း တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၃ ဖွဲ့ ဖြစ်သည့် ပလောင်(တအာင်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA)၊ ရက္ခိုင့်တပ်မတော်(AA) နှင့် မြန်မာအမျိုးသား ဒီမိုကရေစီ မဟာမိတ်တပ်မတော် (MNDAA) တို့ ပါဝင်လာရေးက စောင့်ကြည်နေရဆဲဖြစ်သည်။ အင်အားကြီး မြန်မာ့တပ်မတော် အနေဖြင့် ၎င်းတို့ကို တံခါးဖွင့်ပေးရန် တွန့်ဆုတ်နေဆဲဖြစ်ပြီး အဆိုပါ အဖွဲ့များကလည်း မြန်မာ့တပ်မတော် အပေါ် ကြက်ခေါင်းဆိတ်မခံ တုန့်ပြန်နေကြဆဲ ဖြစ်သည်။ သို့သော်လည်း ၎င်းတို့ပါဝင်နိုင်ရေး ပြုလွယ်ပြောင်းလွယ်ရှိမှု သင်္ကေတ အချို့ကို မကြာသေးခင်က ပြသခဲ့ကြသည်။
ဒေါ်အောင်ဆန်းစုကြည်အပြင် တပ်မတော်ကလည်း တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များနှင့် ဆွေးနွေးညှိနှိုင်းရေး အဓိက နေရာက ပါဝင်လာမည်ဖြစ်ရာ မေးခွန်းမှာ ဒေါ်အောင်ဆန်းစုကြည်နှင့် အတူ မည်သို့မည်ပုံ အလုပ်အတူ တွဲလုပ်ကြမည် နည်း ဟူ၍ပင်။
ယခု အစိုးရသည် မြန်မာနိုင်ငံတွင် ၁၉၆၂ ခုနှစ်နောက်ပိုင်း ပထမဆုံး ရွေးချယ်တင်မြှောက်ခံရသော အရပ်သား အစိုးရဖြစ်သည်။ သို့သော် အပြည့်အ၀ ထိန်းချုပ် စီမံနိုင်ခြင်း မရှိသေးပေ။ စစ်တပ်က ရေးဆွဲခဲ့သော ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေအရ လွှတ်တော်ထဲတွင် စစ်တပ်က ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်း ဆက်လက်ပါဝင်နေပြီး အခြေခံဥပဒေ ပြင်ဆင်ရေးကို ပယ်ချနိုင်သော ဗီတိုအာဏာ ရှိနေသည်။ အရေးကြီး ဝန်ကြီးဌာန ၃ ခုဖြစ်သည့် ပြည်ထဲရေး၊ ကာကွယ်ရေး နှင့် နယ်စပ်ရေးရာ ဝန်ကြီးဌာနများအား တပ်က ထိန်းချုပ်ထားဆဲဖြစ်သည်။
အစိုးရသစ်က ကြိုတင်ပြင်ဆင်မှု မရှိ၊ ဆောင်ရွက်မှုများသည်လည်း ရောထွေးနေကြောင်း ဝေဖန်သူများက ပြောကြသည်။ အရေးတကြီး သတိထားရမည်မှာ ယနေ့အထိ အစိုးရသစ်၏ စီးပွားရေးမူဝါဒများက မရှင်းလင်းသေးခြင်း ဖြစ်သည်။ ထို့ကြောင့် ပြည်တွင်း ပြည်ပက စီးပွားရေး လုပ်ငန်းရှင်များ၊ ရင်းနှီးမြှုပ်နှံသူများကြားမှာ စိတ်ပျက်မှုများ ဖြစ်နေစေသည်။
ဦးသိန်းစိန် လက်ထက် အကောင်အထည်ဖော်ခဲ့သော ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များနှင့် အတူ မြန်မာနိုင်ငံသည် ဒေသတွင်းတွင် ဒီမိုကရေစီ အခွင့်အရေးများ အတိုင်းအတာတခုအထိ ရရှိနေသည့် နိုင်ငံတခုဖြစ်ခဲ့သည်။ သို့သော်လည်း ငြိမ်းချမ်းရေးနှင့် ကြီးပွားချမ်းသာရေးများ မရရှိနိုင်သေးသလို ဘာသာရေးအခြေခံဝါဒီ အဖွဲ့အစည်းအချို့ ဆက်လက် လှုပ်ရှား နေနိုင်ခဲ့သည်။
မြန်မာပြည်သူများမှာမူ အစိုးရသစ် ပထမ ၅ နှစ်သက်တမ်းအတွင်း ငြိမ်းချမ်းရေး၊ ကြီးပွားရေးများ ဆောင်ကျဉ်းနိုင်ရေး နှင့် ဒေသတွင်း တက်ကြွသောနိုင်ငံတခု အဖြစ်ဖွံ့ဖြိုးလာရေးကဲ့သို့ ကြီးမားသော အောင်မြင်မှုများ မြင်တွေ့ရန် မျှော်လင့်နေကြ ပါကြောင်း။