ဩဂုတ်လ ၁၇ ရက် ဗုဒ္ဓဟူးနေ့တွင် စတင်သော နိုင်ငံတော်အတိုင်ပင်ခံနှင့် နိုင်ငံခြားရေး ဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်၏ ၄ ရက်ကြာ တရုတ်ပြည် ခရီးစဉ်တွင် မြန်မာပြည်သူ အများအပြားက မလိုလားသော မြစ်ဆုံရေကာတာစီမံကိန်းက အရိပ်မိုးနေသည်။ တရုတ်ပြည်အနေဖြင့် အမေရိကန်ဒေါ်လာ ၃ ဒဿမ ၆ ဘီလီယံ တန်ဖိုးရှိ မြစ်ဆုံစီမံကိန်းအပါအဝင် မြန်မာနိုင်ငံတွင်း တရုတ်၏ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများအပေါ် ဒေါ်အောင်ဆန်းစုကြည် ထောက်ခံလာစေရေး အရှိန်မြှင့် ကြိုးပမ်းလာနေခဲ့သည်။
တရုတ်သမ္မတ ရှီကျင့်ဖျင်သည် ယမန်နှစ်က အတိုက်အခံခေါင်းဆောင်အဖြစ်နှင့်ပင် ဒေါ်အောင်ဆန်းစုကြည်အား ဘေဂျင်းသို့ ဖိတ်ခေါ်တွေ့ဆုံခဲ့သည့်အပြင် မြန်မာအစိုးရသစ် ဖွဲ့စည်းပြီးလျှင်ပြီးချင်းလည်း ဧပြီလတွင် နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီကို ရန်ကုန်သို့ စေလွှတ်ခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်နှင့် ယှဉ်တွဲပြီး နေပြည်တော် သတင်းစာရှင်းလင်းပွဲတွင် ဝမ်ယီကလည်း မြန်မာ့အကူးအပြောင်းကို ထောက်ခံမည်ဖြစ်ကြောင်း အာမခံသွားခဲ့သည်။
ဇူလိုင်လကုန်ပိုင်း ရက်များ၌ ကချင်ပြည်နယ် မိုင်ဂျာယန်တွင် ကျင်းပသော တိုင်းရင်းသားများ ဆွေးနွေးပွဲသို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန အာရှရေးရာ အထူးကိုယ်စားလှယ် ဆွန်ကူရှန်း တက်ရောက်ပြီး ဒေါ်အောင်ဆန်းစုကြည် ကမကထပြု ကျင်းပမည့် “၂၁ ရာစု ပင်လုံ”ဟု အများက ခေါ်ဆိုကြသည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲ ညီလာခံကို တိုင်းရင်းသားအဖွဲ့တိုင်း တက်ရောက်ရန် တိုက်တွန်းခဲ့ခြင်းကလည်း တရုတ်-မြန်မာ အခြေစိုက် ဝနှင့် ၎င်း၏ မဟာမိတ်လက်နက်ကိုင်တပ်ဖွဲ့များ အစိုးရသစ်နှင့် ညှိနှိုင်းစကားပြောပွဲများ ဖြစ်လာစေခဲ့သည်။ ယင်းသို့ဆိုလျှင် ၂ နိုင်ငံနယ်ခြားတွင် ၂ ဘက် စစ်တပ်များ တိုးချဲ့ချထားသည်အထိ တင်းမာလာစေခဲ့သော မြန်မာပြည်တွင်း လက်နက်ကိုင် ပဋိပက္ခများ ချုပ်ငြိမ်းသွားစေရေး လမ်းစပေါ်လာပြီဟု မျှော်လင့်စရာ ဖြစ်လာခဲ့သည်။
တရုတ်တို့အနေဖြင့် မြန်မာ့နိုင်ငံရေး အပြောင်းအလဲဖြစ်စဉ်ကို အပြုသဘောဆောင် ချည်းကပ်ဆက်ဆံလာနေသော်လည်း မြန်မာစစ်ခေါင်းဆောင်များနှင့် ရင်းနှီးသော ဆက်ဆံရေးကို ဆက်လက်ထိန်းထားလိုပုံလည်း ပေါ်သည်။ မကြာသေးမီကပင် နေပြည်တော် လာလည်သွားသော တရုတ်ကွန်မြူနစ်ပါတီ နိုင်ငံတကာ ဆက်ဆံရေးဝန်ကြီး မစ္စတာ ဆောင်းတောင်သည် အငြိမ်းစားဗိုလ်ချုပ်မှူးကြီး သန်းရွှေ၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ သမ္မတဟောင်း ဦးသိန်းစိန်၊ သူရဦးရွှေမန်းတို့နှင့် သူ၏ခရီးစဉ်အတွင်း တွေ့ဆုံသွားခဲ့သည်က သက်သေပင်။
ယင်းသို့ တွေ့ဆုံခြင်းသည် တရုတ်သံတမန်များအဆိုအရ “နိုင်ငံရေးအင်အားစု အသီးသီး”ကို လိုက်တွေ့ဆုံခြင်းဟု နားလည်နိုင်သော်လည်း ဒေါ်အောင်ဆန်းစုကြည်၏ တရုတ်ပြည်ခရီးစဉ် မတိုင်မီ အံကိုက်ဖြစ်သဖြင့် ၂၀၁၅ နိုဝင်ဘာ ရွေးကောက်ပွဲမှ ဒီမိုကရေစီနည်းကျ တက်လာသော မြန်မာအစိုးရသစ်အတွက် မျက်နှာပျက်စရာ ဖြစ်သည်။ တချိန်တည်းတွင် တရုတ်ကွန်မြူနစ်ပါတီ၏ အာဘော်ကို ထင်ဟပ်သော ဂလိုဘယ်လ်တိုင်းမ် သတင်းစာ၌ မြစ်ဆုံစီမံကိန်းကို သဘောတူ ခွင့်ပြုခြင်းဖြင့် တရုတ်တို့အပေါ်ထားရှိသည့် စိတ်သဘောထား ကောင်းမွန်သည်ကို ပြသရန် အယ်ဒီတာ့အာဘော် ရေးသားပြီး ဒေါ်အောင်ဆန်းစုကြည်ကို ကြိုဆိုပုံက သိပ်မနွေးထွေးပါ။
မြန်မာတို့၏ အကျိုးစီးပွားဖြစ်သော အမျိုးသား ရင်ကြားစေ့ရေးနှင့် ငြိမ်းချမ်းရေးကို တည်ဆောက်မှုလုပ်ငန်းစဉ်တွင် အိမ်နီးချင်း တရုတ်နိုင်ငံ၏ အရေးပါသော အနေအထားအား ဒေါ်အောင်ဆန်းစုကြည် လက်တွေ့ကျကျ နားလည်လက်ခံနိုင်ပြီး သံကြီးတမန်ကြီး ပီသစွာ ဆက်ဆံနိုင်ပါလိမ့်မည်။ လတ်တလော အစိုးရသစ်အနေဖြင့် ဧရာဝတီ မြစ်ဆုံ၊ မြစ်ညာ၊ မြစ်ဝှမ်းအတွင်း ရေအားလျှပ်စစ်စီမံကိန်းများ လေ့လာစိစစ်သုံးသပ်ရေးကော်မရှင် ဖွဲ့ပြီး နိုဝင်ဘာတွင် အစီရင်ခံစာ ထွက်ရှိစေမည်ဖြစ်သည်။
အစီရင်ခံစာမှ မည်သို့ဆိုလာစေ “လူထုဆန္ဒနှင့်အညီ” ကိုင်တွယ်ဖြေရှင်းသွားမည်ဟူသော ဒေါ်အောင်ဆန်းစုကြည်၏ ရွေးကောက်ပွဲကတိကို မဲဆန္ဒရှင်များက အမှတ်ရနေသေးသည်။ မြန်မာနိုင်ငံ၏ အသက်သွေးကြော ဧရာဝတီ မြစ်ကို ပိတ်ဆို့မည်ဖြစ်ပြီး စင်ကာပူကျွန်းထက် ပိုကြီးသော ရေလွှမ်းဧရိယာကို ဖန်တီးပေးမည့် မြစ်ဆုံရေကာတာ စီမံကိန်းကို ကန့်ကွက်နေခြင်းသည် တရုတ်ဆန့်ကျင်ရေး မဟုတ်ပါ။ အမေရိကန် သို့မဟုတ် ဂျပန်ကဲ့သို့ နိုင်ငံများမှ ထိုကဲ့သို့ ဒေသခံများ၏ လူမှုစီးပွားနှင့် သဘာဝပတ်ဝန်းကျင်အပေါ် အကြီးအကျယ် ထိခိုက်မည့် စီမံကိန်းများ လုပ်ဆောင်မည်ဆိုလျှင်လည်း ကန့်ကွက်မည်သာ။
ယခင်က စစ်အာဏာသိမ်း ခေါင်းဆောင်များကိုသာ အကာအကွယ်ပေး ထောက်ခံခဲ့သောကြောင့် အများပြည်သူ မြန်မာများကြားတွင် တည်ရှိနေခဲ့သော တရုတ်ဆန့်ကျင်ရေး သဘောထားများ အမှန်တကယ် လျော့ပါးသွားစေချင်ပါက မြစ်ဆုံရေကာတာ တည်ဆောက်ရေး ဖိအားပေး ပြောဆိုနေခြင်းများအား တရုတ်တို့ အနေဖြင့်စွန့်လွှတ်ရမည်။ အနာဂတ်တွင် ရေရှည်တည်တံ့နိုင်ပြီး နှစ်ဘက် အပြန်အလှန် အကျိုးတူဖြစ်မြောက်ရေး ရှေးရှုမည့် တရုတ် – မြန်မာ ဆက်ဆံရေး လမ်းပေါ်တွင် မြစ်ဆုံရေကာတာ စီမံကိန်းသည် အတားအဆီး ဖြစ်မနေသင့်ပါ။ ဆွေမျိုးပေါက်ဖော် ဆက်ဆံရေးသည် အမေရိကန်ဒေါ်လာ ၃ ဘီလီယံကျော်မျှသာ တန်သည်ဟု စျေးမဖြတ်သင့်ပေကြောင်း တင်ပြအပ်ပေသည်။