ယခုအပတ် မီဒီယာများ၌ ရန်ကုန်မြို့တွင် ဆယ်ကျော်သက်အရွယ် မိန်းကလေး ၂ ဦး အပေါ် မိသားစု တစုက ကျူးလွန် ခဲ့သော ကြမ်းကြုပ်ရက်စက်မှု အကြောင်းများ ပွင့်ကျလာသည်။ ကာလရှည်ကြာစွာ နှိပ်စက်ညှင်းပမ်းမှုများကြောင့် အမာရွတ် အထင်းသား ရှိနေကြသော အသက် ၁၆ နှစ်နှင့် ၁၇ နှစ် အရွယ် မိန်းကလေး ၂ ဦးတို့မှာ လုပ်အားခ မရဘဲ သို့မဟုတ် အနည်းငယ်မျှနှင့် ၅ နှစ်တာမျှ အိမ်တွင်း ကျွန်ပြုမှု ခံခဲ့ကြရသည်။
မစန်းကေခိုင်နှင့် မသဇင်တို့အပေါ် ကျူးလွန်ခဲ့သော ရာဇဝတ်မှုသည် မြန်မာနို်င်ငံ၏ စီးပွားရေးမြို့တော် ရန်ကုန် မြို့လယ်ကောင်တွင် ဖြစ်ပွားခဲ့ပြီး အပ်ချုပ်ဆိုင်လောကတွင် ထင်ရှားသော မိသားစုတခုက ကျူးလွန်ခဲ့ခြင်း ဖြစ်သည်။ သို့သော် ထိုထက်ပိုမို တုန်လှုပ်ဖွယ်ရာ ကောင်းသည်မှာ မြန်မာအမျိုးသား လူ့အခွင့်အရေးကော်မရှင် MNHRC က တရားဥပဒေအရ အရေးယူရန် တွန်းအားပေးရမည့် အစား ငွေကြေးဖြင့် ကြေအေးရန် အခွင့်အရေး ချိုးဖောက်ခံရသူများ၏ မိသားစုအပေါ် ဖိအားပေး ကျင့်သုံးခဲ့ခြင်း ဖြစ်သည်။
ညှဉ်းပမ်းနှိပ်စက်ခဲ့သူများက ထိုမိန်းကလေး ၂ ယောက်ကို လျှော်ကြေး ကျပ် ၅ သန်း ပေးခဲ့သည်။ တဦးအတွက် ကျပ် ၄ သန်းနှင့် အခြားတဦးအတွက် ကျပ် ၁ သန်းဖြစ်သည်။ ကျူးလွန်သူများက ၀န်ခံပြောကြားရန် ပျက်ကွက်သည့်အပြင် အိမ် အကူအဖြစ် ဆောင်ရွက်စဉ် ယင်းမိန်းကလေး ၂ ဦးက ၎င်းတို့ (ပြစ်မှုကျူးလွန်သူ) ကို မထေမဲ့မြင် လုပ်ခဲ့သည်ဟုသာ ဆိုသည်။ ထိုနောက် ဥပဒေအရ ပြန်လည် စစ်ဆေးမှု သို့မဟုတ် နောက်ဆက်တွဲ အစီအစဉ်မရှိဘဲ ရဲက ကျူးလွန်သူများကို လွှတ်ပေးလိုက်သည်။ အခြေခံကျကျ ဆိုရလျှင် အဆိုပါ မိန်းကလေးငယ် ၂ ဦး၏ ဘဝကို ဒေါ်လာ ၄၀၀၀ မျှနှင့် ဝယ်ယူခဲ့ကြသည်ကို လူ့အခွင့်အရေးကော်မရှင်နှင့် ရဲတို့က သဘောတူခဲ့သည်။
ပြစ်မှု၏ တိမ်အနက်နှင့် တင်ပြလာသော အထောက်အထားများ အရ ကျူးလွန်သူများသည် ထောင်ဒဏ် တသီတတန်း ပြဌာန်းထားသည့် စွဲချက်များကို ရင်ဆိုင်ရမည်ဖြစ်သည်။ မီဒီယာများနှင့် လူ့အခွင့်အရေးအဖွဲ့များ၏ ဖိအားကြောင့် လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဥပဒေပုဒ်မဖြင့် အရေးယူဆောင်ရွက်နေရပြီ ဖြစ်သည်။
အမျိုးသား လူ့အခွင့်အရေး ကော်မရှင်သည် မြန်မာနိုင်ငံသားများ၏ အခြေခံအခွင့်အရေးများကို ကာကွယ်ရန် ဟူသည့် ၎င်း၏ အခြေခံလုပ်ငန်းတာဝန်ကို ဆောင်ရွက်ရန် ပျက်ကွက်ခဲ့သည်။ အခွင့်အရေး ချိုးဖောက်ခံရသူများနှင့် ၎င်းတို့၏ မိသားစုများကို ကူညီပ့ံပိုးရမည့် အစား မြန်မာအမျိုးသား လူ့အခွင့်အရေး ကော်မရှင်သည် ယခုအမှုတွင် ပွဲစားဝင်လုပ်သည်။ မသေကောင်းမပျောက်ကောင်း ဖြစ်ခဲ့ရသည့် မိန်းကလေး ၂ ဦး လိုအပ်သည်မှာ ၎င်းတို့၏ အကျိုးကို ဆောင်မည့်သူ ဖြစ်သည်၊ ပွဲစားမလိုပါ။
ရုပ်ပိုင်းအရ ညှဉ်းပမ်းနှိပ်စက်မှု၊ အဓမ္မခိုင်းစေမှု၊ ကလေးသူငယ် လုပ်အား ခေါင်းပုံဖြတ်မှု သို့မဟုတ် နေအိမ်အတွင်း ချုပ်နှောင်ထားမှုများနှင့် ပတ်သက်၍ ဥပဒေနှင့် အညီ အရေးယူဆောင်ရွက်ရန် ရဲအဖွဲ့သို့ ထောက်ခံတင်ပြခြင်း မရှိသဖြင့် အမျိုးသား လူ့အခွင့်အရေး ကော်မရှင်သည် ကျူးလွန်သူနှင့် အခွင့်အရေးချိုးဖောက်ခံရသူ နှစ်ဖက်စလုံး အတွက် သတင်းစကားတခု ပါးလိုက်သည်။ ထိုသတင်းစကားမှာ ဤသို့သော ရာဇဝတ်မှုမျိုးသည် နောင်တွင်လည်း အရေးယူခံရခြင်း မရှိဘဲ ဆက်လက် ပေါ်ပေါက်နေဦးမည် ဟူသော သတင်းစကား ဖြစ်သည်။
နိုင်ငံတကာ အလုပ်သမားအဖွဲ့ (ILO) က ၂၀၁၅ ခုနှစ်တွင်ကောက်ယူခဲ့သော အချက်အလက်များအရ နိုင်ငံ၏ ကလေးသူငယ် ဦးရေ ခန့်မှန်းခြေ ၁၂ သန်း အနက် ၁ ဒသမ ၁ သန်းကျော်မှာ ကလေးလုပ်အားခိုင်းစေမှုနှင့် ပတ်သက်နေသော မြန်မာနိုင်ငံတွင် ဤအချက်မှာ လွန်စွာ အရေးပါသည်။ ဤသည်ကို နိုင်ငံတကာ အလုပ်သမားအဖွဲ ILO က “ကလေးသူငယ်များ၏ ငယ်ဘဝ ပယ်ဖျက်သော အန္တရာယ်ရှိသော အလုပ်”ဟု ဖွင့်ဆိုပြီး ရန်ကုန်မှ မိန်းကလေးငယ်နှစ်ဦး ကြုံတွေ့ရသောဖြစ်ရပ်နှင့် ကိုက်ညီနေသည်။
အမျိုးသား လူ့အခွင့်အရေး ကော်မရှင်သည် အပြောင်းအလဲ အတွက် အင်အားစုတခု ဖြစ်ပါက ၎င်းသည် အခွင့်အရေး ချိုးဖောက်ခံရသူများဘက်မှ အခိုင်အမာ ရပ်တည်ပြီး သင့်တင့်လျှောက်ပတ်သော ယန္တယားမှ တဆင့် တရားမျှတမှုကို တောင်းဆိုရမည်။ ဘောင်မဝင်သော မဆိုစလောက်ငွေကြေးဖြင့် ကြေအေးမှုကို ဖြစ်စေသော ကြားဝင် ဆောင်ရွက်မှုသည် မြန်မာနိုင်ငံ၏ ချိနဲ့နေပြီးသော တရားဥပဒေစိုးမိုးမှုကို ပိုမိုနိမ့်ကျသွားစေသည်။
သမ္မတရုံး၊ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ရုံး သို့မဟုတ် အမျိုးသမီးများနှင့် ကလေးငယ်များဆိုင်ရာ လွှတ်တော်ကော်မတီ တို့သည် ၎င်းတို့၏ လုပ်ပိုင်ခွင့်များကို သုံးပြီး ဤအမှုနှင့် ပတ်သက်၍ ထပ်မံသုံးသပ် သင့်ပါသည်။ တရားဥပဒေစိုမိုးမှု ပြန်လည်ထိန်းသိမ်းရေးမှာ ရွေးကောက်ပွဲကာလအတွင်း ဒေါ်အောင်ဆန်းစုကြည်၏ ဂါထာမန္တာန်များ အနက်တခု ဖြစ်ခဲ့သည်။ နှစ်နှင့်ချီ၍ နှိပ်စက်ခံရသော ဤကလေးနှစ်ယောက်၏ ဂုဏ်သိက္ခာ ပြန်လည် ထိန်းသိမ်းနိုင်ရန်သာမက နိုင်ငံတဝန်းမှ တနေ့တွင် တရားဥပဒေရှေ့မှောက်သို့ ရောက်လာကြမည်ဟု မျှော်လင့်ရသည့် အခွင့်အရေး ချိုးဖောက ်ကျူးလွန်နေသူများကိုလည်း တုန်လှုပ်သွားစေမည့် နည်းလမ်းဖြင့် ဤအမှုကို ပြန်လည် စိစစ်နိုင်ကြပါစေ။