လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့သည်မှာ တနှစ် ပြည့်ခဲ့ပြီ။ ပြည်သူလူထုက အကြောက်တရား ကင်းမဲ့စွာ ငြိမ်းချမ်းစွာဖြင့် မဲပေးရွေးချယ်ခဲ့သော ပြည်သူလူထု၏ အစိုးရ၊ မြန်မာနိုင်ငံ သမိုင်းတွင် နှစ်ပေါင်း ၅၀ အတွင်း ပထမဆုံးအကြိမ် အရပ်သား အစိုးရ အာဏာ လွှဲပြောင်း ရယူနိုင်ခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်က တရားဝင် ဦးဆောင်သော အစိုးရ မဟုတ်သော်လည်း သူ၏ ဩဇာနှင့် အမည်နာမ ကျော်ကြားမှု ကြောင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အစိုးရကို ပြည်သူက ပုံအောပေးခဲ့သော Mandate က ကြီးမား သလို မျှော်လင့်ချက်တွေလည်း ရှိခဲ့သည်။
ယခုအခါ ဝေဖန်သံတွေက ထောက်ခံပြောဆိုခဲ့သော အသံများကို စပြီး ဖုံးလွှမ်းလာနေပြီ ဖြစ်သည်။ NLD အစိုးရကလည်း ဝေဖန်မှု ပြုကြရန်လည်း ဖိတ်ခေါ်ထားသည်။
နိုင်ငံရေး အရ ပြောရလျှင် NLD အစိုးရ၏ ပခုံးပေါ်တွင် စစ်အစိုးရ အဆက်ဆက် မပြီးပြတ်ခဲ့သော State-building ဟုေခေါ်သော နိုင်ငံတော် တည်ဆောက်ရေးနှင့် Structure ဟုခေါ်သော ဖွဲ့စည်းတည်ဆောက်ပုံ ပြဿနာကို ဖြေရှင်းရန် ကျရောက်နေသည်။ စစ်အာဏာရှင်၏ ဆိုးမွေများဟု သတ်မှတ်နိုင်သည်။ နောက်တချက်က တိုင်းပြည်တွင် အရေးတကြီး လိုအပ်နေသော ငြိမ်းချမ်းရေးနှင့် ပြည်တွင်းစစ် ရပ်စဲရေး ဖြစ်သည်။
သို့သော် တိုက်ပွဲများ ထိုးစစ်များကြောင့် ငြိမ်းချမ်းရေးနှင့် ယုံကြည်မှု တည်ဆောက်ရေးက အလှမ်းဝေးနေဆဲ ဖြစ်သည်။
NLD အစိုးရက တပ်မတော် အပေါ်မှာ သြဇာသက်ရောက်ခြင်း မရှိဟု အများက သုံးသပ်ကြသည်။ ထို့အပြင် ရခိုင်ပြည်နယ်က ပဋိပက္ခသည် နိုင်ငံရေး နောက်ပြန်ဆွဲသွားနိုင်သည့် အလားအလာရှိပြီး နိုင်ငံတော် လုံခြုံရေးဆိုင်ရာ အန္တရာယ်များ ရှိနေသည်။ ထို့ကြောင့် လုံခြုံရေးတပ်ဖွဲ့များ၏ အခန်းကဏ္ဍက ရှေ့ကိုရောက်လာသည်ဟု သုံးသပ်ရသည်။
NLD အစိုးရ ဖွဲ့စည်းစဉ်ကတည်းက ဝေဖန်ခဲ့သည့် အသံများမှာ လုပ်ရည်ကိုင်ရည်နှင့် Vision ရှေ့ရေးအမြင် အားနည်းသော အစိုးရ အဖွဲ့ဝင် ဝန်ကြီးများနှင့် ဖွဲ့စည်းခဲ့ခြင်း ဆိုသော ဝေဖန်ချက်ပင် ဖြစ်သည်။ ဝန်ကြီးအဖွဲ့များ၏ အားနည်းချက်များအပြင် အားလုံးက နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၏ မီးစိမ်းပြသည်ကို စောင့်ပြီး လုပ်ဆောင်ရသည့် အချက်ကလည်း ကိုယ့်အားကိုယ်ကိုး ကိုယ့်ဝန်ကိုယ်ထမ်းပြီး ပါဝင် စွမ်းဆောင်ချင်သော စွမ်းအားကို ပိုပြီး လျော့ကျစေသည်။
စစ်အစိုးရဟောင်းများ လက်ထက် ဖိနှိပ်ချုပ်ချယ်ရေးအတွက် အသုံးပြုခဲ့သော ဥပဒေများကို ပြုပြင်ရန် ကြိုးပမ်းနေပြီး နိုင်ငံရေးအကျဉ်းသားများ အများအပြား လွှတ်ပေးခဲ့ခြင်းကို အသိအမှတ်ပြုရမည်။ သို့သော် ရွေးကောက်ပွဲကတိဖြစ်သည့် ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ရေး အလှမ်းဝေးနေဆဲ ဖြစ်ပြီး အကျဉ်းထောင် စနစ် ပြုပြင်ပြောင်းလဲရေး မစတင်နိုင်သေးပေ။ ရဲဘက်စခန်းများတွင် လူသေပျောက်မှုများ ရှိနေဆဲဖြစ်သည်။
နောက်တချက်မှာ တိုင်းပြည်၏ စီးပွားရေးနှင့် အဂတိလိုက်စားမှု ဖြစ်သည်။ စီးပွားရေး တိုးတက်မှု နှေးကွေး နေသည်ကို ဒေါ်အောင်ဆန်းစုကြည်က ဝန်ခံခဲ့သလို ပြည်တွင်း စီးပွားရးသမားများကလည်း အစိုးရအပေါ် ယုံကြည်မှု လျော့ကျလာခဲ့ပြီ ဖြစ်သည်။ ပြည်ပ ရင်းနှီးမြှုပ်နှံမှုကလည်း မျှော်လင့်သလို အားမကောင်းသေးပေ။ အစိုးရသစ်အနေဖြင့် လာဘ်မယူဟု ဆိုနိုင်သော်လည်း လာဘ်ပေးလာဘ်ယူမှ အလုပ်တွင်ကျယ်နေသည့် အစိုးရယန္တရားကမူ ခိုင်ခိုင်မာမာ ဖွဲ့တည်နေဆဲ ဖြစ်သည်။
စီးပွားရေးဆိုင်ရာ ပြုပြင်ပြောင်းလဲရေးက အလှမ်းကျယ် လွန်းသည်။ ရေရှည်အကျိုးကို မျှော်ပြီး လုပ်နေသည်ကို မြင်ရသော်လည်း ရေတိုဗျူဟာ မရှိပေ။ စီးပွားရေး လည်ပတ်မှု အားကောင်းပြီး အူမတောင့်မှ ဒီမိုကရေစီ သီလ စောင့်နိုင်မည် ဖြစ်သည်။ သို့မဟုတ်က ဒီမိုကရေစီ နောက်ကြောင်းပြန်နိုင်သည်။ ရုရှ အကူးအပြောင်း မအောင်မြင်သည်က သာဓက ဖြစ်သည်။
NLD အစိုးရလက်ထက်တွင် နိုင်ငံတကာ ဆက်ဆံရေးမှာတော့ အတော့်ကို အောင်မြင်နေသလို အရှေ့ အနောက် အစိုးရများနှင့် ဆက်ဆံရေးတွင် ပိုပြီး အားကောင်းလာသလို ထောက်ခံမှုလည်း ရရှိနေသည်။ တရုတ် အိန္ဒိယ ဂျပန်နှင့် အမေရိကန် ခရီးစဉ်များကို အစိုးရ ထိပ်သီးများ မဟာဗျူဟာ ကျကျ သွားရောက်ခဲ့သလို မြန်မာ အတွက် လိုအပ်နေသော အကူအညီ အထောက်အပံ့ စီးပွားရေး ပိတ်ဆို့မှုကို အပြီးအပိုင် ဖယ်ရှားပေးနိုင်မှု စသည်တို့ အပြင် တိုင်းပြည်၏ ပထဝီဝင် နိုင်ငံရေးအရ မဟာဗျူဟာကျသော အင်အားချိန်ခွင်ကို အင်အားကြီး နိုင်ငံကြီးများနှင့် ဆက်ဆံရာတွင် သတိကြီးစွာ ဆက်ဆံရေးကို ပြန်ထူထောင်ခဲ့သည်ကို တွေ့ရသည်။
အသက် ၇၁ နှစ်ရှိပြီ ဖြစ်သော ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးနှင့် အနာဂတ်တွင် သူ၏ ခေါင်းဆောင်သွားနိုင်မှု အချိန်ကာလ အပိုင်းအခြားကိုလည်း ထည့်သွင်းစဉ်းစားရမည် ဖြစ်သည်။ ဒုတိယမျိုးဆက် ခေါင်းဆောင်များ အပေါ် လက်ဆင့်ကမ်းပေးမှု မပြီးပြတ်သေးသော တည်ဆောက်ရေး၊ အခြေခံ အဖွဲ့အစည်းများ အားကောင်းရေး၊ တရားဥပဒေ စိုးမိုးရေးနှင့် ငြိမ်းချမ်းတည်ငြိမ်ရေးတို့ အပြင် တိုင်းရင်းသားများ မျှော်မှန်းတမ်းတနေသော ဖက်ဒရယ် ဒီမိုကရက်တစ် ပြည်ထောင်စုမှာ NLD အစိုးရသစ်၏ လက်ရှိ ၅ နှစ် သက်တမ်းအတွင်း အလုံးစုံ ရရှိရန် ခဲယဉ်းပေလိမ့်မည်။
NLD အစိုးရနှင့် ပျားရည်ဆမ်းခရီးကတော့ ကုန်ဆုံးခဲ့ပြီ ဖြစ်သည်။ များပြားလှသော စိန်ခေါ်မှုများက တန်းစီစောင့်နေပြီ ဖြစ်သည်။ မျှော်မှန်းချက်များ မပြည့်ဝသော် စိတ်ပျက်လက်ပျက် ဖြစ်လာနိုင်သည်ကိုလည်း NLD အား ထောက်ခံမဲပေးခဲ့ကြသူ လူအများ သတိမူသင့်သည်။