စင်ကာပူသို့ ဒေါ်အောင်ဆန်းစုကြည် ခရီးစဉ်သည် အနာဂတ်တွင် မြန်မာနိုင်ငံအတွက် ပိုမိုများပြားသော မျှော်လင့်ချက်နှင့် အခွင့်အလမ်းများ ဆောင်ယူပေးနိုင်သည်။
သို့သော် စင်ကာပူကို အနှစ် ၂၀ အတွင်း စီးပွားရေးအရ ကျော်တက်မည်ဟူသည့် လက်တွေ့ မကျသော စကားမှာ စင်ကာပူ နိုင်ငံသားများအကြားတွင်သာမက မြန်မာနိုင်ငံသားများ အကြားတွင်ပါ ရယ်မော ဝေဖန်စရာ ဖြစ်ခဲ့သည်။
မြန်မာနိုင်ငံသည် အာရှကျား စီပွားရေးများအနက် တနိုင်ငံဖြစ်ရန် ၎င်း၏ အခွင့်အလမ်းကို လွန်ခဲ့သော နှစ်ပေါင်းများစွာကပင် ဆုံးရှုံးခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်၏ အစိုးရအဖွဲ့ ပထမ ၆ လသက်တမ်းအတွင်း စီးပွားရေးနှေးကွေးနေသည်ကို ဒေါ်အောင်ဆန်းစုကြည်က ဝန်ခံခဲ့ပြီးဖြစ်သည်။ စင်ကာပူကို နှစ် ၂၀ အတွင်း ကျော်တက်ရန် ပြောခြင်းသည် ရိုသေလေးစားခံရသော ကွယ်လွန်သူ ဝန်ကြီးချုပ်ဟောင်း လီကွမ်ယူကို အမှတ်ရစေသော သံတမန်စကားပြောဆိုရန် ကြိုးစားခြင်းလည်း ပိုဖြစ်နိုင်သည်။
၁၉၆၅ ခုနှစ်တွင် လီကွမ်ယူသည် စင်ကာပူ လွတ်လပ်ရေးရသည်ကို ကြုံတွေ့ရသောအခါ သူက မြန်မာနိုင်ငံကို နှစ်၂၀ အတွင်း စီးပွားရေးအရ အမီလိုက်ရန် သူ၏ဆန္ဒကို ထုတ်ဖော်ပြောကြားခဲ့သည်။ သူသည် အောင်မြင်မှုကို ရရှိပြီး စင်္ကာပူကို စီးပွားရေးအင်အားတောင့်သည့် နိုင်ငံတခုအဖြစ် တည်ဆောက်နိုင်ခဲ့သည်။
မြန်မာနိုင်ငံ၏ လက်ရှိပြဿနာများဖြစ်သော မညီညွတ်မှု၊ မတည်ငြိမ်မှု၊ အလုပ်လက်မဲ့နှုန်းမြင့်မားမှု၊ ဆင်းရဲနွမ်းပါးမှုနှင့် သဘာဝသယံဇာတအပေါ် အလွန်အကျွံ မှီခိုနေရမှုများကို ဒေါ်အောင်ဆန်းစုကြည် သိရှိသည်။ တိုင်းပြည်သည် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားရေးဖွံ့ဖြိုးမှုကို အလွန်အမင်း လိုအပ်နေကြောင်း၊ ထိုစီးပွားရေးဖွံ့ဖြိုးမှုသည် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး လိုအပ်ကြောင်းတို့ကို ဒေါ်အောင်ဆန်းစုကြည် နားလည်သည်။ သို့သော် သူသည် သတိကြီးသော အကောင်းမြင်ဝါဒကို ဆက်လက်ဆုပ်ကိုင်ထားသည်။
သူ၏ လက်ရှိအလုပ်မှာ ရင်းနှီးမြှုပ်နှံသူများကို စွဲဆောင်ရန်ဖြစ်သည်။ အကြီးအကျယ် မျှော်လင့်စောင့်စားနေသော ရင်းနှီး မြှုပ်နှံမှုဥပဒေ ၂၀၁၇ ခုနှစ် ဧပြီလတွင် စတင်အသက်မဝင်မီ မြန်မာနိုင်ငံသည် စီးပွားရေးလုပ်ငန်းများနှင့် သဟဇာတ ဖြစ်ကြောင်း ပြသရန် အချိန်ကျရောက်နေပြီဖြစ်သည်။
စင်ကာပူကဲ့သို့ ကျွန်းငယ်လေးတခု အာရှစီးပွားရေး အင်အားကြီးနိုင်ငံဖြစ်လာပုံကို ကမ္ဘာတလွှား လေးစားအားကျကြသည်။ ၂၀၁၅ ခုနှစ်က ၂ နိုင်ငံကုန်သွယ်မှု ဒေါ်လာ ၃.၅ ဘီလီယမ်ဖြင့် စင်္ကာပူသည် မြန်မာနိုင်ငံတွင် တရုတ်ပြီးလျှင် ဒုတိယ အကြီးမားဆုံးရင်းနှီးမြှုပ်နှံသူအဖြစ် ဆက်လက်ရှိနေသည်။ ၂၀၁၆ ခုနှစ် ဧပြီလတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အာဏာရပြီးနောက် ဇွန်လတွင် ဝန်ကြီးချုပ်လီရှန်လွန်းသည် မြန်မာနိုင်ငံသို့ ပထမဆုံးသွားရောက်သော နိုင်ငံအကြီးအကဲဖြစ်သည်။
မြန်မာနှင့် စင်္ကာပူတို့သည် ကိုလိုနီပြု သိမ်းပိုက်ခံရသည့် တူညီသောသမိုင်းကြောင်းနှင့် အရှေ့တောင်အာရှအိမ်နီးချင်းများ အကြား ရှည်ကြာသော ခင်မင်ဆက်ဆံရေးများ ရှိကြသည်။ ဝန်ကြီးချုပ်လီရှန်လောင်းသည် ဒေါ်အောင်ဆန်းစုကြည်ကို လီကွမ်ယူနှင့် ဒေါ်ခင်ကြည်တို့ ၂ ဦး၏ ဓာတ်ပုံကို လက်ဆောင်အဖြစ် ပေးစဉ် ထိုရှည်လျားလှသော နှစ်နိုင်ငံဆက်ဆံရေးကို နှစ်လိုဖွယ်ရာ ရည်ညွန်းနေသည်။
၁၉၉၆ ခုနှစ်တွင် လီကွမ်ယူသည် ဒေါ်အောင်ဆန်းစုကြည်ကို ဝေဖန်သူတဦး ခဏတာမျှ ဖြစ်ခဲ့ဖူးသည်။ မြန်မာစစ်တပ်သည် တိုင်းပြည်ကို တည်ငြိမ်အောင်ထိန်းကာ ပြည်တွင်းစစ်ကို တားဆီးနိုင်သည့် “တခုတည်းသော မဏ္ဍိုင်အဖွဲ့အစည်း” ဖြစ်သည်ဟု ပြောပြီး ဒေါ်အောင်ဆန်းစုကြည် အာဏာရလျှင်ပင် သူမ၏ အုပ်ချုပ်နိုင်စွမ်းကို ပြောင်ကျကျ မေးခွန်းထုတ်ခဲ့သည်။
၁၉၉၆ ခုနှစ်က လီကွမ်ယူ စကားကြောင့် အရှေ့တောင်အာရှရှိ စင်္ကာပူသံရုံးများရှေ့ ဒေါသတကြီးကန့်ကွက် ဆန္ဒပြမှုများ ပေါ်ပေါက်ခဲ့သည်။ အချို့သော ဆန္ဒပြသူများက လီကွမ်ယူ အရုပ်များကို မီးရှို့ ကြသည်။ စင်္ကာပူနိုင်ငံ၏ ဖခင်ကြီးမှာ ကိုယ့်အလုပ်ကိုယ်လုပ်ပြီး မြန်မာပြည်သူများကို မစော်ကားရန် သတိပေးခံရသည်။
“မစ္စတာလီဟာ လူတော်တယောက်ပါ။ ဒါပေမယ့် သူ အမြဲတန်းတော့ မမှန်ပါဘူး” ဟု အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၏ ၁၉၉၆ ခုနှစ်က ကြေညာချက်တခုတွင် ဖော်ပြထားသည်။
လီကွမ်ယူက သူ၏ စိတ်ထဲမှ စကားများကို ပြောကြားခဲ့ပြီး ဆယ်စုနှစ်၂ ခု ကုန်ဆုံးသွားခဲ့သော်လည်း သူ၏ စူးရှသော နိုင်ငံရေးအမြင်များမှာမူ ဆက်လက် ရှင်သန်နေသည်။
ယနေ့ အာရှမြို့တော်အချို့တွင် ရခိုင်ပြည်နယ်မှ မွတ်ဆလင်များအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု စွပ်စွဲချက်များနှင့် ပတ်သက်၍ ကန့်ကွက်ပြောဆိုမှုများ ရှိနေသည်။ ဒေါ်အောင်ဆန်းစုကြည်သည် စီစဉ်ထားသော အင်ဒိုနီးရှားခရီးစဉ်ကိုပင် ရွှေ့ ဆိုင်းခဲ့ပြီးဖြစ်သည်။
ဝိရောဓိဖြစ်နေသောအချက်မှာ လီကွမ်ယူ သက်ရှိထင်ရှားရှိနေသေးလျှင် ဒေါ်အောင်ဆန်းစုကြည်နှင့် ခင်ခင်မင်မင် စကားပြောနိုင်မည်လား။
ဒေါ်အောင်ဆန်းစုကြည်အစိုးရသည် မြန်မာနိုင်ငံတွင် သတင်းထောက်နှင့် အွန်လိုင်းတက်ကြွလှုပ်ရှားသူ အများအပြားကို အီလက်ထရွန်းနစ်ဥပဒေအရ ရာဇဝတ်မှုဖြင့် တရားစွဲဆိုနေခဲ့သည်။ မြန်မာနိုင်ငံရှိ သတင်းခန်းများတွင် မိမိကိုယ်မိမိ ဆင်ဆာ ဖြတ်တောက်ရမှုများ လွှမ်းမိုးနေပြီး အာဏာပိုင်စနစ်ပုံစံ ခေါင်းဆောင်မှုဖြင့် သည်းမခံသော နိုင်ငံရေးယဉ်ကျေးမှုကို ပြန်ကြုံတွေ့နေရသည်။
လီကွမ်ယူက ဒေါ်အောင်ဆန်းစုကြည်ကို မျက်မှောင်ကြုတ်ကြည့်ပြီး “အစက ငါမပြောဘူးလား” ဟု ပြောပုံကို မျက်စိတွင်မြင်နိုင်သည်။
လီကွမ်ယူသည် ဗိုလ်ချုပ်နေဝင်း၏ မိတ်ဟောင်းဆွေဟောင်းဖြစ်သည်။ ၁၉၇၀ ခုနှစ်များက ထိုကျွန်းငယ်လေးမှ သူများသည် မြန်မာနိုင်ငံသို့ သွားရောက်လည်ပတ်ရန် စိတ်ကူးယဉ်အိပ်မက် မက်နေခဲ့ကြသည်။ မြန်မာနိုင်ငံ၏ သယံဇာတများသည် ရတနာသိုက်ဖြစ်သည်ဟု သူတို့ ထင်ခဲ့ကြသည်။
လီကွမ်ယူနှင့် ဦးနေဝင်းတို့ ဂေါက်အတူရိုက်စဉ် မြန်မာနိုင်ငံ၏ အာရှကျားဖြစ်လာနိုင်သည့် အလားအလာကို လီက မြင်ခဲ့သည်။ တိုင်းပြည်ကို တံခါးဖွင့်ပြီး ခရီးသွားလုပ်ငန်းလုပ်ရန် လီက အာဏာရှင်ကြီးကို ဖျောင်းဖျသော်လည်း ထိုစကားမှာ လူသေကောင်၏ နားဝတွင် ပြောသောစကားဖြစ်ခဲ့ရသည်။
ဦးနေဝင်းနှင့် သူ၏ စစ်ဗိုလ်ချုပ်ကြီးများသည် စင်ကာပူရှိ ၎င်းတို့၏ ဘဏ်စာရင်းတွင် ဒေါ်လာသန်းပေါင်းများစွာကို အပ်နှံရန် မကြာခဏ သွားကြသည်။ ထို့အပြင် ခြေင်္သ့မြို့တော်မှာ မြန်မာနိုင်ငံရှိ သူဌေးကြီးများနှင့် ဗိုလ်ချုပ်ကြီးများအတွက် ပထမတန်းစားဆေးရုံများတွင် ဆေးကုသမှုခံရန် စိတ်ကြိုက်နေရာလည်းဖြစ်သည်။ လီကွမ်ယူနှင့် ဦးနေဝင်းတို့ အကြား ရင်းနှီးသော ဆက်ဆံရေးရှိသော်လည်း လွန်ခဲ့သောဆယ်စုနှစ်အတွင်း မြန်မာနိုင်ငံတွင် တိုးတက်မှု မရှိသည့်အခါ နောက်ပိုင်းတွင် လီက စိတ်ထဲရှိသည့်အတိုင်းပြောတော့သည်။
မြန်မာနိုင်ငံကို အုပ်ချုပ်သောဗိုလ်ချုပ်ကြီးများသည် ထုံထိုင်းပြီး အကင်းမပါးကြဟု လီကွမ်ယူ ပြောသည်ဟု ပေါက်ကြားသွားသော ၂၀၀၇ ခုနှစ် အမေရိကန်သံတမန်ကြေးနန်းတခုက ဆိုသည်။ ထိုကြေးနန်းအရ ဆိုပါက “စစ်အစိုးရခေါင်းဆောင်များ နှင့် စကားပြောရသည်မှာ အသေကောင်နှင့် စကားပြောရသည်နှင့်တူသည်”ဟု လီကွမ်ယူက အမေရိကန်သံတမန်များကို ပြောခဲ့သည်။
ဗိုလ်ချုပ်ကြီးများသည် တိုင်းပြည်၏ သယံဇာတများကို မှားယွင်းစွာ စီမံခန့်ခွဲပြီး သူတို့ကို လွန်ခဲ့သော ဆယ်စုနှစ်တခု လောက်ကပင် လက်လျှော့ထာပြီးဖြစ်ကြောင်း လီကွမ်ယူက ပြောခဲ့သည်။
ယခု ဒေါ်အောင်ဆန်းစုကြည် အာဏာရလာခဲ့ပြီးဖြစ်သည်။ သူမနှင့် သူမ၏ အစိုးရအဖွဲ့သည် ရည်မှန်းချက်ရှိပါက တိုင်းပြည်ကို လမ်းကြောင်းမှန်ပေါ် ပြန်တင်ရန် သမိုင်းဝင် အခွင့်အလမ်း ရလာပြီဖြစ်သည်။
နှစ် ၂၀ ဆိုသည်မှာ လီကွမ်ယူက ဆင်းရဲမွဲတေနေသော နိုင်ငံကို ပိုမိုကြိုးစားရမည့် စိန်ခေါ်မှုတခုအကြောင်း ပြောခဲ့သည့် စူးရှသော မှတ်ချက်သာ ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်လည်း မြန်မာနိုင်ငံကို တိုးတက်အောင် လုပ်နိုင်လိမ့်မည်ဟု မျှော်လင့်ရပေသည်။