တရုတ်နိုင်ငံသို့ သွားရောက်သည့် ပထမဆုံး ခရီးစဉ် အတွင်းတွင် မြန်မာ သမ္မတ ဦးထင်ကျော် အနေဖြင့် တရုတ်သမ္မတ ရှီကျင်ဖျင့် အပါအဝင် တရုတ်ခေါင်းဆောင်များ နှင့် အရေးပါသော ကိစ္စ အတော်များများကို ဆွေးနွေးလိမ့်မည် ဖြစ်သည်။ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုုကြည်၏ ကျောထောက်နောက်ခံဖြင့် သမ္မတ ဦးထင်ကျော်က ၂ နိုင်ငံ ကြားတွင် ဆွေမျိုးပေါက်ဖော် ဆက်ဆံရေးကို မြှင့်တင်ရာ၌ အရေးပါသောနေရာတခုမှ ပါဝင်ရတော့မည် ဖြစ်သည်။
ဦးထင်ကျော် မလွဲမသွေ ရင်ဆိုင်ရမည့် ခေါင်းစဉ်များထဲမှ တခုမှာ ကချင်ပြည်နယ်မှ အငြင်းပွားဖွယ်ရာ မြစ်ဆုံဆည် ကိစ္စ ဖြစ်လာပါလိမ့်မည်။ မြန်မာနိုင်ငံအတွင်းမှ အခြားသော ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်း များကို ဆွဲဆောင်သည့် အနေဖြင့် တရုတ်နိုင်ငံက အမေရိကန်ဒေါ်လာ ၃.၆ ဘီလီယံတန်ဖိုး ရှိသော မြစ်ဆုံစီမံကိန်းကို စွန့်လွှတ်ရန် ဆန္ဒရှိကြောင်း ဖော်ပြခဲ့ သည်ဟု ဧပြီလ ၆ ရက်နေ့တွင် Reuters သတင်းတပုဒ်က ဆိုသည်။ သို့သော်လည်း တရုတ်နိုင်ငံက အဆိုပါစီမံကိန်း အတွက် အမေရိကန် ဒေါ်လာ သန်းနှင့်ချီ၍ သုံးစွဲခဲ့ပြီး ဖြစ်သည့်အတွက် စီမံကိန်းကို ရပ်ဆိုင်းလိုက်ခြင်းကြောင့် မြန်မာ နိုင်ငံက တရုတ်နိုင်ငံကို နစ်နာကြေးပေးရမည့် အနေအထားတခုသို့ ရောက်သွားနိုင်ခြင်းအပေါ် စိုးရိမ်မှုများ ရှိနေဆဲ ဖြစ် ပါသည်။
တနိုင်ငံလုံးက ပြင်းပြင်းထန်ထန် ဆန့်ကျင်ကန့်ကွက်ခဲ့ကြပြီးနောက် လျှပ်စစ်ဓာတ်အား မီဂါဝပ် ၆၀၀၀ ထုတ်လုပ်ပေးနိုင် မည့် စီမံကိန်းကို ယခင်သမ္မတ ဦးသိန်းစိန် လက်ထက်တွင် ဆိုင်းငံ့ထားခဲ့သော်လည်း လုံးလုံးလျားလျား ပယ်ဖျက်ခြင်း မပြုခဲ့ပါ။ ဒေါ်အောင်ဆန်စုကြည်၏ ၂၀၁၆ ခုနှစ် သြဂုတ်လက တရုတ်နိုင်ငံ ခရီးစဉ် မတိုင်မီအချိန်တွင် သမ္မတ ဦးထင် ကျော်က မြစ်ဆုံအပါအဝင် ဧရာဝတီမြစ်ပေါ်တွင် တည်ဆောက်ရန် အဆိုပြုထားသော ရေအားလျှပ်စစ် စီမံကိန်းများကို သုံးသပ်စစ်ဆေးရန် ကော်မရှင် အသစ်တခုကို ဖွဲ့စည်းခဲ့သည်။ ထိုသို့ ကော်မရှင်တခု ဖွဲ့စည်းလိုက်ခြင်းက မြန်မာနိုင်ငံသည် တရုတ်နိုင်ငံ၏ လောင်းရိပ်အောက်မှ ထွက်ခွာနေကြောင်း အနောက်နိုင်ငံများကို အချက်ပေးလိုက်ခြင်း ဖြစ်သည်ဟု လေ့ လာသုံးသပ်သူ အချို့က ရှုမြင်ခဲ့ကြသည်။
ကော်မရှင်က ၎င်းတို့၏ ပထမဆုံး လေ့လာသုံးသပ်ချက် အစီရင်ခံစာကို သမ္မတထံ နိုဝင်ဘာလ ၁၁ ရက်နေ့ နောက်ဆုံး ထား၍ တင်ပြရမည် ဖြစ်သော်လည်း စီမံကိန်းနှင့် ပတ်သက်သော ဗျူဟာမြောက်ဆုံးဖြတ်ချက်က ခက်ခဲမည့်အသွင် ရှိနေပါသည်။
၂၀၁၃ခုနှစ်တွင် မြန်မာနိုင်ငံအလယ်ပိုင်းမှ တရုတ်နိုင်ငံ၏ နောက်ထပ် ရင်းနှီးမြှုပ်နှံမှု စီမံကိန်းတခု ဖြစ်သော လက်ပံတောင်း ကြေးနီသတ္တုတွင်းကို ဆက်လက်လုပ်ဆောင်ခွင့်ပြုလိုက်သည့်အတွက် ဒေါ်အောင်ဆန်းစုကြည် အပေါ် ပြင်းထန်စွာဝေဖန် မှုများ ရှိခဲ့သည်။
ကြေးနီတွင်း စီမံကိန်းကို ဒေသခံများက ဆန့်ကျင်ကန့်ကွက်ခဲ့ကြပြီး မတည်ငြိမ်မှုများကို ထိန်းသိမ်း ရန် အတွက် ယခင်အစိုးရက ရဲတပ်ဖွဲ့ကို စေလွှတ်ခဲ့သည်။ ၂၀၁၂ ခုနှစ် နိုဝင်ဘာလ အတွင်းက ဆန္ဒပြသူများ၏ သပိတ်စခန်းကို ရဲတပ်ဖွဲ့ အရုဏ်တက်ချိန် မတိုင်မီ ဝင်ရောက်စီးနင်းခဲ့ရာ လူ ၁၀၀ ကျော် ထိခိုက် ဒဏ်ရာ ရရှိခဲ့သည်။ အဖြစ်အပျက်ကို စုံစမ်း စစ် ဆေးရန်နှင့် ဆန့်ကျင်ကန့်ကွက်မှုများ များပြားလာနေသည့် စီမံကိန်းကို ဆက်လုပ်ရန် သင့်မသင့် လေ့လာဆန်း စစ်ရန် (ထိုစဉ်) လွှတ်တော်ကိုယ်စားလှယ် တဦးဖြစ်သည့် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော ကော်မရှင်တခုကို ယခင် အစိုးရက ဖွဲ့စည်းခဲ့သည်။
ကော်မရှင်၏ အစီရင်ခံစာက စီမံကိန်းကို ဆက်လက်ဆောင်ရွက်ရန် အကြံပြုခဲ့သော်လည်း သဘာဝ ပတ်ဝန်းကျင် ဘေးကင်း လုံခြုံရေးဆောင်ရွက်ရန်၊ ဒေသခံ အသိုင်းအဝိုင်း စီးပွားဖြစ်ထွန်းစေရေး အတွက် ဖန်တီးပေးရန်နှင့် မြေသိမ်း ယူခြင်းခံရသော ကျေးလက်ပြည်သူများကို လျော်ကြေးပေးရန် လည်း အကြံပေးခဲ့သည်။ ယခုအချိန်အထိ သဘောထားကွဲ လွဲမှုများဖြင့် ဆူပွက်နေဆဲဖြစ်သလို သတ္တုတွင်းနှင့် ပတ်သက်၍ အုပ်ချုပ်သူများက မျက်နှာသာပေးသည်ကို အကြောင်းပြု ၍ ဆန္ဒပြပွဲများ ရုန်းရင်းဆန်ခတ်မှုများ အခါအားလျှော်စွာ ရှိနေဆဲဖြစ်သည်။
စိတ်ဝင်စရာ ကောင်းသည်မှာ ရခိုင်ပြည်နယ်တွင် တရုတ်နိုင်ငံက ဆောင်ရွက်နေသည့် အရေးပါသော ဗျူဟာမြောက် စီမံကိန်းများမှာမူ လက်ပံတောင်းနှင့် မြစ်ဆုံတို့ နှင့် စာလျှင် မီဒီယာများ၏ အာရုံစိုက်မှု နှင့် တက်ကြွလှုပ်ရှားသူတို့၏ တောင်းဆိုမှုများ နည်းပါးနေခြင်း ဖြစ်သည်။ အဆိုပါ စီမံကိန်းများထဲတွင် ကျောက်ဖြူက ရေနက်ဆိပ်ကမ်းတခုလည်း ပါဝင်သည်။ တရုတ်နိုင်ငံက ကြီးမားစွာ ရင်းနှီးမြှုပ်နှံထားသော ကျောက်ဖြူ-ယူနန် ရေနံပိုက်လိုင်းနှင့် အထူး စီးပွားရေး ဇုန် တခုလည်း ထိုနေရာတွင် ရှိနေသည်။ ထိုအချိန်တွင် အဆိုပြုထားသည့် ကျောက်ဖြူ-ယူနန် ရထားလမ်း စီမံကိန်းကလည်း ဆန့်ကျင်ကန့်ကွက်မှုများ နှင့် ရင်ဆိုင်နေရပြီး ပယ်ဖျက်ခဲ့သည်ဟု သိရသည်။
ကျောက်ဖြူဒေသမှ စီမံကိန်းများက တရုတ်နိုင်ငံ အတွက် မဟာဗျူဟာကျသော ဘင်္ဂလား ပင်လယ်အော်သို့ ရောက်ရှိနိုင် သည့် အခွင့်အရေးပေးနိုင်ပြီး အိန္ဒိယသမုဒ္ဒရာအထိ သြဇာတိုးချဲ့နိုင်မည် ဖြစ်သည်။ ထို့ပြင် ကုန်သွယ်ရေးလမ်းကြောင်း များကို ချိတ်ဆက်၍ သြဇာလွှမ်းမိုးမှုကို မြှင့်တင်ပေး နိုင်မည့် တရုတ်နိုင်ငံ၏ ခေတ်သစ်ပိုးလမ်းမ မူဝါဒကိုလည်း အထောက် အကူပေးနိုင်မည် ဖြစ်သည်။ ထိုရည်ရွယ်ချက် အတွက် တရုတ်နိုင်ငံက ပါကစ္စတန်၊ သီရိလင်္ကာနှင့် ဘင်္ဂလားဒေ့ရှ်တို့တွင် ဆိပ်ကမ်း စီမံကိန်းအများအပြား အကောင်အထည်ဖော်ခဲ့သည်။ တရုတ်အစိုးရက စီးပွားရေးနှင့် နိုင်ငံရေး သြဇာကို ဖြန့်ကျက်ရာတွင် ကျောက်ဖြူက သော့ချက်နေရာ တခုဖြစ်လာသည်။
မြန်မာနိုင်ငံကလည်း အပယ်ခံ အထီးကျန် နိုင်ငံ တခု မဟုတ်တော့ပါ။ ယခုအခါတွင် အာရှမှ မဟာမိတ်များနှင့် ဆက်ဆံ ရေးများ ပျိုးထောင်နေသလို အနောက်နိုင်ငံများနှင့်လည်း အလားတူပင် ဖြစ်သည်။ ထိုကဲ့သို့သော အခြေအနေတွင် မြန်မာ သမ္မတ ဦးထင်ကျော်နှင့် သူ၏ ဝန်ကြီးများက ယခင်သဘောတူညီချက် စာချုပ်များနှင့် ပတ်သက်၍ ပြန်လည် ညှိနှိုင်း ဆွေးနွေးရာတွင် အရေးပါသော နေရာတွင် ရှိနေသည်။ မြန်မာကိုယ်စားလှယ်အဖွဲ့အတွက် စိန်ခေါ်မှုမှာ မြန်မာနိုင်ငံ၏ အမျိုးသား အကျိုးစီးပွားနှင့် အညီဆောင်ရွက်ရေးနှင့် တရုတ်နိုင်ငံ၏ လွှမ်းမိုးမှုမှ ရှောင်ရှားနိုင်ရေးတို့ ဖြစ်ပါလိမ့်မည်။