တရုတ်နိုင်ငံ၏ “One Belt, One Road” တခုတည်းသော ပတ်လမ်း အစီအစဉ်မှာ မြန်မာပြည်သူများအတွက် အသစ်အဆန်း ဖြစ်နေပြီး အလွန်တရာ ရည်မှန်းချက် ကြီးမားလှသော ထိုစီမံကိန်း၏ အတိုင်းအတာကို နားလည်ရန် အထူးလေ့လာရေးအဖွဲ့တခုပင် လိုမည်ဖြစ်သည်။
နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ပိုးလမ်းမ စီးပွားရေးဒေသနှင့် ၂၁ ရာစု ရေကြောင်းပိုးလမ်းဟု ရည်ညွှန်းထားသော အာရှတိုက်အတွင်း တရုတ်နိုင်ငံကို ဗဟိုပြုပြီး အိမ်နီးချင်းနိုင်ငံများနှင့် ကုန်သွယ်ဆက်ဆံရေးတွင် အမေရိကန်ဒေါ်လာ ၁ ထရီလျံမျှ ရင်းနှီးမြှုပ်နှံ သွယ်တန်းဖောက်လုပ်မည့် တခုတည်းသော ပတ်လမ်း ဖြစ်မြောက်ရေး အစီအစဉ် ထိပ်သီးဆွေးနွေးပွဲ Belt and Road Initiative (BRI) ကို တက်ရောက်ရန် တရုတ်ပြည်တွင် ၂ ရက်ကြာ ရောက်နေသည်။
တရုတ်နိုင်ငံသည် အဝေးပြေးလမ်းမကြီးများ၊ ရထားလမ်းများ၊ ရေကြောင်းလမ်းများ ပါဝင်သည့် ခေတ်သစ်ပိုးလမ်းမ ခေါ် ဗဟိုအာရှ၊ တောင်အာရှ၊ အာဖရိက၊ အရှေ့အလယ်ပိုင်းနှင့် ဥရောပတို့ကို ဆက်သွယ်မည့် ကွန်ယက်တခုကို တည်ဆောက်နေသည်။
ထိုကြီးမားသော အစီအစဉ်တွင် မြန်မာနိုင်ငံ၏ အခန်းကဏ္ဍမှာ ရှင်းရှင်းလင်းလင်း မရှိသော်လည်း တခန်းတကဏ္ဍမှ ပါဝင်ရဖွယ်ရှိသည်။ အလှမ်းကျယ်သော စီမံကိန်းကြီး၏ သက်ရောက်မှုများကို မြန်မာခေါင်းဆောင်ပိုင်းက မည်သို့ ကိုင်တွယ်မည်မှာလည်း ရှင်းရှင်းလင်းလင်း မရှိပေ။ မြန်မာတို့သည် BRI ကို နားလည်နိုင်ပြီး မြန်မာနိုင်ငံတွင် အဓိကကျသော စီးပွားရေး နှင့်သေနင်္ဂဗျူဟာ အကျိုးစီးပွားများရှိသော တရုတ်နိုင်ငံနှင့် ယှဉ်ဆွေးနွေးနိုင်သည့် လုံလောက်စွာ ကြိုတင်ပြင်ဆင်ထားကြပါသလော။
ရခိုင်ပြည်နယ် ကျောက်ဖြူရှိ ရေနက်ဆိပ်ကမ်းနှင့်ပတ်သက်ပြီး လူသိရှင်ကြားဆွေးနွေးမှု မရှိသော်လည်း တရုတ်နိုင်ငံသည် ထို သေနင်္ဂဗျူဟာအရ အရေးပါသော ဆိပ်ကမ်းတွင် ၈၅ ရာခိုင်နှုန်းအထိ ပိုင်ဆိုင်ခွင့်ရရန်ကြိုးစားနေသည်ဟု ရိုက်တာသတင်းဌာနက ပြီးခဲ့သည့် ရက်သတ္တတပတ်က ဖော်ပြခဲ့သည်။ ထိုရေနက်ဆိပ်ကမ်း စီမံကိန်းသည် စက်မှုဇုန်တခုနှင့် အထူးစီးပွားရေးဇုန်တခုလည်း ပါဝင်သည်။
ကျောက်ဖြူသည် ဘင်္ဂလားပင်လယ်အော်တွင်ရှိပြီး တရုတ်နိုင်ငံက ရေကြောင်းအခြေခံ အဆောက်အအုံများ တည်ဆောက်လိုသော အိန္ဒိယသမုဒ္ဒရာသို့ သေနင်္ဂဗျူဟာကျသည့် ပထဝီ စီးပွားရေးလမ်းပေါ်တွင် တည်ရှိ၍ BRI အတွက် အရေးပါသည်။
မြန်မာနိုင်ငံသည် BRI ကို ငြင်းပယ်မည် မဟုတ်သော်လည်း စိတ်ဝင်စားစရာကောင်းသော အချက်မှာ နိုင်ငံခေါင်းဆောင်များသည် ထိုအစီအစဉ်ကို မည်သို့် ကိုင်တွယ်မည်နည်း ဆိုသည့်အချက်ဖြစ်သည်။ ယခုအချိန်သည် အားကောင်းမောင်းသန် ဆွေးနွေးနိုင်သည့် အနေအထားဖြစ်သည်။
လွန်ခဲ့သော ရက်သတ္တပတ် အနည်းငယ်က ပေါ်ထွက်လာသော သတင်းတွင် တရုတ်နိုင်ငံသည် ဆိုင်းငံ့ထားသော အငြင်းပွားဖွယ် အမေရိကန်ဒေါ်လာ သန်း ၃၆၀၀ တန် မြစ်ဆုံစီမံကိန်းကို စွန့်လွှတ်ပြီး ကျောက်ဖြူအပါအဝင် မြန်မာနိုင်ငံရှိ အခြားအခြားသော သေနင်္ဂဗျူဟာကျသည့် အခွင့်အလမ်းများဖြင့် အစားထိုးရယူလိုသည်ဟု ဆိုသည်။
တရုတ် အစိုးရပိုင် CITIC အုပ်စုခေါင်းဆောင်သည့် လုပ်ငန်းစုကြီးနှင့် မြန်မာအစိုးရတို့ဆွေးနွေးခဲ့ပြီးနောက် ထို ဒေါ်လာ သန်း ၇၃၀၀ တန် ရေနက်ဆိပ်ကမ်းတွင် တရုတ်က ၇၀ မှ ၈၅ ရာခိုင်နှုန်း အထိ ပိုင်ဆိုင်လိုသည်ဟု ပေါက်ကြားလာသော သတင်းများကို ကိုးကားပြီး ဖော်ပြသည်။
အထူးဂရုပြုစရာကောင်းသည်မှာ ထိုကိစ္စကို လွှတ်တော်တွင် ဆွေးနွေးမှုမရှိခြင်းဖြစ်သည်။ ရေနက်ဆိပ်ကမ်းကြောင့် ထိခိုက်ရမည့် ဒေသခံအသိုင်းအဝန်းများ၏ အသံကိုလည်း ကျွန်ုပ်တို့ ကြားသိရရန် လိုသည်။
ကျောက်ဖြူဆိပ်ကမ်းနှင့် စီးပွားရေးဇုန်ကို ဆန့်ကျင်မှုများအပေါ် ပိုမိုအာရုံစိုက်သင့်သည်။ ထိုစီမံကိန်းသည် ပွင့်လင်းမြင်သာမှုမရှိဘဲ ဒေသခံပြည်သူများအတွက် ဆိုးကျိုးများဖြစ်စေမည်ဟု တက်ကြွလှုပ်ရှားသူများနှင့် ဒေသခံများက ပြောကြသည်။ ထိုဇုန်အတွက် မြေသိမ်းသောကြောင့် လူ ၂၀၀၀၀ ခန့် အသက်မွေးဝမ်းကြောင်းများ ဆုံးရှုံးရမည့် အန္တရာယ်ကို ရင်ဆိုင်နေရကြောင်း ယုံကြည်ရသည်။
ဒေါ်အောင်ဆန်းစုကြည် အာဏာရလာချိန်မှစ၍ တရုတ်နိုင်ငံသည် ဆယ်စုနှစ်များစွာအတွင်း ပထမဆုံး ရွေးကောက်ခံ မြန်မာအရပ်သားအစိုးရနှင့် ပိုမိုခိုင်မာသောဆက်ဆံရေး အလျှင်အမြန် တည်ဆောက်သည်။ တရုတ်နိုင်ငံသည် နေပြည်တော်ရှိမြန်မာအစိုးရသစ်နှင့် ချစ်ကြည်ရင်းနှီးမှု တည်ဆောက်ပြီး ၎င်း၏ အခန်းကဏ္ဍကို တဖန်ပြန်လည်ဆန်းသစ်ချိန်တွင် အနောက်ကမ္ဘာသည် ဗြိတိန် ဥရောပမှ ခွဲထွက်ခြင်းနှင့် စီးပွားရေးလုပ်ငန်းရှင်မှ သမ္မတဖြစ်လာသူ ဒေါ်နယ်ထရမ့်တို့ကဲ့သို့သော ကိုယ့်ပြဿနာနှင့် ကိုယ် လုံးလည်လိုက်နေကြသည်။
ဒေါ်အောင်ဆန်းစုကြည် လက်ထက် အနောက်နိုင်ငံများနှင့် ဆက်ဆံရေးမှာ တည်ငြိမ်ပုံရသော်လည်း ပြည်ထောင်စုငြိမ်းချမ်းရေးတည်ဆောက်မှုနှင့် ရခိုင်ပြည်နယ်မှ ရိုဟင်ဂျာ မွတ်ဆလင်ပြဿနာကြောင့် တင်းမာနေသည်။ မကြာသေးမီက ဥရောပခရီးအတွင်း သူသည် ဆန့်ကျင်ကန့်ကွက်မှုများနှင့် ရင်ဆိုင်ရပြီး ရခိုင်ပြည်နယ်မှ မွတ်ဆလင်များအပေါ် စစ်တပ်၏ လူ့အခွင့်အရေးချိုးဖောက်မှုများကို စုံစမ်းစစ်ဆေးရန် နိုင်ငံတကာ အချက်အလက် ရှာဖွေရေးအဖွဲ့ကို ဒေါ်အောင်ဆန်းစုကြည်က ပယ်ချခြင်းကြောင့် ဥရောပခေါင်းဆောင်များနှင့် မြန်မာအကြား ဆက်ဆံရေး ပိုမို အလှမ်းဝေးရပြန်သည်။
ဒီမိုကရေစီအကူးအပြောင်း၏ ကြိုတင်ခန့်မှန်းမရသော စိန်ခေါ်မှုများအကြား မြန်မာအပေါ် အနောက်တိုင်း ဩဇာကျဆင်းနေပြီး တရုတ်နိုင်ငံက မြန်မာတွင် ၎င်းတို့၏ ယခင်အနေအထားကို ပြန်လည်ရယူရန် အားကြိုးမာန်တက် လုပ်လာသည်။
မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ဩဇာကို ချဲ့ထွင်ရင်း အစိုးရ၊ လွှတ်တော်နှင့် စစ်ဘက်မှ ဩဇာကြီးသောခေါင်ဆောင်များနှင့် တံခါးပိတ် အစည်းအဝေးများကျင်းပပြီး တိုင်းရင်းသားလက်နက်ကိုင်များနှင့် အစိုးရအကြား ငြိမ်းချမ်းရေး ကြားဝင်ဆောင်ရွက်သူအဖြစ် တရုတ်က ကမ်းလှမ်းလာသည်။ တရုတ်အထူးသံတမန် ဆွန်ကော့ရှန်သည် မကြာသေးမီက မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်နယ်စပ်သို့ သွားရောက်သည်အထိပင် ဩဇာသက်ရောက်မှု နယ်ပယ် ချဲ့ထွင်လာသည်။ ရခိုင်ဗုဒ္ဓဘာသာဝင်များနှင့် စစ်တပ်၏ ဖိနှိပ်မှုကြောင့် ထွက်ပြေးသော ရိုဟင်ဂျာ မွတ်ဆလင်များကြောင့် ဖြစ်ရသော မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်အကြား သံတမန်ရေး အငြင်းပွားမှုတွင် ကြားဝင်ရန် ဆွန်ကော့ရှန်က အဆိုပြုသည်။
တရုတ်သည် မြန်မာအပေါ် ယခင်အတိုင်း နိုင်ငံရေးနှင့် စီးပွားရေးဩဇာကို ကျင့်သုံးနေသည်မှာ သံသယဖြစ်ဖွယ် မရှိပါ။
မြန်မာ့ရေးရာများတွင် တချိန်လုံး လွှမ်းမိုးထားလိုသော တရုတ်၏ အခန်းကဏ္ဍကို မြန်မာခေါင်းဆောင်များ မည်သို့ တုန့်ပြန်ကိုင်တွယ်မည်မှာ မမြင်သာသေးဘဲ နှစ်နိုင်ငံကြား နယ်စပ်တကြောရှိ လက်နက်ကိုင်အုပ်စုများနှင့် ငြိမ်းချမ်းရေးတည်ဆောက်ရာတွင် တရုတ်၏ အကူအညီ လိုအပ်နေခြင်းကြောင့်လည်း ပိုမို အကန့်အသတ် ဖြစ်ရသည်။ ထိုအုပ်စုများမှာ တရုတ်အတွက် အပေးအယူ လုပ်စရာများ ဖြစ်သည်။
မြန်မာတို့သည် အရေးပါသော အိမ်နီးချင်း အင်အားကြီး တရုတ်နိုင်ငံအပေါ် စိုးရိမ်မကင်းဖြစ်ကြသည်မှာ နားလည်နိုင်စရာဖြစ်ပြီး စိုးရိမ်သင့်သောကိစ္စလည်း ဖြစ်သည်။ ပထဝီ နိုင်ငံရေး အကျိုးစီးပွားနှင့် စီးပွားရေး မှီခိုရမှုအပါအဝင် မြန်မာပြည်တွင်း တရုတ်နိုင်ငံ၏ ရည်မှန်းချက်များကို အများက မေးခွန်းထုတ်ကြသည်။
အနောက်နိုင်ငံများနှင့်မတူဘဲ တရုတ်သည် အိမ်နီးချင်းနိုင်ငံဖြစ်ကာ မာရသွန်ပြေးပွဲအတွက် ရင်းမြစ်နှင့်ပြင်ဆင်မှု ရှိသည်။ ဤအချက်ကို မှတ်သားထားပြီး တရုတ်နှင့် မြန်မာခေါင်းဆောင်များ မည်မျှထိ စေ့စပ်ညှိနှိုင်းနိုင်ပြီး သဘောတူညီချက်မှ ထွက်ပေါ်လာမည့် အကျိုးဆက်များကို မြန်မာခေါင်းဆောင်များ တာဝန်ယူ ခေါင်းခံ ရှင်းလင်းရန် မည်သို့ ပြင်ဆင်ထားသည်ကို မကြာမီ မြင်တွေ့ကြရနိုင်သည်။ ထိုကိစ္စမှာ အမျိုးသား အကျိုးစီးပွားဖြစ်သည်။ အဆုံးစွန်ပြောရလျှင် အချုပ်အခြာ အာဏာပိုင်နက်ကိစ္စ ဖြစ်ပေတော့သည်။