ဒုတိယအကြိမ် ၂၁ ရာစု ပင်လုံညီလာခံ မတိုင်မီလေးမှာပင် တရုတ်နိုင်ငံ၏ ဩဇာကို သိသိသာသာ မြင်လာရသည်။ တရုတ်အထူးသံတမန် ဆွန်ကော့ရှန်သည် ညီလာခံ ကျင်းပရာ နေပြည်တော်တွင် ရှိနေပြီး နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်၊ စစ်တပ် အကြီးအကဲနှင့် တရုတ်နယ်စပ်တလျှောက်မှ ဩဇာကြီးအားလှသော လက်နက်ကိုင် အုပ်စုများ အကြား တိတ်ဆိတ်သော လွန်းပျံသံတမန်ရေး လှုပ်ရှားမှုကို လုပ်ဆောင်နေခဲ့သည်။
နေပြည်တော်ရှိ ကြယ် ၅ ပွင့် ဟိုတယ်များအားလုံးတွင် အထူးဧည့်သည်တော်များအား အကာအကွယ် ပေးရေး အတွက်လုံခြုံရေးကို တိုးမြှင့်ထားသည်။ ထိုမြင်ကွင်း၏ နောက်ကွယ်တွင်မူ မစ္စတာ ဆန်ကော့ရှန်၏ အလုပ်များနေသော ယာဉ်တန်းသည် ဆွေးနွေးပွဲတွင် ဘက်အသီးသီးက ပါဝင်စေရန် ဖိအားပေးနေသည်။
မေလ ၂၄ ရက်ညီလာခံ မတိုင်မီ လွန်ခဲ့သော သီတင်းပတ်အတွင်း ဒေါ်အောင်ဆန်းစုကြည်၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် အစိုးရ ငြိမ်းချမ်းရေးညှိနှိုင်းမှု အကြီးအကဲ ဒေါက်တာတင်မျိုးဝင်း တို့နှင့် သီးခြားစီ တွေ့ဆုံခဲ့သည်ဟု ယုံကြည်ရသည်။ ထိုမတိုင်မီက ဆွန်ကော့ရှန်သည် ယူနန်ပြည်နယ်မှ ကူမင်းအပါအဝင် နေရာအများအပြားတွင် လူမျိုးစု အုပ်စု အများအပြားနှင့် အကြိမ်ကြိမ်တွေ့ဆုံခဲ့သည်။
နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နှင့် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တို့သည်လည်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ဆွေးနွေးရန် အင်္ဂါနေ့နံနက်က နေပြည်တော်တွင် တွေ့ဆုံခဲ့သော်လည်း ထိုတွေ့ဆုံမှုကို လူသိရှင်ကြား ကြေညာခြင်း မရှိခဲ့ပေ။
တရုတ်နိုင်ငံသည် ငြိမ်းချမ်းရေး ညီလာခံ တက်ရန် မြောက်ပိုင်းမဟာမိတ် လက်နက်ကိုင်များကို အကြိမ်ကြိမ် တိုက်တွန်းပြီး မြန်မာ အမျိုးသားဒီမိုကရေစီ မဟာမိတ် တပ်မတော်၊ ရက္ခိုင့်တပ်မတော်နှင့် တအာင်းန် (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော်တို့ကို ဖိတ်ခေါ်ရန်လည်း မြန်မာစစ်တပ်ကို တိုက်တွန်းခဲ့သည်။
ထိုလက်နက်ကိုင် အုပ်စု ၃ စုကို ယခင်က ဖိတ်ခေါ်ခြင်း မပြုသော်လည်း တရုတ်နှင့် မြန်မာအကြား တွေ့ဆုံဆွေးနွေးမှု အများအပြားကြောင့် ထူးခြားသော အပြောင်းအလဲ ဖြစ်ပေါ်လာပုံရသည်။
တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ထံမှ ခွင့်ပြုချက် မရမချင်း လူမျိုးစုခေါင်းဆောင်များ ကူမင်းမှ စောင့်နေရန် တရုတ်က ပြောထားသည်။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မီးစိမ်းပြရန် တရုတ်က မည်သို့ လုပ်ဆောင်ခဲ့သည်ကို ရှင်းရှင်းလင်းလင်း မသိရပေ။
ကနဦးတွင် အစိုးရက လူမျိုးစု လက်နက်ကိုင် ၉ ဖွဲ့ကို အထူး ဧည့်သည်တော်များ အဖြစ် ဖိတ်သည်။ မြန်မာနိုင်ငံ အရှေ့မြောက်ပိုင်းမှ လူမျိုးစု လက်နက်ကိုင်အဖွဲ့ ၇ ဖွဲ့လုံးက ညီလာခံ တက်ရောက်ရန် ဆုံးဖြတ်လိုက် သည်။ ထို ၇ ဖွဲ့တွင် ‘ဝ’ ပြည်သွေးစည်းညီညွတ်ရေး တပ်မတော်၊ မြန်မာအမျိုးသားဒီမိုကရေစီမဟာမိတ် တပ်မတော်၊ ရှမ်းပြည် တိုးတက်ရေးပါတီ၊ ကချင်လွတ်မြောက်ရေး တပ်မတော်၊ ရက္ခိုင့်တပ်မတော်နှင့် တအောင်းန်အမျိုးသား လွတ်မြောက်ရေး တပ်မတော်နှင့် မြန်မာ အမျိုးသားဒီမိုကရေစီ မဟာမိတ် တပ်မတော်တို့ ပါဝင်သည်။
‘ဝ’ နှင့် အခြား လူမျိုးစုလက်နက်ကိုင်အုပ်စု အများအပြား အင်္ဂါနေ့ နေ့လည်က နေပြည်တော်သို့ ရောက်လာကြသော အခါ ၎င်းတို့ကို မြန်မာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် ပါဝင်သော အရာရှိများသာမက ရန်ကုန် တရုတ်သံရုံးမှ အဆင့်မြင့် သံတမန်များကပါ ကြိုဆိုကြသည်။
အစ်ကိုကြီး တရုတ်
တရုတ် အထူးသံတမန်သည် ဖေဖော်ဝါရီလ ၁၃ ရက်နေ့က ကူမင်းတွင် လူမျိုးစုလက်နက်ကိုင်အုပ်စုများနှင့် လူမျိုးစု ခေါင်းဆောင် အများအပြားနှင့် တွေ့ဆုံခဲ့သည်။
ထိုအစည်းအဝေးတွင် ဆန်ကော့ရှန်က “မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေးရမယ် လို့ တရုတ်နိုင်ငံက မျှော်လင့်ပါတယ်။ ဘယ်သူ မှားတယ်၊ ဘယ်သူ မှန်တယ် လို့လည်း မပြောလိုပါဘူး။ တရုတ်နိုင်ငံ တရားသူကြီး အဖြစ် ဆောင်ရွက်မှာ မဟုတ်ဘဲ၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ ပါဝင်ပတ်သက်သူ အားလုံးကို တွန်းအားပေးမှာ ဖြစ်ပါတယ်။ ပါဝင် ပတ်သက်သူ အားလုံး အနေနဲ့ ပြဿနာတွေကို တွေ့ဆုံ ဆွေးနွေးရေး စားပွဲဝိုင်းမှာ ဖြေရှင်းဖို့ တိုက်တွန်းလိုက်ပြီး ပြဿနာရှိရင် မိတ်ဆွေအနေနဲ့ အကြံပေးသွားမှာ ဖြစ်ပါတယ်” ဟု ဆန်ကော့ရှန်က ပြောကြားသည်။
“တရုတ်နိုင်ငံဟာ မြန်မာနဲ့ ပတ်သက်လို့ ထူးခြားတဲ့ နိုင်ငံခြားရေး မူဝါဒထားရှိပြီး မြန်မာနိုင်ငံရဲ့ အချုပ်အခြာ အာဏာ ကိုလည်း လေးစားပါတယ်။ တရုတ်နိုင်ငံဟာ မြန်မာကနေ အမြတ်ထုတ်မှာ မဟုတ်ဘဲ ရင်းနှီးတဲ့ အိမ်နီးချင်း အနေနဲ့ သူ့ရဲ့ တာဝန်ကိုသာ ထမ်းဆောင်မှာ ဖြစ်ပါတယ်” ဟု ဆန်ကော့ရှန်က ဆက်ပြောသည်။
ဒေါ်အောင်ဆန်းစုကြည် ကလည်း မြန်မာနိုင်ငံငြိမ်းချမ်ရေး ရရှိရေးတွင် ကူညီရန် ပြောသည်။ One Belt, One Road ထိပ်သီးဆွေးနွေးပွဲ တက်ရန် မကြာသေးမီက တရုတ်ပြည်သို့ သွားရောက်စဉ် ဒေါ်အောင်ဆန်းစုကြည် အား တရုတ်သမ္မတ ရှီကျင့်ဖျင်က တရုတ်အနေဖြင့် မြန်မာနိုင်ငံငြိမ်းချမ်းရေး ရရှိဖို့ ဆက်လက်ကူညီမည် ဖြစ်ကြောင်းနှင့် နှစ်နိုင်ငံ နယ်စပ်တလျှောက် တည်ငြိမ်ရေး အတွက် နှစ်ဖက်ပူးပေါင်း ဆောင်ရွက်ရန် တောင်းဆိုကြောင်း ပြောခဲ့သည်။
တရုတ်သည် မြန်မာနိုင်ငံတွင် အကြီးမားဆုံး ရင်းနှီးမြှုပ်နှံသည့် နိုင်ငံ ဖြစ်ပြီး နိုင်ငံရေးနှင့် ဗျူဟာအရလည်း အကျိုးစီးပွားများ ရှိသည်။ အာရှ၊ ဥရောနှင့် အာဖရိကတွင် အခြေခံအဆောက်အအုံ တိုးချဲ့မည့် ရည်မှန်းချက်ကြီးသော ရပ်ဝန်းတခု၊ လမ်းတခု အစီအစဉ်ကို တွန်းအားပေးနေသောကြောင့် မြန်မာနိုင်ငံတွင် ငြိမ်းချမ်းစေလိုသည်။
တရုတ်နိုင်ငံသည် တရားသူကြီး မဟုတ်သော်လည်း အနောက် နိုင်ငံများမှ ဩဇာနှင့် ငြိမ်းချမ်းသမားများ မပါဝင်အောင် လုပ်ဆောင်ရင်း မြန်မာ့ပြည်တွင်း ပဋိပက္ခ အတွက် အစ်ကိုကြီး အခန်းကဏ္ဍမှ ဆက်လက်ပါဝင်နေမည် ဖြစ်သည်။
အထူးသဖြင့် မြန်မာ့အရေးတွင် ထိပ်ဆုံးမှ ပါဝင်ကူညီခဲ့သော အမေရိကန်အနေဖြင့် လက်ရှိသမ္မတ ဒေါ်နယ်ထရန့်လက်ထက် အာရှရေးရာမူဝါဒ မရှင်းလင်းပဲ မတက်ကြွတော့သော အနေအထားတွင် ပထဝီနိုင်ငံရေးအရသာမက ကုန်သွယ်စီးပွားရေးတွင်ပါ အရေးပါသော တရုတ်နိုင်ငံကို ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သော မြန်မာအစိုးရသစ်အနေဖြင့်လည်း လျစ်လျူရှု၍ မရနိုင်တော့ပေ။