တိုင်းပြည်စီးပွား ဖွံ့ဖြိုးတိုးတက်ရေး နိုင်ငံခြားဝင်ငွေကို အလွယ်တကူနှင့် မြန်မြန်ရနိုင်သော နည်းလမ်းမှာ ခရီးသွားလုပ်ငန်း Tourism ဖြစ်သည်။
မြန်မာသည် အရှေ့တောင်အာရှတွင် အလွန်လှပသော နိုင်ငံတခုအဖြစ် အသိအမှတ် အပြုခံထားရသော နိုင်ငံဖြစ်သည်။ မြန်မာ့ရေမြေတောတောင်သဘာဝ၊ ရှေးဟောင်း ဘုရားပုထိုးစေတီများ၊ ကိုလိုနီခေတ် ဗိသုကာလက်ရာများ၊ မြန်မာ့တိုင်းရင်းသား အစားအစာ၊ တိုင်းရင်းသား လူမျိုးစုများ၏ ဓလေ့ထုံးစံများအပြင် တောင်ဖက်မှ အနောက်ဖက်ထိ ရှည်လျားသော ပင်လယ်ကမ်းခြေတလျောက် ကျွန်းများ၊ အပန်းဖြေ ကမ်းခြေများမှ မြန်မာပြည် အလယ်ပိုင်း မြို့ဟောင်းများအလယ် မြောက်ဖျားက ဆီးနှင်း တွေကျနေသော တောင်တန်းများအထိ လည်ပတ်စရာများ ပြည့်နေသည်။
ကမ္ဘာ့ခရီးသွားလုပ်ငန်းကောင်စီ World Travel and Tourism Council (WTTC) ၏အဆို ၂၀၁၅ ခုနှစ်တွင် မြန်မာ့ခရီးသွားလုပ်ငန်းက အလုပ်အကိုင် ၁ ဒဿမ ၄ သန်းကို ဖန်တီးပေးခဲ့ပြီး ၂၀၁၆ ခုနှစ်တွင် ၁ ဒဿမ ၆ ရာခိုင်နှုန်း ကြီးထွားလာနိုင်ကြောင်း သိရသည်။ ၂၀၁၅ ခုနှစ် တိုင်းပြည်၏ ဂျီဒီပီသို့ ငွေကျပ် ၄ ဒဿမ ၄၇၀ ထရီလျံ ရှာဖွေပေးနိုင်ခဲ့ပြီး ၂၀၁၆ တွင် ၅ ဒဿမ ၉ ရာခိုင်နှုန်း ကြီးထွားလာနိုင်ရန် မျှော်လင့်နိုင်သည်။
မြန်မာ့ခရီးသွားလုပ်ငန်းသည် ဆက်လက်ကြီးထွားရန်လည်း ရှိသည်။ WTTC ၏ ၂၀၁၆ မှ ၂၀၂၆ ခုနှစ်အတွင်း ကမ္ဘာပေါ်တွင် အဖွံ့ဖြိုးဆုံး ခရီးသွားဈေးကွက် ၁၀ ခုတွင် မြန်မာပါဝင်ပါသည်။ မြန်မာအစိုးရအနေဖြင့်လည်း ၂၀၂၀ ခုနှစ်တွင် တိုးရစ် ၇ ဒဿမ ၄၈ သန်း ဝင်ရောက်လာစေရန် ခန့်မှန်းပြီး ၂၀၁၃ ခုနှစ်မှ စ၍ Myanmar Tourism Master Plan 2013 – 2020 ဘက်စုံစီမံကိန်းချထားသည့်အတိုင်း လုပ်ဆောင်နေသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရ လက်ထက် ယခင်ကလို နိုင်ငံတကာ ဝင်ပေါက်များမှ ဝင်လာသူ အားလုံးကို နိုင်ငံခြားခရီးသွားများဟု စာရင်းမှတ်တမ်း မသွင်းတော့ပဲ နေ့ချင်းပြန်များ၊ စီးပွားရေး ခရီးသွားနှင့် တိုးရစ်ဟူ၍ ခွဲခွဲခြားခြား မှတ်တမ်းသွင်းမှုမှာ မြန်မာ့ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးရေး ဗျူဟာအတွက် အရေးကြီးပါသည်။ ဝင်ရောက်လာသော တိုးရစ်များ၏ ပရိုဖိုင်းစာရင်းဇယားများ ရှင်းရှင်းလင်းလင်း ဖြစ်မှသာ မည်သည့်နိုင်ငံမှ အများဆုံးလာသည်၊ မည်သူက မည်မျှသုံးစွဲနိုင်သည်ကို သိပြီး မည်သည့်ကဏ္ဍတွင် မည်သို့ ကောင်းမွန်အောင် ပြုပြင်နိုင်မည်ကို သိနိုင်မည်။
၂၀၁၅ ခုနှစ် World Economic Forum ၏ “Travel and Tourism Competitiveness Index” ခရီးသွားလုပ်ငန်းဇယားတွင် ၁၄၁ နိုင်ငံတွင် ၁၃၄ အဆင့်သာ ချိတ်ထားသည်။ အထူးသဖြင့် ပို့ဆောင်ဆက်သွယ်ရေးကွန်ရက်နှင့် သတင်းဆက်သွယ်ရေးနည်းပညာ အဆင်သင့် မဖြစ်သေးမှုကြောင့် ဖြစ်သည်။ ထိုကဏ္ဍများကို တိုးတက်လာစေရေး အစိုးရက ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်နေသည်ကို မြင်ရသည်။ ဥပမာ ရန်ကုန်လေဆိပ်ကို တိုးချဲ့ပြီး အဆင့်မြင့် ဈေးဆိုင်ခန်းများ၊ စားသောက်ဆိုင်၊ ကော်ဖီဆိုင်များနှင့် အခမဲ့ ဝိုင်ဖိုင်များဖြင့် အဆင့်မြှင့်နေခဲ့သည်။ ထိုမျှဖြင့် မလုံလောက် ပြည်တွင်းလေဆိပ်များ တိုးချဲ့မွမ်းမံ အဆင့်မြှင့်သင့်သည်။
ထို့ပြင် ပြည်တွင်းရှိ လေကြောင်းလိုင်းများ ဒေသတွင်း လေကြောင်းလိုင်းများဖြင့် ယှဉ်ပြိုင်ပြီး ဖောက်သည်ရှာဖွေနိုင်ရန်လည်း ရေတိုရေရှည် ဗျူဟာများ ရေးဆွဲသင့်ပါသည်။ ပိုင်ရှင်အသီးသီးမှ လေယာဉ်အနည်းငယ်မျှဖြင့် နာမည်အမျိုးမျိုးပေး ထူထောင်ထားကြခြင်းအစား အာဆီယံနိုင်ငံများမှ အဲအေးရှား၊ ထိုင်းစမိုင်း၊ လိုင်ယန်အဲ၊ ဗီယက်ဂျက်စသည့် စရိတ်နည်း ဘတ်ဂျတ်လေကြောင်းလိုင်းများကဲ့သို့ အဆင့်မီ ပြိုင်ဆိုင်နိုင်သော မြန်မာပြည်တွင်းလေကြောင်းလိုင်းမျိုးကို အစိုးရရော ပုဂ္ဂလိကပါ ပူးပေါင်း စုစည်း ဝိုင်းဝန်းလုပ်ကိုင်သင့်သော အချိန်ရောက်ပြီဟု တိုက်တွန်းလိုသည်။
လက်တွေ့အနေအထားတွင် ပြည်တွင်းလေကြောင်းလိုင်းများ ဒေသတွင်းခရီးစဉ်များကို တိုးချဲ့ပျံသန်းကြပြီဖြစ်သော်လည်း နိုင်ငံခြားသားခရီးသွား အများစုမှာ ပြည်ပလေကြောင်းလိုင်းများမှတဆင့်သာ ဝင်ရောက်နေဆဲဖြစ်သည်။ ပြည်တွင်းလေကြောင်းလိုင်းများမှာလည်း နိုင်ငံတကာ စံချိန်စံညွှန်း မမှီသေးပါ။ ဥပမာ ပျံသန်းချိန် နီးမှ ဧည့်သည် မလုံလောက်၍ ခရီးစဉ် ဖျက်ပစ်ခြင်းများ ရှိနေကြောင်း Oxford Business Group ၏ ၂၀၁၆ အစီရင်ခံစာတွင် ရေးသားဖော်ပြခဲ့သည်။
ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးတွင် နိုင်ငံခြားခရီးသွားများသာမက ပြည်တွင်းခရီးသွားများကလည်း အရေးပါသည်။ မြန်မာ့စီးပွားရေး တိုးတက်လာပြီး လမ်းပန်းဆက်သွယ်ရေးကွန်ရက် ပိုမိုချိတ်ဆက် တိုးတက်လာသည်နှင့်အမျှ ပြည်တွင်းခရီးသွားများလည်း တိုးပွားလာမည်မှာ မလွဲပေ။ လတ်တလောအခြေအနေတွင်ပင် ဘုရားဖူးထွက်ခြင်းသည် ပြည်တွင်းခရီးသွားများ၊ တည်းခိုခန်းများ၊ ပို့ဆောင်ရေးဝန်ဆောင်မှုလုပ်ငန်းများဖြင့် စည်ပင်နေသည်။
မြန်မာ့ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန၏ စာရင်းအရ ၂၀၁၄ ခုနှစ်တွင် တိုင်းပြည်ဂျီဒီပီသို့ ပြည်တွင်းခရီးသွားလုပ်ငန်းမှ အမေရိကန်ဒေါ်လာ ၃ ဒဿမ ၂ ဘီလီယံ ရှာပေးကြောင်း သိရပြီး WTTC ကမူ မြန်မာ့ဂျီဒီပီ၏ ၄ ဒဿမ ၈ ရာခိုင်နှုန်းနှင့် ညီမျှသော မြန်မာကျပ်ငွေ ၃ ဒဿမ ၀၃ ထရီလျံ သို့မဟုတ် ဒေါ်လာ ၂ ဒဿမ ၇ ဘီလီယံ ရှာပေးကြောင်း ပြောသည်။ ၂၀၂၆ ခုနှစ်တွင် ဂျီဒီပီ၏ ၆ ဒဿမ တစ် ရာခိုင်နှုန်း သို့မဟုတ် မြန်မာကျပ်ငွေ ၇ ဒဿမ ၂၂ ထရီလျံ (အမေရိကန် ဒေါ်လာ ၆ ဒဿမ ၅ ဘီလီယံ) ရှာလာနိုင်မည်ဟု WTTC က ခန့်မှန်းထားသည်။
စီးပွားရေးအင်ဂျင်ကို ခရီးသွားလုပ်ငန်းက အဓိကနေရာမှ တခန်းတကဏ္ဍ မောင်းနှင်လည်ပတ်နိုင်သည်မှာ မြေကြီးလက်ခတ် မလွဲတော့ပြီ။ အလုပ်အကိုင်၊ အခွင့်အလမ်းနှင့် လူမှုဘဝတိုးတက်ဖွံ့ဖြိုးရေးနှင့် တိုင်းပြည်ဘဏ္ဍာ ရှာဖွေရေး လူထုက ရွေးကောက်တာဝန်ပေးထားသော အစိုးရက ပိုပြီး တာဝန် ယူတတ်ရန်၊ ပို၍ အမြင်ကျယ်ကျယ်နှင့် ခြေလှမ်း သွက်သွက် လှမ်းနိုင်ရန် တီထွင်စွန့်စားရမည် ဖြစ်သည်။
ဤနေရာတွင် အရေးကြီးသည့်အချက်မှာ နိုင်ငံရေးနှင့် စီးပွားရေးသည် ဆက်စပ်နေခြင်းပင်။ နိုင်ငံ တည်ငြိမ်အေးချမ်းမှသာ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို ဖြစ်ထွန်းစေမည့် ခရီးသွားလုပ်ငန်းကလည်း ကျွဲကူးရေပါ ကြီးထွားလာမည်။ အိမ်သာမှ ဧည့်လာမည်ဟူသော စကားကဲ့သို့ ဧည့်သည်မပြတ် လာနိုင်သော၊ လာချင်သော နွေးထွေးပျူငှာ ငြိမ်းချမ်းသာယာသော တိုင်းပြည်ကို ထူထောင်ကြပါဟု တိုက်တွန်းနှိုးဆော်အပ်ပေသည်။