မြန်မာနိုင်ငံတွင် မအောင်မြင်သည့် ကုလသမဂ္ဂရုံးနှင့် ပတ်သက်သော သတင်းခေါင်းစဉ်နှစ်ခုကို မကြာ သေးမီက ကျနော်တို့ မြင်တွေ့ခဲ့ရသည်။ ပထမခေါင်းစဉ်မှာ ကုသမဂ္ဂ ဌာနေ လူသားချင်းစာနာမှု ဆိုင် ရာ ညှိနှိုင်းရေးမှူး ရီနာတာ လော့ခ် ဒက်ဆယ်လီယန် သည် ပုံမှန် ၅ နှစ်သက် တမ်းမကုန်ဆုံးမီ မြန်မာ နိုင်ငံမှ ပြန်လည်ထွက်ခွာသွား မည့် သတင်းဖြစ်သည်။
ကုလသမဂ္ဂ၏ အဖွဲ့အစည်းအတွင်း ကွဲပြားသော အစိတ်အပိုင်း အမျိုးမျိုးတို့နှင့် UN ရုံးများ အကြား တင်းမာမှုများရှိနေပြီး ဆက်သွယ်ရေးများမရှိခြင်းကြောင့် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂရုံးသည် သိသိသာသာ အလုပ်မဖြစ်ကြောင်း ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးထံ တင်သွင်းရန် ပြင်ဆင် ထားသည့် ရုံးတွင်း စာတွင် ဖေါ်ပြထားသည်ဟု ဘီဘီစီ သတင်းဌာန က ပြီးခဲ့သောအပတ် အစောပိုင်း၌ ဖော်ပြသည်။
ဒက်ဆယ်လီယန်သည် မြန်မာနိုင်ငံ လူ့အခွင့်အရေးချိုးဖောက်မှုများနှင့်ပတ်သက်ပြီး လုံလောက်စွာ ဆောင်ရွက်နိုင်ခြင်း မရှိဟု ဝေဖန်ခံနေခဲ့ရပြီး၊ တကယ်တော့ လူအခွင့်အရေး ချိုးဖောက်မှု ကိစ္စသည် အဓိကပြဿနာမဟုတ် အဖျားအနားမျှသာ ဖြစ်သည်။
မြန်မာနိုင်ငံရှိ ကုလသမဂ္ဂမှာ အလုပ်မဖြစ်ရုံမျှသာမက ဖွဲ့စည်းတည်ဆောက်ပုံ ဆိုင်ရာပြဿနာများ၊ ပင်မဖော်ဆောင်မည့် ဗျူဟာကင်းမဲ့ခြင်း သို့မဟုတ် မြန်မာနိုင်ငံ ရင်ဆိုင်နေရသော စိန်ခေါ်မှုများကို မည်သို့တုံ့ပြန်မည်ဆိုခြင်းနှင့် ပတ်သက်၍ ကြောင်းကျိုး ညီညွတ်သော မူဝါဒ မရှိခြင် စသည့် အခြေ အနေများနှင့် ရင်ဆိုင်နေရသည်။
မြန်မာနိုင်ငံရှိ ကုလသမဂ္ဂရုံးနှင့် နယူးယောက်မြို့ရှိ ကုလသမဂ္ဂဌာနချုပ် အကြား တဖက်နှင့်တဖက် အပြန်အလှန် ဆက်သွယ်စီမံဆောင်ရွက်ခြင်းနှင့်ပတ်သက်၍ မည်သူက ဆုံးဖြတ်သည်ကိုလည်း မရှင်းမလင်း ဖြစ်နေသည်ဟု ရန်ကုန်အခြေစိုက် သံတမန် သတင်းရင်းမြစ်များက ပြောသည်။
ကုလသမဂ္ဂအနေဖြင့် ထိုပြဿနာများကို မဖြေရှင်းနိုင်ဘဲ မြန်မာနိုင်ငံနှင့် ထိတွေ့ဆက်ဆံမှုတွင် ၎င်း ကိုယ်တိုင် ပြန်လည်ပြင်ဆင် စုစည်းနိုင်ခြင်း မရှိပါက ကုလသမဂ္ဂသည် ပြင်ပအကူအညီလိုနေသော မြန်မာနိုင်ငံနှင့် ပိုမို ကင်းကွာလာမည် ဖြစ်သည်။
ထိုစိန်ခေါ်မှုနှင့် အခက်အခဲများကို ကြည့်ရင်း တချို့က ယခုအချိန်သည် အခြေအနေ အရပ်ရပ်ကို ပိုမို ကောင်းမွန်အောင် လုပ်ရမည့် အချိန်ဖြစ်သည်ဟု ပြောကြသည်။
နောက်သတင်း တပုဒ်
ကုလသမဂ္ဂရုံးနှင့် ဆိုင်သော အခြားသတင်း တပုဒ်မှာ ဒေါ်အောင်ဆန်းစုကြည်၏ ဆွီဒင်ခရီးစဉ်နှင့် ဆိုင်သည်။ လွန်ခဲ့သော နှစ်က ရိုဟင်ဂျာများအား စစ်တပ်က လူ့အခွင့်အရေး ချိုးဖောက်သည် ဟူ သော စွပ်စွဲချက်များကို ကုလသမဂ္ဂ၏ စုံစမ်းစစ်ဆေးခြင်းသည် လူမျိုးရေး တင်းမာမှုများကို မီးထိုး ပေးလိမ့်မည်ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုသည်။
ထို့အပြင် ဒေါ်အောင်ဆန်းစုကြည်က ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးဟောင်း ကိုဖီအာနန် ဦးဆောင် သော အကြံပေးအဖွဲ့၏ ထောက်ခံတင်ပြချက်များကိုသာ လက်ခံမည်ဟုလည်း ပြောဆိုခဲ့ သည်။
လူ့အခွင့်အရေး ချိုးဖောက်မှုများကို စုံစမ်းစစ်ဆေးလိုပါက မြန်မာနိုင်ငံ မြောက်ပိုင်းရှိ ပဋိပက္ခဒေသများ သို့ အချက်အလက် ရှာဖွေရေးအဖွဲ့ မည်သည့်အတွက် စေလွှတ်ရန် မရှိပါသနည်း။ ကုလသမဂ္ဂ၏ လုပ်ငန်းများ ထိထိရောက်ရောက် လုပ်နိုင်ရန် ပြည်တွင်း ပြဿနာများကို ခြုံငုံ သိမြင် ထည့်သွင်းစဉ်း စားဖို လိုပေလိမ့်မည်။
ကုလသမဂ္ဂနှင့် မြန်မာနိုင်ငံ အကြား စိတ်မသက်သာစရာ ဆက်ဆံရေး ကြုံတွေ့ရသည်မျာ ယခုမှ မဟုတ်ပေ။ ယခင် ဖိနှိပ်သော စစ်အစိုးရလက်ထက် ကုလသမဂ္ဂနှင့် ပြဿနာများစွာ ရှိခဲ့သည်။ ယခင်က မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး ဆိုင်ရာ အထူးအစီရင်ခံစာ တင်သွင်းသူ အများအပြားကို ခန့်အပ်ခဲ့ကြသော်လည်း မြန်မာနိုင်ငံသို့ ဝင်ရောက်ရန် ပြည်ဝင်ခွင့်ဗီဇာ ပယ်ချခံခဲ့ရသည်။
ရာဇာလီ အစ္စမေးလ်နှင့် အီဗရာဟင် ဂမ်ဘာရီ (Razali Ismail နှင့် Ibrahim Gambari) တို့ကဲ့သော အထူးသံတမန်များသည် အာဏာရှိ ဗိုလ်ချုပ်ကြီးများနှင့် ထိုစဉ်က အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် တို့အကြား ရင်ကြားစေ့ရေးအတွက် အပေးအယူများကို နှစ်ဘက်အကြား ဆွေးနွေးမှုများ ပြုလုပ်ပေးနေစဉ် ကုလသမဂ္ဂ ကိုယ်စားလှယ်များအကြား ဘက်လိုက်ခြင်းများ၊ စီးပွားရေး အရ ပတ်သက်မှုများဖြင့် စွပ်စွဲခံရပြီး အကြီးအကျယ် ဝေဖန်ခံကြရသည်။
ဥပမာဆိုရပါက ရာဇာလီအစ္စမေးလ်သည် အီလက်ထရွန်နစ် ပတ်စ်ပို့များ ပြုလုပ်ရန် စစ်အစိုးရက ကန်ထရိုက်ချထားပေးသော မလေးရှား လုပ်ငန်းတခုတွင် ရှယ်ယာ ၃၀ ရာခိုင်နှုန်း ပါဝင်သောကြောင့် အငြင်းပွားစရာ ဖြစ်ခဲ့ရသည်။ လုပ်ငန်း မပြီစီးဘဲ အလုပ်မှ ထွက်သွားခဲ့သောကြောင့် ဂမ်ဘာရီက ၎င်းနေရာ ဆက်ခံခဲ့သည်။
နိုင်ဂျီးရီးယား သံတမန်ဟောင်း ဂမ်ဘာရီက အထူးသံတမန် အဖြစ် ဆက်ခံသော်လည်း ယခင် အထူး သံတမန်ထက် ပိုမို အောင်မြင်အောင် လုပ်ဆောင်နိုင်ခြင်း မရှိပေ။ သူသည် အစိုးရက ဦးစီးသော လူထုထောက်ခံပွဲတွင် ပါဝင်ခဲ့သောကြောင့် လှောင်ပြောင်ခံရပြီး တက်ကြွလှုပ်ရှားသူများနှင့် အတိုက် အခံများက သူသည် ဗိုလ်ချုပ်ကြီးများထံမှ ရက်ရက်ရောရော လက်ဆောင်များ လက်ခံသည်ဟု စွပ်စွဲခဲ့ကြသည်။ ထိုစွပ်စွဲချက်ကို အတည်မပြုနိုင်သော်လည်း သူ့အပေါ် ယုံကြည်မှုမှာ စောစောစီးစီး ပျက်စီးခဲ့ရသည်။
ကုလသမဂ္ဂ၏ ဘက်မလိုက်သော အကြံပေးအဖြစ် တာဝန်ထမ်းဆောင်ရသော အခန်းကဏ္ဍကို ပြည်တွင်းပြည်ပ မြန်မာပြည်သူ ပြည်သားများက မေးခွန်းထုတ်ခဲ့ကြသည်။
ထိုအချိန်က မြန်မာပြည် အပြောင်းအလဲအတွက် အနောက်တိုင်း သြဇာက ပိုမို အားကောင်း နေခဲ့ သည်။ အတိအကျဆိုရလျှင် အမေရိကန် ပြည်ထောင်စုသည် ထိုအချိန်က ကုလသမဂ္ဂထက် ပိုမို အရေးပါသည်။ ဝါရှင်တန်က အတိုက်အခံများကို ပုံအော ထောက်ခံပြီး စစ်အစိုးရအား ဖိအားပေးကာ နိုင်ငံကို တံခါးဖွင့်ရန် တောင်းဆိုသည်။
မြန်မာ့အရေး ကုလသမဂ္ဂ၏ ပါဝင်ဆောင်ရွက်မှုများ အောင်မြင်မှုကင်းမဲ့ခဲ့သည်ကို ထိုစဉ်က ၎င်းတို့ ထုတ်ပြန်သော “ဤခရီးစဉ်များသည် ခိုင်မာသော ရလဒ်များ မရရှိသောကြောင့် စိတ်ပျက်စရာ ဖြစ်နေသည်” ဟူသော အပ်ကြောင်း ထပ်နေသည့် ကြေညာချက်များက သက်သေပင်။
ဘန်ကီမွန်းလက်ထက်တွင် ကုလသမဂ္ဂ အထူးသံတမန် အဖြစ် ခန့်အပ်ခံရသူ ဗီဂျေး နမ်ဘီယာ သည်လည်း အလားတူ ဝေဖန်ခံရသည်။
သမ္မတဟောင်း ဦးသိန်းစိန်နှင့် သူ၏ ငြိမ်းချမ်းရေး အဖွဲ့သားများ ဝန်းရံလျှက် ဗီဂျေးနမ်ဘီယာကို ငြိမ်းချမ်းရေး ညီလာခံများတွင် တွေ့ရသော်လည်း မည်သည့်အတွက် ထိုနေရာများသို့ သူရောက်နေ သည်ကို အများအပြားက မေးခွန်းထုတ်ကြသည်။ သူ၏ လုပ်ကိုင်ခွင့်နှင့် ကုလသမဂ္ဂ၏ တာဝန်ကို လည်း သိလိုကြသည်။
နမ်ဘီယာ နောက်ဆုံး ပြန်လည် ထွက်ခွာသွားခြင်းသည် ကောင်းသော ထွက်ခွာသွားခြင်း မဟုတ် သည်မှာ အံ့သြစရာတော့ မဟုတ်ပေ။
လွန်ခဲ့သော ဒီဇင်ဘာလတွင် နမ်ဘီယာက နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် သူ၏ အတွင်းအဇ္ဈတ္တကို နားထောင်ကာ မြန်မာပြည်သူများအား လူမျိုးရေး၊ ဘာသာရေးနှင့် အခြား သော ကွဲလွဲချက်များမှ ရုန်းထကြပြီး လူ့ ဂုဏ်သိက္ခာနှင့် အပြန်အလှန် ပူးပေါင်းဆောင်ရွက်မှုတို့ကို ရှေ့တန်းတင်ရေး တိုက်တွန်းရန် ပြောသည်။
၂၀၁၆ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့တွင် လုံခြုံရေး တပ်ဖွဲ့များအား စနစ်တကျ အကွက်ချ တိုက်ခိုက်မှုများ ပေါ်ပေါက်လာအပြီး ရိုဟင်ဂျာ မွတ်ဆလင်အများစု နေထိုင်ရာ မောင်တောနှင့် ဘူးသီးတောင်သို့ သွားရောက်ရန်လည်း နမ်ဘီယာက ဒေါ်အောင်ဆန်းစုကြည်အား ပြောသည်။
မြန်မာသမ္မတ၏ ပြောခွင့်ရသူက ထိုပြောဆိုချက်သည် မြေပြင်တွင် ဖြစ်ပေါ်နေသော အခြေအနေ (ရဲတပ်ဖွဲ့ဝင် ၉ ဦး အသတ်ခံရပြီး လက်နက်ခဲယမ်းများ လုယက်ခံရခြင်း) ကို လျစ်လျူရှုသည်ဟု ပြောပြီး ပြန်လည်တုံ့ပြန်သည်။
နိုင်ငံ့ခေါင်းဆောင် တဦးကို ထိုကဲ့သို့ လုပ်ရန် တိုက်တွန်းခြင်းသည် ဝင်ရောက်စွက်ဖက်မှု ဖြစ်သည် ဟုလည်း ပြောခွင့်ရသူက ပြောသည်။ နမ်ဘီယာ ပြန်လည် ထွက်ခွာသွားရသည်။ လျှော့လျှော့ပေါ့ပေါ့ ပြောရလျှင်တော့ နမ်ဘီယာကို ခန့်အပ်ခြင်းနှင့် သူ၏ မြန်မာနိုင်ငံတွင် ဆောင်ရွက်ချက်များသည် “ကပ်ဘေး သဖွယ်” ဆိုးရွားလှသည် ဟု သံတမန် သတင်းရင်းမြစ်များက ဆိုကြသည်။
ပဋိပက္ခဒေသသို့ ဒေါ်အောင်ဆန်းစုကြည်အား သွားရောက်ကြည့်ရှု့ရန် ပြောဆိုခြင်းသည် အသိဉာဏ် ကင်းမဲ့ရာ ရောက်ပြီး သူသည် မြန်မာနိုင်ငံတွင်းသို့ လာလိုက် ပြန်လိုက် ၅ နှစ်ကြာ အချိန်ကုန်ခဲ့သော် လည်း မည်မျှအထိ လက်တွေ့နိုင်ငံရေးနှင့် ကင်းကွာနေကြောင်း အိမ်စာမလုပ်ကြောင်း ပြသနေခြင်း ဖြစ်သည်။
ဦးသန့်
၁၉၆၀ ခုနှစ်များနှင့် ၇၀ ခုနှစ်များက မြန်မာနိုင်ငံသည် ကုလသမဂ္ဂ ထိပ်တန်းသံတမန် တဦးကို မွေးထုတ်ပေးခဲ့သည် ဟူသော အချက်သည် ကုလသမဂ္ဂနှင့် မြန်မာ ယခုရင်ဆိုင်နေရသော ခက်ခဲသော ဆက်ဆံရေးကို သရော်လှောင်ပြောင်နေသကဲ့သို့ ဖြစ်နေသည်။ ထိုစဉ်က ဦးသန့်သည် ဥရောပသား မဟုတ်သော ပထမဆုံး အတွင်းရေးမှူးချုပ် ဖြစ်သည်။ သူသည် ကျူးဘားဒုံးကျည် အကျပ်အတည်းနှင့် ကွန်ဂိုပြည်တွင်းစစ် အပါအဝင် နိုင်ငံတကာ အကျပ်အတည်း အများအပြားကို ကူညီဖြေရှင်းပေးခဲ့ သည်။
မြန်မာနိုင်ငံသည် ထိခိုက်လွယ်သော နိုင်ငံရေး အကူးအပြောင်းကို ဖြတ်သန်းနေရချိန် ဖြစ်သည်။ သို့သော် စွမ်းဆောင်ရည် ရှိပြီး မြန်မာပြည်သူ လူမျိုးစုများနှင့် ပတ်သက်၍ ဗဟုသုတ ပြည့်စုံကာ မြန်မာအခြေစိုက် ကုလ အဖွဲ့အစည်းရုံးများကို ဦးဆောင်၍ ပြုလွယ် ပြောင်းလွယ် ဆောင်ရွက်နိုင်သူ တဦးအား ခန့်အပ်ခြင်း မရှိသေးပေ။
မြန်မာနိုင်ငံသည် နိုင်ငံရေး ပြဿနာများနှင့် အကျပ်အတည်းများကို သာမက ကုလသမဂ္ဂ၏မအောင် မမြင် ဖြစ်နေသည့် လူသားချင်း စာနာမှု အကျပ်အတည်းများကိုလည်း ရင်ဆိုင်နေရသည်။ ယနေ့ မြန်မာပြည်သူ အများအပြားက ကုလသမဂ္ဂသည် ကင်းကွာနေပြီး နိုင်ငံ၏ လက်ရှိ ပြဿနာများကို ဖြေရှင်းရန် စွမ်းရည်မရှိသလောက် ဖြစ်နေသည်ဟု မြင်ကြသည်။
အိုဘားမား အစိုးရ၏ မူဝါဒရေးရာ အောင်မြင်မှု ဖြစ်သော အာရှနှင့် မြန်မာကို လက်ရှိ အမေရိကန် သမ္မတ ထရမ့်အစိုးရက အာရုံစိုက်မှု ကင်းမဲ့ နေချိန်တွင် ကုလသမဂ္ဂ အနေဖြင့် မြန်မာ့ နိုင်ငံရေးနှင့် မြန်မာလူမျိုးတို့ စိတ်အခံကို လေ့လာပြီး မိမိကိုယ်မိမိ ပြန်လည် စစ်ဆေးကာ မြန်မာနိုင်ငံကို အမြင်သစ် ခွန်အားသစ်ဖြင့် ရှုမြင် လုပ်ဆောင်သွားရန် လိုနေပြီ ဖြစ်သည်။
မြန်မာနိုင်ငံသည် အလားအလာ ကောင်းများကို သာမက စိန်ခေါ်မှုများနှင့်ပါ ရင်ဆိုင်နေရသည့် အနေ အထားတွင် ကုလသမဂ္ဂက ပိုမိုကျယ်ပြန့်သော မြန်မာ့ရေးရာ မူဝါဒဖြင့် ထိတွေ့ဆက်ဆံရန် လိုအပ်နေ သည်မှာ မေးခွန်းထုတ်ရန်ပင် မလိုပေ။
စီးပွားရေး၊ လူမှုရေး၊ ယဉ်ကျေးမှု၊ လူ့အခွင့်အရေး စံနှုန်းများ သာမက ကျန်းမာရေး စောင့်ရှောက်မှု၊ ပညာရေး၊ နိုင်ငံရေး ရပိုင်ခွင့်များ ရရှိရေး အပါအဝင် ကုလသမဂ္ဂ အနေဖြင့် မြန်မာနိုင်ငံကို ကူညီနိုင် သည့် နယ်ပယ်ကဏ္ဍ အမျာအပြား ရှိသည်။ ထို့အပြင် ကုလသမဂ္ဂသည် ရာသီဥတု ပြောင်းလဲမှု၊ ငြိမ်းချမ်းရေး တည်ဆောက်ခြင်းနှင့် ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှုများတွင်လည်း အကူအညီပေးနိုင်သည်။
ဝါရင့်ညှိနှိုင်းရေးမှူး တဦး လိုအပ်
ကုလသမဂ္ဂသည် မြန်မာနိုင်ငံ အတွက် မြန်မာနိုင်ငံနှင့် လူမျိုးများ အကြောင်း ကျယ်ကျယ်ပြန့်ပြန့် သိမြင်ပြီး သြဇာကြီး သော မြန်မာ့တပ်မတော်၊ လူမျိုးစု ခေါင်းဆောင်များ၊ အစိုးရ အရာရှိများ နှင့် ဒေါ်အောင်ဆန်းစုကြည် တို့အပြင် ကွဲပြား ရှုပ်ထွေးသော မြေပြင် အခြေအနေတို့ကို ပေါင်းစည်း ဆက်ဆံကိုင်တွယ်ရာတွင် အတွေ့အကြုံရင့် ညှိုနှိုင်းရေးမှူး တဦးသာ ရှာဖွေ ခန့်အပ်နိုင်ပါက မြန်မာနိုင်ငံသည် ကုလသမဂ္ဂ အတွက် အောင်မြင်သော ဖော်ဆောင်မှု ဖြစ်လာနိုင်သည်။
ယခုအချိန်သည် ကုလသမဂ္ဂအတွက် အခြေအနေ အရပ်ရပ်ကို ပိုမိုကောင်းမွန်အောင် လုပ်ရမည့် ကာလ ဖြစ်ပေသည်။
(ဧရာဝတီ အင်္ဂလိပ်ပိုင်းတွင် ဖော်ပြထားသည့် The Failed UN Mission in Myanmar ကို ဘာသာပြန်သည်။)