စာနယ်ဇင်းလွတ်လပ်ခွင့်သည် ဒီမိုကရေစီတည်ဆောက်ရေးတွင် အခြေခံအုတ်မြစ်ဟု ယုံကြည်သည်နှင့်အမျှ လွန်ခဲ့သော ၂၄ နှစ်ကာလ ဧရာဝတီကို စတင်တည်ထောင်စဉ်ကတည်းက ဘက်လိုက်မှုနှင့် ဩဇာခံမှုတို့မှ ကင်းလွတ်သော လွတ်လပ်သည့်သတင်းဌာနတခုအဖြစ် ဖွံ့ဖြိုးလာစေခြင်း၊ စာနယ်ဇင်းလွတ်လပ်ခွင့်အား ထိန်းသိမ်းကာကွယ်ခြင်းတို့သည် ကျွနု်ပ်တို့၏ ရည်ရွယ်ချက်များ ဖြစ်ကြသည်။
ပြည်ပတွင် အခြေစိုက်ခဲ့ရာတွင်၎င်း၊ ပြည်တွင်းသို့ ပြန်လည်အခြေချခဲ့ရာတွင်၎င်း ဧရာဝတီ၏ သက်တမ်းတလျှောက်လုံး မြန်မာနိုင်ငံတွင် လွတ်လပ်သော စတုထ္တမဏ္ဍိုင် ဖြစ်ထွန်းပေါ်ပေါက်လာနိုင်ရေး အကျိုးဆောင်ရာတွင် ရှေ့တန်းမှ ပါဝင်ခဲ့သည်။
လွတ်လပ်သည့် သတင်းမီဒီယာတခုအနေဖြင့် စစ်အစိုးရလက်ထက်မှသည် ဦးသိန်းစိန်၏ အရပ်သားတပိုင်း အစိုးရအလယ် ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရအဆုံး ဧရာဝတီသည် အစိုးရအဆက်ဆက်အား အစဉ်အဆက် စိန်ခေါ်ခဲ့ပါသည်။ ထိုသို့ ဩဇာအာဏာပိုင်များအား စောင့်ကြပ်ကြည့်ရှု ဝေဖန်သုံးသပ်ခြင်းအလုပ်ကို အရင်ကတည်းက လုပ်ဆောင်ခဲ့သလို နောက်နောင်လည်း ဆက်လက်လုပ်ဆောင်သွားမည် ဖြစ်သည်။
သို့သော် ယနေ့ မြန်မာနိုင်ငံသည် စာနယ်ဇင်း လွတ်လပ်ခွင့် ရနေပြီဟု အတွေးမမှားစေလိုပါ။ စာနယ်ဇင်း လွတ်လပ်ခွင့်ရနေပြီဟု ပြောဆိုသူ မှန်သမျှသည် အမှန်တရားကို ရှာဖွေဖော်ထုတ်ရေးသားရန် စိတ်ပိုင်းဖြတ်ထားကြခြင်းကြောင့် ဖမ်းဆီးချုပ်နှောင်ခံနေရသော ဧရာဝတီသတင်းထောက် လဝီဝမ်အပါအဝင် သတင်းစာဆရာ ၄ ဦးကို အကြီးအကျယ် မထီမဲ့မြင်ပြုခြင်း ဖြစ်သည်။
အမျိုးသားရင်ကြားစေ့ရေးနှင့် ဒီမိုကရေစီစနစ်ကို တည်ဆောက်မည်ဆိုလျှင် အမှန်တရားကို ရင်ဆိုင်ရဲသော သတ္တိရှိရမည်။ မှားယွင်းသည်များကို ပြန်လည်ပြင်ဆင်လိုသည့်ဆန္ဒအား အများပြည်သူကြား ရှင်းရှင်းလင်းလင်း သိစေအပ်သည်။ ယင်းအလုပ်သည်ပင် သတင်းစာနယ်ဇင်းသမားတို့၏ အလုပ်ဖြစ်သည်။
မိမိတို့ အလုပ်ကို မိမိတို့ လုပ်ကိုင်နေရင်း ဖမ်းဆီးချုပ်နှောင်ခံရသော သတင်းစာနယ်ဇင်းသမားများနှင့်အတူတကွ ကျွနု်ပ်တို့ ရပ်တည်ကြောင်းနှင့် ၎င်းတို့ လွတ်မြောက်ရေးအတွက် သက်ဆိုင်သူ အာဏာပိုင်အသိုင်းအဝိုင်းအား တောင်းဆိုပါသည်။
စာနယ်ဇင်းအလုပ်သည် ရာဇဝတ်မှု မဟုတ်ပါ။ ပွင့်လင်းမြင်သာမှုရှိရေးနှင့် တာဝန်ယူမှုရှိရေးအတွက် မရှိမဖြစ် လိုအပ်သော အလုပ်သာ ဖြစ်ပေတော့သည်။