ရခိုင်ပြည်နယ်တွင်ဖြစ်ပွားနေသော အကြမ်းဖက်တိုက်ခိုက်မှုများနှင့်ပတ်သက်၍ မြန်မာနိုင်ငံတွင် နေထိုင်သော တိုင်းရင်းသားတို့၏ အသံနှင့်ရပ်တည်ချက် လိုအပ်နေပြီဖြစ်သည်။ ရခိုင်တိုင်းရင်းသားများ အပါအဝင် ရခိုင်ပြည်အတွင်း နေထိုင်နေရသော လူမျိုးစုငယ်များ အပေါ်၌ တခြားသော ကချင်၊ ကရင်၊ ရှမ်း၊ မွန်၊ ချင်း စသည့် ဌာနေတိုင်းရင်းသားလူမျိုးစုများက မည်သို့ ရပ်တည်ကြောင်း ပြည်တွင်းပြည်ပ မီဒီယာများအား ပြောဆိုရမည့် အချိန်လည်းဖြစ်ပေသည်။
တိုင်းရင်းသားပေါင်းစုံ၏ စည်းလုံးညီညွတ်ရေးကို ယခုကဲ့သို့ ရခိုင်တိုင်းရင်းသားများနှင့် ရခိုင်ပြည်တွင်းမှ အခြားလူမျိုးစုငယ်များ အကြမ်းဖက်တိုက်ခိုက်ခံနေရချိန်တွင် ပြသရမည်ဖြစ်သည်။
မြန်မာပြည်တွင်းရှိ တိုင်းရင်းသားအဖွဲ့အစည်းများ၊ CSO များ၊ လက်နက်ကိုင်အဖွဲ့ အစည်းများ အနေဖြင့် ရခိုင်အရေးကို မိမိတို့ အချိန်မရွေး ရင်ဆိုင်ရနိုင်သည့် အမျိုးသားရေးပြဿနာအဖြစ် ထုတ်ဖော်ပြောဆိုဖို့လိုပြီဖြစ်သည်။
ယနေ့ အမေရိကန်နှင့်ဥရောပနိုင်ငံများ ရင်ဆိုင်ကြုံတွေ့နေရသည့် အခြေအနေကို ကြည့်ခြင်းအားဖြင့် ဤကဲ့သို့သော ပြဿနာများ မိမိတို့ထံ အချိန်မရွေးကူးစက်လာနိုင်သည်ကို သိမြင်ရန်လိုအပ်ပေသည်။
အချို့သော နိုင်ငံတကာမီဒီယာများနှင့် အဖွဲ့အစည်းအချို့၏ မှားယွင်းစွာ ပုံဖော်ရေးသားပြောဆို နေခြင်းများကိုလည်း တုံ့ပြန်ဖို့လိုပေလိမ့်မည်။
ARSA အကြမ်းဖက်အဖွဲ့၏ အကြမ်းဖက်လုပ်ရပ်များ နောက်ကွယ်တွင် နယ်မြေသိမ်းယူရေးအထိ ပါဝင်နေသည်ကို အစိုးရက အတည်ပြု သတင်းထုတ်ပြန်ပြီးဖြစ်သည်။ ၁၉၄၈ ခုနှစ် လွတ်လပ်ရေး ရခါစ ကာလများတွင် ထိုကဲ့သို့သော မူဂျာဟစ် လက်နက်ကိုင်လှုပ်ရှားမှုများ မေယုနယ်တဝိုက်တွင် ဖြစ်ပွားခဲ့ဖူးသည်။ ထိုလက်နက်ကိုင်အဖွဲ့များသည် ထိုစဉ်က အရှေ့ ပါကစ္စတန် ယခု ဘင်္ဂလားဒေ့ရှ်နိုင်ငံကို သစ္စာခံပူးပေါင်းရေးနှင့် မေယုဒေသကို သီခြားခွဲထွက်နယ်မြေအဖြစ် သတ်မှတ်ပေးရန် လက်နက်ကိုင်စွဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
ထိုလက်နက်ကိုင်တိုက်ခိုက်မှုကို တပ်မတော်က ၁၉၆၀ခုနှစ် အစောပိုင်းတွင် အပြီးသတ်နှိမ်နင်းနိုင်ခဲ့ သည်။ သို့သော် ရိုဟင်ဂျာဟု မိမိကိုယ်ကို အမည်တပ်ထားသော လှုပ်ရှားမှုများက ပျောက်မသွားခဲ့ပါ။ တကယ်တော့ ရိုဟင်ဂျာဆိုသော နာမည်သည် လွန်ခဲ့သော နှစ်ပေါင်း ၄၀- ၅၀ ခန့်ကမှ စတင်သုံးစွဲခဲ့သော အမည်တခုဖြစ်ပြီး မြန်မာပြည်၏ တိုင်းရင်းသား စာရင်းထဲတွင် မရှိခဲ့ပါဟု သမိုင်းသုတေသီများရော အစိုးရအဆက်ဆက်ကပါ တရားဝင်ပြောခဲ့ပြီးဖြစ်သည်။
ထို့ကြောင့် တိုင်းရင်းသားများစွာ ပါဝင်နေထိုင်သည့် ပြည်ထောင်စု မြန်မာနိုင်ငံတွင် “ရိုဟင်ဂျာ” သည် တိုင်းရင်းသား မဟုတ် သည့်အတွက် ဌာနေတိုင်းရင်းသားတို့၏ ရပ်တည်ချက်၊ အမြင်နှင့် အစွဲကင်းသော နိုင်ငံရေး၊ လူမျိုးရေး ရပ်တည်ချက်များ သဘောထားများ လိုအပ်ပါသည်။
ထိုတိုင်းရင်းသားများထဲတွင် လက်နက်စွဲကိုင်ကာ ဖက်ဒရယ် ပြည်ထောင်စုအရေး၊ ငြိမ်းချမ်းရေးနှင့် တန်းတူအခွင့်အရေးကို တိုက်နေသော လက်နက်ကိုင်တိုင်းရင်းသားများလည်း ပါဝင်သည်။
ထိုလက်နက်ကိုင်အဖွဲ့များ၏ ရခိုင်ပြည်က အကြမ်းဖက် တိုက်ခိုက်မှုများ အပေါ် ဘယ်လိုရပ်တည် သလဲ ဆိုသည်ကို တိုင်းရင်းသား ပြည်သူပြည်သားများ (ရခိုင်တိုင်းရင်း သားများအပါအဝင်) သိချင်နေကြသည်မှာ မလွဲပါ။ ထိုကြောင့် ယင်းအဖွဲ့များ၏ ထုတ်ပြန်ချက်ကို အရေးတကြီး လိုအပ်နေ ကြောင်း ထင်မြင်သည်။
အရေးကြီးလျှင် သွေးစည်းရမည် သွေးနီးရမည်ဟူသော စကားရှိသည့်အတိုင်း အပြစ်မဲ့ပြည်သူ ပြည်သား များ ရခိုင်ပြည်တွင် အကြမ်းဖက် တိုက်ခိုက်ခံနေရခြင်း၊ နိုင်ငံတကာမီဒီယာအချို့နှင့် အဖွဲ့အစည်းအချို့က ပုံဖျက်တင်ပြနေမှုကို တုံ့ပြန်ဖို့အတွက် ဌာနေတိုင်းရင်းသားခေါင်းဆောင်များ၊ လူမှုအဖွဲ့အစည်းများ၏ ရပ်တည်ချက်များ လိုနေသည်ဟု ယုံကြည်မိပါသည်။