ထိုနေ့သည် မြန်မာနိုင်ငံအတွက် “Black Friday” ဖြစ်သည်ဟု မြန်မာအမျိုးသား လုံခြုံရေး အကြံပေး ဦးသောင်းထွန်းက ဩဂုတ်လ ၂၅ ရက်နေ့တွင် ရခိုင်ပြည်နယ် မြောက်ပိုင်းရှိ ရဲစခန်း ၃၀ နှင့် တပ်မတော် စခန်း ၁ ခုတို့ တိုက်ခိုက်ခံရခြင်း နှင့် ပတ်သက်သည့် သတင်းစာ ရှင်းလင်းပွဲတခုတွင် ရည်ညွှန်းပြောခဲ့သည်။
ထို့ကြောင့် မြန်မာနိုင်ငံ၏ “ဒုတိယမြောက် Black Friday” ကို မည်သို့ တားဆီးမည်နည်း ဟု မေးစရာ ရှိလာသည်။
တည်ငြိမ်မှု ကင်းမဲ့နေသည့် ရခိုင်ပြည်နယ် အတွက် အစွန်းရောက်များကို ရင်ဆိုင်ပြီး နိုင်ငံသားများအား အာမခံချက် ပေးနိုင်ရန် အချိန်၊ စိတ်ရှည်မှုနှင့် တည်ကြည်သော တုံ့ပြန်မှုများ လိုအပ်သည်။
ပထမဆုံး အချက်အနေဖြင့် အစိုးရသည် ပုံမှန် အခြေအနေ ရောက်အောင် ပြန်လည် ထိန်းသိမ်းရမည် ဖြစ်ပြီး လိုအပ်နေသူ များကို အကူအညီ၊ အထောက်အပံ့များ ပေးရမည်။ လုံခြုံရေး အတွက် တပ် လိုအပ်သော်လည်း ရေရှည်တွင်မူ နိုင်ငံရေး အရ ဖြေရှင်းရေးသာ လိုသည်။

မည်သည့် အနှောင့်အယှက် အခက်အခဲမျိုး ရှိနေစေကာမူ အစိုးရနှင့် တပ်မတော်တို့သည် ရခိုင်ပြည်နယ် အတွက် ရှင်းလင်းသော သေနင်္ဂဗျူဟာ တရပ် ချမှတ်နိုင်ရန် ညှိုနှိုင်း ဆောင်ရွက်ရမည်။ ညှိုနှိုင်းဆောင်ရွက်နေသည် ဟု သတင်းစာ ရှင်းလင်းပွဲများတွင် ပြောဆိုမှုများ ရှိသည်။
ကိုဖီအာနန် ဦးဆောင်သော ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင် အစီရင်ခံစာ၏ အရေးပါမှုကို တစိတ်တပိုင်းအားဖြင့် အသိအမှတ်ပြုထားပြီး ဖြစ်သည်။ ထိုအစီရင်ခံစာကို လက်ခံရယူချိန်တွင် အကြံပြုချက်များကို အကောင်အထည် ဖော်မည် ဟု ဒေါ်အောင်ဆန်းစုကြည် က မဆိုင်းမတွ ပြောသော်လည်း တပ်မတော် ခေါင်းဆောင်များက ၎င်းတို့ မလိုလား လက်မခံသော အချက်များကို ပြသခဲ့သည်။
သို့ဆိုလျှင် ရှေ့ဆက်နိုင်ရေး အတွက် နှစ်ဦးနှစ်ဖက် ဘုံ သဘောတူညီချက် ရှာပြီး လက်တွေ့ကျကျ ကြေအေးကြရန် လိုအပ်သည်။ မိမိတို့ အနေဖြင့် အကြမ်းဖက် တိုက်ခိုက်မှု ထပ်မံဖြစ်ပွားသည်ကို လက်မခံနိုင်သလို မွတ်စလင် အစွန်း ရောက်များ ခြေကုပ်ရသွားခြင်းကိုလည်း ခွင့်မပြုနိုင်ပါ။
ကော်မရှင် အကြံပြုချက်များကို အကောင်အထည်ဖော်ရန် တုံ့ဆိုင်းနေခြင်း အတွက် တပ်မတော် ခေါင်းဆောင်များဘက်က အပြည့်အဝ လက်မခံနိုင်ပါ။
မြန်မာနိုင်ငံတွင် အခြေအနေအရပ်ရပ်ကို မည်သူက ထိန်းချုပ်ထားသည်ကို မိမိတို့ အားလုံး သိကြသည်မှာ သေချာသည်။ တပ်မတော်သည် နိုင်ငံတွင် အရေးအပါဆုံး မဏ္ဍိုင် အဖွဲ့အစည်း ဖြစ်ပြီး နိုင်ငံရေးတွင်လည်း နက်ရှိုင်းစွာ ပါဝင်နေသည်။ ရွေးကောက်ခံ အရပ်သား ခေါင်းဆောင်များ၏ အသံကို နားထောင်ရန် လိုသလို တပ်မတော် ခေါင်းဆောင်များ၏ အသံကို လည်း နားထောင်ရန် လိုသည်။
အကြမ်းဖက်မှုကို ဘယ်လိုတိုက်ဖျက်မလဲ
ပထမဆုံး အချက်မှာ အစိုးရနှင့် တပ်မတော်တို့သည် အကြမ်းဖက်သမားများ၏ ထောင်ချောက်အတွင်း မသက်ဆင်းရန် လိုသည်။ အကြမ်းဖက်သမားများသည် ယခုတိုက်ခိုက်မှုကြောင့် ပြင်းထန်သော စစ်ရေး အရေးယူမှု ဖြစ်ပြီး နိုင်ငံရေးအရ ဆိုးကျိုး ဖြစ်စေချင်နေကြကြောင်း ဘရပ်ဆဲလ် အခြေစိုက် နိုင်ငံတကာ ပဋိပက္ခလေ့လာရေး အဖွဲ့ (ICG) က သတိပေးထား သည်။
ယခု တိုက်ခိုက်မှု မတိုင်ခင်ကပင် ရခိုင်မြောက်ပိုင်းတွင် တပ်များ တိုးချဲ့ချထားသော တပ်မတော်သည် ကျယ်ပြန့်လှသော နယ်မြေတခုလုံးကို လုံခြုံရန် လုပ်မပေးနိုင်ကြောင်း ထင်ရှားနေသည်။ တပ်မတော်သည် တရုတ် နယ်စပ်တွင် လှုပ်ရှားခဲ့ပြီး မကြာသေးခင်က ရခိုင်ပြည်နယ်နှင့် ထိစပ်နေသည့် ချင်းပြည်နယ် ပလက်ဝသို့ ရောက်လာသော ရက္ခိုင့် တပ်မတော် (AA) ကို ကိုင်တွယ်ရန် အတွက်လည်း တပ်များ ကွပ်ကဲ ဖြန့်ချ စီမံထားခြင်းလည်း ဖြစ်နိုင်သည်။
ထို့ကြောင့် တိုက်ခိုက်မှုများ ဖြစ်ပွားသောအခါ တပ်များ ပြန့်ကျဲနေပြီး အမျိုးသမီးများ၊ ကလေးများပါသော လူအုပ်ကြီးများက အင်အား သာလွန်နေကာ ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်ရန်လည်း ညွှန်ကြား ခံထားရသောကြောင့် ခြေကုပ် မယူနိုင်ဖြစ် ရသည်။
စစ်ဆင်ရေး တိုးမြှင့်ခြင်းသည် လူ့အခွင့်အရေး ချိုးဖောက်မှုနှင့် အင်အားအလွန်အကျွံ သုံးမှု စွပ်စွဲချက်များနှင့် ဆက်စပ်လေ့ ရှိသောကြောင့် တပ်မတော် ခေါင်းဆောင်များသည် ဖြစ်ပေါ်လာနိုင်သော နိုင်ငံတကာ ပြစ်တင်ရှုတ်ချမှုများကိုလည်း ကောင်းစွာ သိသည်။
၂၀၁၆ ခုနှစ် အောက်တိုဘာ ၉ ရက် တိုက်ခိုက်မှုအပြီးတွင် တပ်မတော်သည် ရိုဟင်ဂျာများကို လူ့အခွင့်အရေး အပြင်း အထန် ချိုးဖောက်သည်ဟု စွပ်စွဲခံရသည်။ ထိုမှစပြီး ကုလသမဂ္ဂ အချက်အလက် ရှာဖွေရေးအဖွဲ့ကို ထိုဒေသသို့ ဝင်ခွင့် ပေးရန် မြန်မာအစိုးရသည် အကြိမ်ကြိမ် တောင်းဆိုခံရပြီး ယခုတိုင် ဝင်ရောက်ခွင့်ကို ငြင်းပယ်နေဆဲ ဖြစ်သည်။
သတင်းစာ ရှင်းလင်းပွဲတွင် အမျိုးသားလုံခြုံရေး အကြံပေး ဦးသောာင်းထွန်း က အစိုးရသည် အပြစ်မဲ့ အရပ်သားများ မထိခိုက်စေရန် အစွမ်းကုန် ထိန်းသိမ်း လုပ်ဆောင်မည်ဟု ပြောသည်။
တချိန်တည်းတွင် ရခိုင်နိုင်ငံရေး သမားများနှင့် ယခင် အာဏာရပါတီမှ နိုင်ငံရေးသမားများ အပါအဝင် အတိုက်အခံ နိုင်ငံရေး ပါတီများသည် ရခိုင်ပြည်နယ်တွင် အရေးပေါ် အခြေအနေ ကြေညာရန် ဖိအားပေးနေသည်။ ထိုသို့လုပ်ခြင်းသည် တင်းမာမှု ပိုမိုမြင့်မားစေပြီး ရေရှည်အတွက် အဖြေမထွက်ပါ။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အပါအဝင် တပ်မတော် ခေါင်းဆောင်များက ထို ဝန်ထုတ်ဝန်ပိုးကို ထမ်းလို၊ မလိုလည်း မေးခွန်းထုတ်စရာ ဖြစ်နေသည်။
ပြည်တွင်းပြည်ပ မီဒီယာများက ထိုပြဿနာကို သတင်းရယူနေပြီး ကုလသမဂ္ဂနှင့် နိုင်ငံတကာ အသိုင်းအဝန်း ကလည်း အာရုံစိုက်နေသည်။
ထိုပြဿနာကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီတွင် မကြာသေးခင်က တင်ခဲ့သောကြောင့် ထိုသို့သော အခြေနေသည် လက်တွေ့တွင် တိုက်ခိုက်မှုများ၏ အကြောင်းရင်းကို ရှာဖွေပြီး မြေပြင် အခြေအနေကို ရှင်းလင်းတင်ပြရန် အခွင့်အရေး ဖြစ်သည်။ လိုအပ်ပါက အကြမ်းဖက်မှု တိုက်ဖျက်ရေးတွင် မြန်မာနိုင်ငံကို ကူညီရန် သံရုံးများ၊ အဖွဲ့အစည်းများက အသင့် ရှိနေကြသည်။

အစိုးရနှင့် တပ်မတော်တို့သည် တချို့သော မီဒီယာများ၏ တဖက်သတ် သတင်းဖော်ပြမှုများကို စိတ်လှုပ်ရှားးမှုမပါဘဲ တုံ့ပြန်ရန်နှင့် တချို့သော ဖိအားပေးမှုများ၊ တဖက်သတ် စွပ်စွဲချက်များကို ရင်ဆိုင်ရန် လိုအပ်သည်။ သို့ရာတွင် ၎င်းတို့သည် နိုင်ငံတကာ အစိုးရ မဟုတ်သော အဖွဲ့အစည်းများ (INGOs) နှင့် ပြည်တွင်း အစိုးရ မဟုတ်သော အဖွဲ့အစည်းများ (NGOs) သည် အကြမ်းဖက်သမားများကို ကူညီနေသည်ဟု အလျင်စလို မစွပ်စွဲသင့်ပေ။
ထိုသို့လုပ်ခြင်းသည် အစိုးရအတွက် အကျိုးနည်းစေပြီး ချီးကျူး ဂုဏ်ပြုခံနေရသော ပြုပြင်ပြောင်းလဲရေးကို ချေဖျက်ရာ ရောက်သည်။ ရခိုင်ပြည်နယ်၏ ဝေဒနာကို အမှန်တကယ် ကုစားရန် အတွက် မြန်မာနိုင်ငံသည် နိုင်ငံတကာ ချစ်ကြည် ရင်းနှီးမှုနှင့် ကူညီစောင်မမှုများ လိုအပ်သည်။
ထို့ကြောင့်ပင် မကြာမီ အနာဂတ်တွင် မြန်မာနိုင်ငံသည် မီဒီယာများကို ပဋိပက္ခ ဖြစ်ပွားနေသော ရခိုင်ပြည်နယ်သို့ အကာအကွယ်ဖြင့် သတင်းယူခွင့် ပြုပြီး အကူအညီနှင့် ပြည်ပ အထောက်အပံ့များကို ခွင့်ပြုသင့်သည်။ နိုင်ငံတကာ မီဒီယာသည် လတ်တလောတွင် အချိန်တိုင်းပြောင်းလဲနေသော သတင်းများကို မရနိုင်လောက်အောင် မြေပြင် အခြေအနေ နှင့် လွန်စွာ ကင်းကွာနေသည်။
အစိုးရက အကြမ်းဖက်သမားဟု သတ်မှတ်သူများကို ခြေရာခံလိုက်ရန် အတွက် မြန်မာနိုင်ငံသည် အဆင့်မြင့်သော သင်တန်းများနှင့် ဒေသတွင်းနှင့် နိုင်ငံတကာ အထောက်အပံ့နှင့် ညှိနှိုင်းတိုင်ပင်မှုများလည်း လိုအပ်နေသည်။ ထိုပဋိပက္ခ၏ လတ်တလောနှင့် မူလ အကြောင်းရင်းခံများကို အာဏာပိုင်များသည် နှစ်အတန်ကြာမျှ လေ့လာနေသော်လည်း ပိုမို အားထုတ်ရန် များစွာ လိုအပ်နေသေးသည်။
နိုင်ငံတကာ အဆက်အသွယ်ရှိသည် ဟု သံသယရှိရသော အကြမ်းဖက်သမားများကို ရင်ဆိုင်ရန် တပ်မတော်ကို စေလွှတ်ခြင်းသည် ရေရှည်တွင် အလုပ်ဖြစ်မည် မဟုတ်ပေ။ မြန်မာနိုင်ငံသည် အမျိုးသား လုံခြုံရေးဌာနများနှင့် သတင်း အချက်အလက် ထောက်လှမ်းရေး တပ်ဖွဲ့များကို အကြမ်းဖက်ဝါဒ တိုက်ဖျက်ရေး သင်တန်းများပေးပြီး ပိုမို ကောင်းမွန်ရေး လုပ်ရန် လိုအပ်နေသည်။
ရခိုင်ပြည်နယ် အထူးလုပ်ငန်းအဖွဲ့နှင့် အကြမ်းဖက်မှု တိုက်ဖျက်ရေး သေနင်္ဂဗျူဟာကို လွှတ်တော်တွင် စတင်ဆွေးနွေးခြင်း ဖြင့် ဆောင်ရွက်ရန် လိုသည်။ သို့သော် အစိုးရ၊ တပ်မတော်၊ တရားဥပဒေစိုးမိုးရေး အဖွဲ့အစည်းများနှင့် ထောက်လှမ်းရေး အဖွဲ့အစည်းများသည် အကြမ်းဖက်မှု တားဆီးတိုက်ဖျက်ရေး အတွက် ညှိနှိုင်းဆောင်ရွက်ရန် လိုသည်။
ထိုသို့ လုပ်ဆောင် ရာတွင် အကြမ်းဖက်သူများကို ငွေကြေးထောက်ပံ့ခြင်းကို တိုက်ဖျက်ရေး အတွက် စီးပွားရေးနှင့် ဘဏ္ဍာရေး ကဏ္ဍလည်း ပါဝင်ရမည်။ ထိုသို့သော အခြေအနေတွင် တရားဥပဒေစိုးမိုးမှုနှင့် လူ့အခွင့်အရေး လေးစား လိုက်နာခြင်း နှစ်ခုလုံးသည် အရေးပါသည်။
ထို့ကြောင့် မြန်မာနိုင်ငံသည် အကူအညီတောင်းခံရန်နှင့် အိမ်နီးချင်းများ အထူးသဖြင့် အိန္ဒိယ၊ တရုတ်၊ အင်ဒိုနီးရှား နှင့် ထိုင်းနိုင်ငံများမှ သင်ခန်းစာ ယူရန်လည်း လိုသည်။
ဥပမာဆိုရပါက အင်ဒိုနီးရှားနိုင်ငံသည် ထိုသို့သော အခြေအနေတွင် လွန်စွာ ခရီးပေါက်ခဲ့သော နိုင်ငံဖြစ်သည်။ အကြမ်း ဖက်ဝါဒ တိုက်ဖျက်ရေး ဆင်နွဲရန် အင်ဒိုနီးရှားရှိ ရဲများကို ဦးစားပေး တာဝန်ပေးခန့်အပ်ခြင်းနှင့် သင်တန်းများ ပေးသည်။ စစ်ဘက်က ထောက်လှမ်းရေး သတင်းစုဆောင်းရန်၊ ပဋိပက္ခဒေသတွင် အရပ်သားများအား အကူအညီ ပေးရန်နှင့် ဝါဒ ဖြန့်လုပ်ငန်းများတွင် ပါဝင်လုပ်ဆောင်သည်။ မြန်မာနိုင်ငံသည် အနာဂတ် အကြမ်းဖက်ဝါဒ ခြိမ်းခြောက်မှုများကို ရင်ဆိုင်ရန် အိမ်နီးချင်းများ ထံမှ များစွာ လေ့လာရန်လိုသည်။

ထို့ထက် ပိုမိုအရေးကြီးသော ကိစ္စမှာ မြန်မာနိုင်ငံသည် ရခိုင်ပြည်နယ် အတွင်းရှိ အခြားဒေသများမှ ပျော့ပြောင်းပြီး အလယ်အလတ်ကျသူများ၏ အသံ များကို အလေးထားရန် လိုသည်။ အားရစရာကောင်းသော သတင်းများမှာ ပြည်တွင်းရှိ ဗုဒ္ဓဘာသာနှင့် မွတ်စလင် ခေါင်းဆောင်များသည် ရခိုင်ပြည်နယ်တွင် အကြမ်းဖက်ခြင်းကို သဘောမတူကြောင်း၊ လက်မခံ ကြောင်း ဖော်ပြခဲ့ကြခြင်းပင် ဖြစ်သည်။ အကြမ်းဖက်မှုသည်လည်း ရခိုင်ပြည်နယ် ပြဿနာ အတွက် အဖြေ မဟုတ်ပေ။
ရခိုင်ပြဿနာသည် မြန်မာနိုင်ငံ အတွက် လက်ငင်း ရင်ဆိုင်နေရသော အန္တရာယ်တရပ် ဖြစ်သလို ရေရှည်တွင်လည်း ပြည်တွင်းကနေ ဒေသတွင်းအထိ ပျံ့နှံ့နိုင်သည့် အနေအထား ရှိနေသည်။
ရခိုင်ပြည်နယ်မှ မွတ်စလင်များ၏ ဆိုးရွားလှသော ကံကြမ္မာကို IS နှင့် တာလီဘန်တို့ ကဲ့သို့သော အစွန်းရောက် အင်အားစုများက အသုံးချမည်ကို မြန်မာအစိုးရနှင့် လုံခြုံရေးဌာနများ သတိမူသင့်သည်။
ဘာသာရေးစစ်ပွဲဝါဒီ ခေါ် ဂျီဟတ် ဝါဒီများ အုပ်စုလိုက် ဝင်လာမည်မှာ အနှေးနှင့် အမြန်သာ ဖြစ်သည်ဟု ဒေသတွင်း လုံခြုံရေး သုတေသီများက ပြောသည်။ သို့သော် လက်တွေ့အန္တရာယ်မှာ ပြည်ပ အထောက်အပံ့ခံ ပြည်တွင်း အကြမ်းဖက် သမားများသာ ဖြစ်ပြီး ၎င်းတို့သည် ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် အကြမ်းဖက်မီးကို မွှေးနိုင်သူများ ဖြစ်သည်။
အထက်ပါ သတင်းစာရှင်းလင်းပွဲတွင် ပြည်ထဲရေး ဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ကျော်ဆွေက ARSA အကြမ်းဖက် အုပ်စု သည် မောင်တောနှင့် ဘူးသီးတောင်တွင် အစ္စလမ်မစ်နိုင်ငံ ထူထောင်ရန် ကြိုးစားနေသည် ဟု ပြောသည်။ သို့သော် ထိုကိစ္စမှာ အသစ်အဆန်း မဟုတ်ပေ။ မြန်မာနိုင်ငံသည် ဒေသခံ မူဂျာဟစ်ဒင် အုံကြွမှုကို ၁၉၄၀ ခုနှစ် နှောင်းပိုင်း ကာလများကပင် ကြုံတွေ့ခဲ့ရသည်။
မွတ်စလင် ခေါင်းဆောင်များက ထိုနေရာကို အရှေ့ပါကစ္စတန်ခေါ် ယခု ဘင်္ဂလားဒေ့ရှ်သို့ ပေးရန် တောင်းဆိုသော်လည်း မြန်မာနိုင်ငံက လက်မခံခဲ့ဘဲ အုံကြွမှုကို မြန်မာ့တပ်မတော်က နှိမ်နင်းလိုက်သည်။ ဒုတိယကမ္ဘာစစ် အတွင်း ဗြိတိန်နှင့် ဂျပန် နယ်ချဲ့နှစ်နိုင်ငံလုံး ကလည်း လျော့တိလျော့ရဲ ဖြစ်နေသော နယ်နမိတ်မျဉ်းရှိ ရခိုင်နှင့် မွတ်စလင်များကို အမြတ် ထုတ် အသုံးချခဲ့ကြသည်။
ကာ/လုံ အစည်းဝေးခေါ်ရန် လိုအပ်သလား
မကြာသေးခင်က ချိန်ကိုက် တိုက်ခိုက်မှုများသည် ထိုဒေသမှ ဒေသခံများ ထွက်ပြေးစေရန် ရည်ရွယ်သော စနစ်တကျ တိုက်ခိုက်မှုများ ဖြစ်သည် ဟု ဗိုလ်မှူးချုပ် ဝင်းထွန်း က အထက်ပါ သတင်းစာ ရှင်းလင်းပွဲတွင် ပြောသည်။ စစ်သွေးကြွများ သည် ပိုင်နက်နယ်မြေရရန် အဆင့် ၄ ဆင့်တက်ပြီး ဖြစ်သည်ဟု တပ်မတော် ခေါင်းဆောင်များက ပြောသည်။ ထိုအဆင့် ၄ ဆင့်မှာ ဒေသခံများကို ခြောက်လှန့် မောင်းထုတ်ခြင်း၊ အစိုးရ သတင်းပေးများကို သတ်ဖြတ်ခြင်းနှင့် လွန်ခဲ့သောနှစ် အောက်တိုဘာက လုံခြုံရေး တပ်ဖွဲ့များကို တိုက်ခိုက်ခြင်းနှင့် ယခု ထပ်မံတိုက်ခိုက်ခြင်း ဖြစ်သည် ဟု ပြောသည်။
တပ်မတော် ခေါင်းဆောင်များက စစ်တပ်က ရေးဆွဲသည့် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအရ အဖွဲ့ဝင် ၁၁ ဦးပါ အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေး ကောင်စီ (ကာ/လုံ) အစည်းအဝေးကို ခေါ်ယူ လိုသော်လည်း ထိုအစည်းအဝေး ခေါ်ရန် ဆုံးဖြတ်ချက်သည် ဒေါ်အောင်ဆန်းစုကြည် ၏ လူယုံတော် သမ္မတ ဦးထင်ကျော် အပေါ် မူတည်နေသည်။ ထိုသို့သော အစည်းအဝေးများကို တိုင်းပြည်၏ လုံခြုံရေး အခြေအနေကို တင်ပြ ခွဲခြမ်းစိတ်ဖြာ ဆွေးနွေးပြင်ဆင်ရန် အသုံးပြုနိုင်သည်။
ဒေါ်အောင်ဆန်းစုကြည် နှင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်တို့၏ ဆက်ဆံရေးသည် မကြာခဏ အဆင်မပြေ ဖြစ်နေ သောကြောင့် ထိုသို့သော ကာလုံအစည်းအဝေးများသည် နှစ်ဖက် ဆက်ဆံရေး နွေးထွေးစေနိုင်သည်ဟု အကဲခတ်သူတချို့က သုံးသပ်ကြသည်။
ထို ကာ/လုံ အစည်းအဝေး ကျင်းပဖြစ်ပါက နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သည် နိုင်ငံခြားရေး ဝန်ကြီး အဖြစ် သမ္မတ၊ ဒု သမ္မတများ၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၊ ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၊ နယ်စပ်ရေးရာနှင့် ပြည်ထဲရေး ဝန်ကြီးများနှင့် အတူ အစည်းအဝေး ထိုင်ရမည် ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည် မဟုတ်ဘဲ သမ္မတ ဦးထင်ကျော်သာ အစည်းအဝေးကို ကမကထ လုပ်ရမည်မှာလည်း သေချာသည်။ သမ္မတသည် အရေးပါသော အကဲဖြတ်၊ ဆုံးဖြတ်ချက်များ ချရမည်မှာ သေချာသည်။
အစိုးရနှင့် တပ်မတော်သည် ရခိုင်ပြည်နယ် မြောက်ပိုင်း လုံခြုံရေးနှင့် ထပ်မံ တိုက်ခိုက်မှုများ အတွက် တာဝန်ရှိသည်။
သို့သော် ထိုကိစ္စသည် မြန်မာနိုင်ငံနှင့် မြန်မာနိုင်ငံသားများ အတွက် အချုပ်အခြာ အာဏာပိုင်မှုနှင့် ဆိုင်သော ကိစ္စလည်း ဖြစ်သည်။ လက်ရှိပြဿနာ၏ အဖြေကို ရှာရမည်မှာ မြန်မာနိုင်ငံနှင့် မြန်မာပြည်သူ ပြည်သားများသာ ဖြစ်သောကြောင့် မြန်မာနိုင်ငံသည် နိုင်ငံတကာ၏ စိုးရိမ်မှုများကို ဂရုပြုသင့် သကဲ့သို့ ပြည်တွင်းမှ စိုးရိမ်ပူပန်မှုများကိုလည်း အလေးထားသင့် ပေသည်။ ။
(ဧရာဝတီ အင်္ဂလိပ်ပိုင်းတွင် သြဂုတ် ၃၁ ရက်နေ့က ဖော်ပြထားသည့် အောင်ဇော်၏ Tough Choices Ahead to Prevent ‘Black Friday,’ Achieve Stability in Rakhine ကို ဘာသာပြန်သည်။)
ဆက်စပ်ဖတ်ရှုရန်- Tough Choices Ahead to Prevent ‘Black Friday,’ Achieve Stability in Rakhine