အယ်ဒီတာ့အာဘော်

ရခိုင်အရေး ဒေါ်အောင်ဆန်းစုကြည်ကို (အများစု) အခိုင်အမာ ထောက်ခံ

Want create site? Find Free WordPress Themes and plugins.

မြန်မာနိုင်ငံမှ နိုင်ငံရေး ဘဝက ရိုလာကိုစတာ စီးရသလိုမျိုး ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အစိုးရအနေဖြင့် အာဏာ ရရှိခဲ့သည့် အချိန်မှစ၍ အနိမ့် အမြင့် အတက် အကျများ ရင်ဆိုင်ခဲ့ရသည်။ အံ့သြစရာကောင်းသည်မှာ ပြီးခဲ့သည့် ရက်သတ္တပတ်များအတွင်း ရခိုင်ပြည်နယ် အခြေအနေက နောက်ထပ် အရှိန်မြင့်တက်လာချိန်မှစ၍ သူ့အတွက် အလွန်လိုအပ်နေသော တိုင်းပြည်အတွင်းမှ ထောက်ခံမှု အများအပြားကို ဒေါ်အောင်ဆန်းစုကြည် ရရှိခဲ့ခြင်း ဖြစ်သည်။

ထိုသို့ ဖြစ်ရခြင်းမှာ တပ်မတော်က နိုင်ငံတော်နှင့် အချုပ်အချာ အာဏာကို ကာကွယ်ရမည့် ၎င်း၏ အခန်းကဏ္ဍကို ပြသသည့် အနေဖြင့် စစ်အာဏာသိမ်းမှုတခု ပြုလုပ်လာမည်ကို ပြည်သူများက စိုးရိမ်ခြင်းကြောင့်ပါလား။

စဉ်းစားစရာ ၂ ချက်ရှိသည်။

ပထမတခုမှာ တိုင်းပြည် မတည်ငြိမ်မှုများ ပိုမိုရင်ဆိုင်လာရချိန်တွင် တပ်မတော်ခေါင်းဆောင်များက နိုင်ငံခေါင်းဆောင်မှုပိုင်းသို့ ဝင်ရောက်ရန် ပြင်ဆင်ထားခဲ့သည် ဆိုသော အယူအဆ (ယနေ့ခေတ် မြန်မာနိုင်ငံတွင် အဆိုပါ အယူအဆများက ကုန်ဆုံးသွားခြင်း မရှိသေးကြောင်း ဖော်ပြနေပါသည်) တခု အချို့နိုင်ငံရေးလေ့လာစောင့်ကြည့်သူများက ပွဲထုတ်လာခဲ့သည်။ ရခိုင်ပြည်နယ် အခြေအနေက အဓိက စိုးရိမ်စရာတခုအဖြစ် ဆက်၍ ရှိနေသည်နှင့်အမျှ စစ်အာဏာသိမ်းမှုတခု မလွဲမသွေ ပေါ်ပေါက်လာမည်ကို စိုးရိမ်ကြောင်း ဝါရင့် NLD ပါတီဝင် အချို့က ထုတ်ဖော်ပြောကြားခဲ့ကြသည်။ ဖိအားများ တိုးလာသည့် အချိန်တွင် အတိုက်အခံပါတီများကလည်း တပ်မတော် ဝင်ရောက်လာရေးကို တောင်းဆိုနေကြသည်။

အချို့ကတော့ ထိုမျှထက်ပင် ပို၍တွက်ကြသည်။ တိုင်းပြည်က ၁၉၅၈ ခုနှစ်က ဇာတ်ကြောင်းနှင့် အလားတူ အခြေအနေမျိုး ကြုံတွေ့နေရသည်ဟု သူတို့က ပြောနေကြသည်။ ၁၉၅၈ ခုနှစ်တွင် ထိုစဉ်က ဝန်ကြီးချုပ် ဦးနုက တပ်မတော်ဦးဆောင်သော အိမ်စောင့်အစိုးရတခု ဖွဲ့စည်းရန် ဗိုလ်ချုပ်ကြီး နေဝင်းကို ဖိတ်ခေါ်ခဲ့ရသည်။ ထိုကဲ့သို့သော ဖြစ်ရပ်များ ထပ်၍ ဖြစ်လာပါမည်လား။

ထိုအချိန်က တိုင်းပြည်တွင် နိုင်ငံရေးတည်ငြိမ်မှု မရှိခြင်းနှင့် အာဏာရ ဖဆပလ ပါတီအတွင်း အကွဲအပြဲ မုန်တိုင်းထန်နေခြင်း တို့ကြောင့် ဦးနု အနေဖြင့် ထိုစဉ်က လက်နက်ကိုင် တပ်ဖွဲ့များ၏ ဦးစီးချုပ် ဗိုလ်ချုပ်ကြီးနေဝင်းကို အာဏာလွှဲပြောင်းပေး၍ လွတ်လပ် တရားမျှတသော ရွေးကောက်ပွဲ ကျင်းပပေးမည် ဆိုသော ကတိဖြင့် ညှိနှိုင်းရသည့် အခြေအနေသို့ ရောက်ခဲ့ရသည်။

၂၀၁၅ ခုနှစ် နိုင်ငံရေးပါတီများ ဆွေးနွေးပွဲတွင် မြင်တွေ့ရသော ဒေါ်အောင်ဆန်းစုကြည်နှင့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် (ဓာတ်ပုံ – Reuters)

မည်သို့ပင် ဖြစ်စေ သမိုင်းဝင် “ရဲဘော် သုံးကျိပ်” ဝင်တဦး ဖြစ်သော ဗိုလ်ချုပ်ကြီးနေဝင်းက နိုင်ငံတော် အာဏာကို ရယူရန် စီစဉ်နေခဲ့ပြီး ဖြစ်သည်။ ဗိုလ်ချုပ်ကြီးနေဝင်းက အိမ်စောင့်အစိုးရ၏ ဝန်ကြီးချုပ် ဖြစ်လာသော်လည်း သူကတိပေး ခဲ့သည့်အတိုင်း လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲတခုကို ၁၉၆၀ ခုနှစ်တွင် ကျင်းပပေးခဲ့ပြီး ဦးနု အနိုင်ရရှိခဲ့ သည်။ နောက် ၂ နှစ်ကြာသောအခါ ဗိုလ်ချုပ်ကြီးနေဝင်းက ပြန်အာဏာသိမ်းယူလိုက်ပြီး ဦးနုနှင့် သူ၏ အစိုးရအဖွဲ့ဝင် ဝန်ကြီးများကို ဖမ်းဆီးထောင်ချခဲ့ပါသည်။

သို့သော် ထိုဇာတ်ညွှန်းအတိုင်း ထပ်၍ ဖြစ်လာဖွယ် မရှိကြောင်း ဝေဖန်သူများက စောဒက တက်ကြ သည်။

ဒုတိယ သီအိုရီမှာ တပ်မတော်က ၂၀၀၈ ခုနှစ် အခြေခံ ဥပဒေက တာဝန်ပေးအပ်ထားသည့်အတိုင်း တိုင်းပြည်တွင် အရေးပေါ် အခြေအနေတခု ပေါ်ပေါက်ပါက တိုင်းပြည်ကို ထိန်းချုပ်မည့် အရေးပေါ် အစီအစဉ်တခု ရှိသည် ဆိုခြင်း ဖြစ်သည်။ သို့ သော်လည်း ထိုသို့ ပြုလုပ်ရန် လိုအပ်သော လုပ်ငန်းစဉ်များ ရှိနေသည်။

သမ္မတ ဦးထင်ကျော်ကသာလျှင် ကာကွယ်ရေး ဦးစီးချုပ်၊ ပြည်ထဲရေး ဝန်ကြီးတို့နှင့် ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်ပြီး နောက် အရေးပေါ်အခြေအနေကို ကြေညာနိုင်ပါသည်။ အခြေခံ ဥပဒေအရ ကြေညာချက်ကို အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ (ကာ/လုံ) သို့ တတ်နိုင်သမျှ အမြန်ဆုံး တင်သွင်း၍ အတည်ပြုချက် ရယူရမည် ဖြစ်သည်။ မှတ်သား ထားသင့်သည်မှာ ယခု အစိုးရလက်ထက်တွင် ပုံမှန် ကာ/လုံ အစည်းအဝေးများ ပြုလုပ်ခြင်း မရှိပါ။

ထိုသို့ ဖြစ်ခဲ့သည်ရှိသော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အမြင့်ဆုံး အာဏာကိုရရှိသွားမည် ဖြစ်သည်။ သို့သော်လည်း အရေးပေါ်အခြေအနေ ကာလကို ၆ လ သို့မဟုတ် ၎င်းထက်ပို၍ တိုးချဲ့လိုလျှင် ကာ/လုံ ၏ အတည်ပြုချက် ရယူရမည် ဖြစ်သည်။ ပြည်ထောင်စုလွှတ်တော် အရေးပေါ်အစည်းအဝေး တခုသို့လည်း သတင်းပို့ရန် တာဝန်ရှိပါသည်။

ထိုကဲ့သို့သော ဇာတ်ကြောင်းမျိုးက အကယ်၍ တိုင်းပြည်က အလွန်စိုးရိမ်ရသည့် အရေးပေါ် အခြေအနေတခု သို့မဟုတ် အချုပ်အခြာ အာဏာကို ထိခိုက်စေနိုင်သော ခြိမ်းခြောက်မှုတခု ရင်ဆိုင်နေရသည်ဟု ယူဆရသည့် အနေအထားမျိုးတွင် ပေါ်ပေါက်ဖွယ်ရာ ရှိပါသည်။ ထို့ကြောင့် မတည်ငြိမ်မှုများ တိုးလာခြင်းနှင့် လက်ရှိ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် လမ်းချော်နေခြင်းတို့ကို ကြည့်၍ အချို့က NLD အစိုးရကို ဝေဖန် တိုက်ခိုက်ကြသည်။ သို့သော်လည်း ဒေါ်အောင်ဆန်းစုကြည်က ပြည်သူတို့၏ ထောက်ခံမှုကို ဆက်လက်ရရှိနေဆဲ ဖြစ်သည်။

ထို့ကြောင့် စစ်အာဏာသိမ်းခြင်းက ဖြစ်လာဖွယ် မရှိပါ။ လက်ရှိ အခြေခံဥပဒေအရ တပ်မတော်က လွှတ်တော်တွင် ကိုယ်စားလှယ်နေရာ ၂၅ ရာခိုင်နှုန်း ရယူထားပြီး ကာကွယ်ရေး၊ နယ်စပ်ရေးရာနှင့် ပြည်ထဲရေး စသည့် အရေးပါသော ဝန် ကြီးဌာနများကို ထိန်းချုပ်ထားသည်။ အာဏာကို ခွဲဝေထားသည့် အစိုးရ ဖွဲ့စည်းပုံ တခု ဖြစ်ပြီး စစ်ဘက်ခေါင်းဆောင်ဟောင်း အချို့၏ အခိုင်အမာ ပြောဆိုမှုအရ မြန်မာနိုင်ငံတွင် အတိတ်က တကြိမ်ကြုံခဲ့ပြီး ဖြစ်သော စစ်ဘက် အာဏာသိမ်းယူမှုတခုကို ကာကွယ်နိုင်ပါသည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် သို့မဟုတ် ဒေါ်အောင်ဆန်းစုကြည် မည်သူက အာဏာ ပိုရှိသနည်း။

၂၀၀၈ ခုနှစ် အခြေခံ ဥပဒေအရ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယခု အစိုးရအဖွဲ့၏ ခေါင်းဆောင်ဖြစ်သည့် ဒေါ်အောင် ဆန်း စုကြည်ထက် ပို၍ အာဏာရှိပါသည်။

တပ်မတော်၏ အကြီးအကဲအနေဖြင့် သူ၏ ထိန်းချုပ်မှုအောက်တွင် တပ်ဖွဲ့များကို တိုက်ရိုက် အမိန့်ပေးခြင်း ရွှေ့ပြောင်းခြင်းများ ပြုလုပ်နိုင်ပါသည်။ ရခိုင်ပြည်နယ် ကိစ္စတွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ရဲအဖွဲ့ နှင့် စစ်စခန်းများကို မွတ်ဆလင် စစ်သွေးကြွများက ဝင်ရောက်တိုက်ခိုက်သည့် သြဂုတ်လ ၂၅ ရက်နေ့ မတိုင်မီ ရက်သတ္တပတ် အနည်းငယ်အလိုတွင် ပြည်နယ်မြောက်ပိုင်း မြို့နယ်များသို့ မြန်မာ့တပ်မတော် တပ်ဖွဲ့များကို စေလွှတ်ခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်ကို ကြိုတင် အသိပေး တိုင်ပင်ခြင်း မရှိဟု ယူဆရပါသည်။ သို့သော်လည်း အဆင့်မြင့် အစိုးရ အရာရှိကြီးများမှ တဆင့်သတင်းပို့ခဲ့သည်။ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် အနေဖြင့် တပ်မတော်အပေါ်တွင် ထိန်းချုပ်နိုင်ခြင်း သို့မဟုတ် သြဇာလွှမ်းမိုးနိုင်ခြင်း မရှိကြောင်း ထိုအချက်က ပြသနေသည်။ သို့သော်လည်း သမ္မတက ကာ/လုံ အစည်းအဝေးများကို ပုံမှန်ကျင်းပခဲ့လျှင် တပ်ဖွဲ့များစေလွှတ်သည့် ကိစ္စကို ဆွေးနွေးနိုင်ပါသည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အနေဖြင့် တပ်မတော်နှင့် နိုင်ငံအပေါ် သစ္စာစောင့်သိရမည် ဖြစ်သည်။ သူ၏ တာဝန်က နိုင်ငံ၏ အချုပ်အခြာ အာဏာကို ကာကွယ်ရန် ဖြစ်သည်။ သို့သော်လည်း သူ့တွင် သူ၏ ကိုယ်ပိုင် နိုင်ငံရေး ရည်မှန်းချက် ရှိကောင်း ရှိနေနိုင်သည်ဟု လေ့လာစောင့်ကြည့်သူ အချို့က ဆိုကြသည်။ စစ်ဘက်ခေါင်းဆောင်များက အနာဂတ်တွင် နိုင်ငံရေး ဆက်လုပ်ရန် ရည်ရွယ်သည်နှင့် အမျှ တပ်မတော်ကို နိုင်ငံရေးမှ ဖယ်ထုတ်နိုင်လိမ့်မည်ဟု သုံးသပ်ရန် မဖြစ်နိုင်ပါ။ သူတို့က ဆက်ရှိနေကြဖွယ် ရှိပါသည်။

ထို့ကြောင့် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က နောက်လာမည့် ၂၀၂၀ ရွေးကောက်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်ပြီး တိုင်းပြည်အကြီးအကဲ ဖြစ်ကောင်း ဖြစ်လာနိုင်ပါသည်။ သို့သော်လည်း အကယ်၍ သူကသာ ပြည်ထောင်စု ကြံံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) ကို ကိုယ်စားမပြုခဲ့လျှင် မည်သည့် နိုင်ငံရေး စင်မြင့်မှ တဆင့် သူဝင်မည် ဆိုခြင်းက ယခုအချိန်အထိ မသဲကွဲသေးပါ။

တပ်မတော်က ဒေါ်အောင်ဆန်းစုကြည်ကို လိုအပ်ဆဲပဲလား။

ဒေါ်အောင်ဆန်းစုကြည်နှင့် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တို့ကြားမှ ဆက်ဆံရေးက မချောမွေ့ပါ။ ထို့ကြောင့် ရခိုင်ပြည် နယ် အခြေအနေအတွက်လည်း အထောက်အကူ မဖြစ်ခဲ့ပါ။

ဗျူဟာကျကျ တွေးခေါ်မှု၊ ပူးပေါင်းလုပ်ဆောင်မှုနှင့် သိသာမြင်သာအောင် ဖော်ထုတ်ပြသနိုင်မှု မရှိခြင်းကြောင့် နိုင်ငံတကာဖိအား နှင့် မီဒီယာကို တန်ပြန်ရန် အစိုးရနှင့် တပ်မတော်တို့၏ သံတမန်ရေး ထိုးစစ်များက စိတ်ပျက်ဖွယ်ရာ ဖြစ်ခဲ့ရသည်။ သို့သော်လည်း နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်ကို ဝေဖန်ခဲ့သူများ အပါအဝင် အများစုက အကယ်၍ ဒေါ်အောင်ဆန်းစုကြည်သာ မဟုတ်ပါက တိုင်းပြည်ကို မည်သူက ကာကွယ်မည်နည်းဟု မေးခွန်းထုတ်ခဲ့ကြသည်။ အကယ်၍ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သာ တာဝန်ရှိသည့် နိုင်ငံရေးသမားတယောက် ဖြစ်ခဲ့လျှင် နိုင်ငံတကာ စင်မြင့်နှင့် ကုလသမဂ္ဂတွင် နိုင်ငံကို သူ ကာကွယ်နိုင်ပါမည်လား။

ဥပမာ အားဖြင့် အမေရိကန်က မြန်မာနိုင်ငံ အပေါ် ဖိအားပေးရန် အကြံပြုချက်နှင့် အတူ အခြေအနေကို စိတ်အား ထက်သန်စွာဖြင့် စောင့်ကြည့်နေခဲ့သည်။ ရခိုင်ပြည်နယ်တွင် တိုးတက်မှုရှိလာရေး အစိုးရနှင့်အတူ ဆက်လက် ပူးပေါင်းဆောင်ရွက်နေသည်။ သို့သော်လည်း တပ်မတော်၏ ဒေသတွင်းမှ ဆောင်ရွက်မှုများနှင့် အပြုအမူများအတွက် စိုးရိမ်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့ပြီး ဖြစ်သည်။ ၂ နိုင်ငံကြားတွင် စစ်တပ်ချင်း ထိတွေ့ဆက်ဆံရေးကို တိုးချဲ့ရန် အလားအလာကလည်း ယခုအခါ ရှေ့ဆက်ရန် ခက်လာသည်။ အကယ်၍ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် အနာဂတ်တပ်မတော် ခေါင်းဆောင်များက အမေရိကန်နှင့် ဆက်ဆံရေးတွင် ပြောင်းလဲရန် လိုအပ်ကြောင်း သတိပြုမိသည်ဆိုလျှင် သူတို့အနေဖြင့် ဒေါ် အောင်ဆန်းစုကြည်၏ စောင်မကူညီမှု လိုအပ်လာလိမ့်မည် ဖြစ်သည်။

ဒီမိုကရေစီ ပုံရိပ်ဟောင်းတခု နှင့် ဝါရင့် နိုင်ငံရေးသမား ဖြစ်သော ဒေါ်အောင်ဆန်းစုကြည်တွင် ကမ္ဘာအနှံ့အပြားမှ မိတ်ဆွေများ ရှိနေသည်။ သူ့ကိုယ်စား ချစ်ကြည်ရေးသံတမန် အဖြစ် ဆောင်ရွက်ပေးမည့် (မြန်မာနိုင်ငံ၏ ရှုပ်ထွေးသော အာဏာ တည်ဆောက်ပုံကို နားလည်သော၊ အကယ်၍ ထဲထဲဝင်ဝင် မဟုတ်ခဲ့လျှင်ပင် လက်ရှိဖြစ်ပေါ်နေသော နိုင်ငံအတွင်းမှ ပဋိပက္ခများအကြောင်းကို မျှတစွာ ခွဲခြားနားလည်နိုင်သော) မိတ်ဆွေများ ရှိနေသည်။ မြန်မာ့တပ်မတော်မှ ခေါင်းဆောင်များတွင် သူတို့ကို ကျောထောက်နောက်ခံ ရပ်တည်ပေးမည့် လုံလောက်သော မဟာမိတ်များ ရှိမနေသေးပါ။

ဒေါ်အောင်ဆန်းစုကြည်က တိုင်းပြည်၏ ရှေ့တန်းတွင် ရှိနေခြင်းနှင့်အတူ သူက ပြင်းထန်သော နိုင်ငံတကာဖိအားများနှင့် အနောက်တိုင်း အစိုးရများ၏ အရေးယူပိတ်ဆို့မှု ခြိမ်းခြောက်မှုများကို တန်ပြန်ကာကွယ်ပေးရသည့် ဒိုင်းတခု သဘောမျိုး အဖြစ် အသုံးတော်ခံနေရခြင်းက ကျိုးကြောင်း ညီညွတ်မှု မရှိသလို ဖြစ်နေသည်။ တပ်မတော် ခေါင်းဆောင်များက ထိုအချက်ကို သိကြသည်။ သြဂုတ်လ တိုက်ခိုက်မှုနောက်ပိုင်း ရက်သတ္တပတ် အတွင်းတွင် တပ်မတော်၏ ပုံရိပ်နှင့် တရားဝင်ဖြစ်မှုက တိုးတက်လာခဲ့သော်လည်း လတ်တလောကာလများတွင် ပြန်လည်လျော့ကျခဲ့ရသည့် အသွင်ရှိပါသည်။

သို့သော်လည်း အစိုးရနှင့် တပ်မတော် အတွင်းစည်းနှင့် နီးကပ်သည့် သတင်းအရင်းအမြစ်များ၏ အဆိုအရ တပ်မတော်နှင့် ၎င်း၏ မိသားစုများအတွင်းတွင် ဒေါ်အောင်ဆန်းစုကြည် နိုင်ငံတကာ စင်မြင့်တွင် အပုတ်ချခံနေရရသည်ဟု မြင်နေကြပြီး ဒေါ်အောင်ဆန်းစုကြည်အပေါ် စာနာသနားမှုများ ရှိနေကြောင်း သိရသည်။ မြန်မာနိုင်ငံသားများသည် အခြားသော နိုင်ငံများ၌ကဲ့သို့ပင် နိုင်ငံချစ်စိတ်ရှိသည်ကို ဂုဏ်ယူတတ်သူများဖြစ်ကြောင်း သိထားသင့်ပါသည်။ ကုလသမဂ္ဂနှင့် အနောက်တိုင်းမီဒီယာများက ယခင်အာဏာရှင်ဟောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေကို ဝေဖန်သည့် အချိန်တွင် ပြည်တွင်း ပြည်ပက လူအများအပြားက အဆိုပါ ဝေဖန်မှုများဖက်မှ ရပ်တည်ခဲ့ကြသည်။ အဘယ်ကြောင့် ဆိုသော် အာဏာရှင် အစိုးရကို ဖယ်ရှားရန် လိုအပ်ကြောင်း သူတို့ သိကြ၍ ဖြစ်ပါသည်။ ယခုအချိန်ကတော့ ကွဲပြားခြားနားပါသည်။ ဒေါ်အောင်ဆန်းစုကြည်က ဗိုလ်ချုပ်မှူးကြီး သန်းရွှေ မဟုတ်ပါ။

တဘက်သတ် ဖြစ်သည်ဟု ယူဆထားကြသော ကုလသမဂ္ဂ၏ ဖိအားများနှင့် ရခိုင်ပြည်နယ်နှင့် ပတ်သက်သည့် နိုင်ငံတကာ သတင်းများက ဒေါ်အောင်ဆန်းစုကြည်ကို လူသိရှင်ကြား ရှုတ်ချခဲ့ခြင်းကြောင့် ဒေါ်အောင်ဆန်းစုကြည် အပေါ် ပြည်တွင်းမှ ထောက်ခံမှုက အင်အားကောင်းနေဖွယ်ရာ ဖြစ်သည်။ ပြီးခဲ့သည့် လများအတွင်းတွင် အစိုးရ၏ ဦးတည်ချက်၊ ရပ်တန့်နေသော ငြိမ်းချမ်းရေး လုပ်ငန်းစဉ်နှင့် စီးပွားရေး မူဝါဒများ အပေါ် ဝေဖန်မေးခွန်းထုတ်မှုများ ရှိနေရာမှ ယခုကဲ့သို့ ပြောင်းလဲလာခြင်း ဖြစ်သည်။

ရခိုင်ပြည်နယ်မှ တိုက်ခိုက်မှုများနှင့်အတူ အစွန်းရောက် အမျိုးသားရေးဝါဒီ ဘုန်းတော်ကြီး ဦးဝီရသူ အများပြည်သူ မြင်ကွင်းသို့ ပြန်လည် ဝင်ရောက်လာခြင်းကြောင့်လည်း မြန်မာနိုင်ငံအတွင်း တပ်လှန့်သတိပေးမှုများ ရှိလာခဲ့သည်။ မွတ်ဆလင် ဆန့်ကျင်ရေး အဓိကရုဏ်းများ ပေါ်ပေါက်လာဖွယ်ရာရှိခြင်းနှင့် တင်းမာမှုများ မြင့်တက်လာခြင်း တို့ကလည်း ယခုအခါတွင် အစိုးရကို ထောက်ခံမှုပေးရန် လိုအပ်ကြောင်း အများစုက နားလည်သိရှိလာစေသည့် အကြောင်းရင်း ဖြစ် သည်။

ကြံ့ခိုင်ရေးပါတီနှင့် ၎င်း၏ မဟာမိတ်များက မည်သို့ ရှိပါသနည်။ အနာဂတ်တွင် ထိုပါတီက အာဏာပြန်ရလာမည်ကို ပြည်သူများက အလိုမရှိဟု ပြောလျှင် ရနိုင်မည် ထင်ပါသည်။ ရခိုင်အရေးတွင် တပ်မတော်က မာမာထန်ထန် ကိုင်တွယ်ရပ်တည်ရန် ကြံ့ခိုင်ရေးပါတီက အားသွန်ခွန်စိုက် တောင်းဆိုမှုမှာ ပြည်သူတို့၏ ခိုင်ခိုင်မာမာ ဆန့်ကျင်မှုနှင့် ရင်ဆိုင်ခဲ့ရသည်။

ရခိုင်ပြည်နယ်မှ ပဋိပက္ခက နိုင်ငံနှင့် ပြည်သူများ စည်းလုံးညီညွတ်စေရန် ဖြစ်သင့်သည်ဟု အင်တာနက်သုံးစွဲသူ အများအပြားက ဆိုရှယ်မီဒီယာပေါ်တွင် ရေးသားခဲ့ကြသည်။ ဒေါ်အောင်ဆန်းစုကြည်နှင့် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တို့ကြား ဘုံသဘောတူညီချက် ရှိလာရေး အထောက်အကူလည်း ဖြစ်သင့်ပါသည်။ နိုင်ငံ၏ ခွန်အားက ပြည်တွင်းမှာသာ တည်ရှိပါသည်။ ပြည်ပတွင် မဟုတ်ပါ။

(အောင်ဇော်သည် ဧရာဝတီ သတင်းဌာနကို တည်ထောင်သူလည်းဖြစ်ပြီး အယ်ဒီတာချုပ်လည်း ဖြစ်သည်။ ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ ၎င်း၏ In the Wake of Rakhine State Crisis, Support for Suu Kyi is (Almost) Solid ကို ဘာသာပြန်ဆိုသည်)

Did you find apk for android? You can find new Free Android Games and apps.
Loading